Numbers 18
18:1 တစ်ဖန် ထာဝရဘုရားသည် အာရုန်အားမိန့်တော်မူသည်ကား၊ သင်နှင့် သင်၏သားမြေးအဆွေအမျိုးတို့သည်၊ သန့်ရှင်းရာဌာနတော်နှင့် ဆိုင်သောအပြစ်၊ သင်တို့ ယဇ်ပုရောဟိတ်အရာနှင့် ဆိုင်သောအပြစ်ကိုခံရကြမည်။
18:2 သင်၏ဘိုးဘအဆွေအမျိုး၊ လေဝိအမျိုးသား ညီအစ်ကိုချင်းတို့သည်၊ သင်နှင့်အတူကူညီ၍ အမှုတော်ကိုဆောင်ရွက်စေခြင်းငှာ ခေါ်ထားလော့။ သို့ရာတွင် သင်နှင့်တကွ သင်၏သားတို့သည်၊ သက်သေခံချက် တဲတော်ရှေ့မှာ အမှုတော်ကို ဆောင်ရွက်ရကြမည်။
18:3 လေဝိသားတို့သည် သင့်ကိုလည်းကောင်း၊ တဲတော်ရှိသမျှကိုလည်းကောင်း စောင့်ရကြမည်။ သို့ရာတွင် သင်တို့နှင့်သူတို့သည် သေဘေးလွတ်မည်အကြောင်း၊ သူတို့သည် တဲတော်တန်ဆာ၊ ယဇ်ပလ္လင်တန်ဆာများကို မချဉ်းကပ်ရကြ။
18:4 သူတို့သည် သင်တို့နှင့်အတူကူညီ၍၊ ပရိသတ်စည်းဝေးရာ တဲတော်ကိုစောင့်လျက်၊ တဲတော်အမှုရှိသမျှကို ထမ်းရကြမည်။ မဆိုင်သောသူသည် သင်တို့အနီးသို့ မချဉ်းမကပ်ရ။
18:5 နောက်တစ်ဖန်အမျက်တော်ထွက်၍ ဣသရေလအမျိုးသားတို့အပေါ်သို့ မရောက်မည်အကြောင်း၊ သင်တို့သည် သန့်ရှင်းရာဌာနတော်နှင့် ယဇ်ပလ္လင်ကို စောင့်ရကြမည်။
18:6 ထိုသို့ သင်တို့၏ညီအစ်ကို လေဝိသားတို့ကို၊ ဣသရေလအမျိုးသားတို့ထဲက ရွေးယူ၍၊ ပရိသတ်စည်းဝေးရာ တဲတော်အမှုကို ထမ်းစေခြင်းငှာ၊ ထာဝရဘုရားအား ပြုသောပူဇော်သကာကဲ့သို့ သင်တို့အားငါပေး၏။
18:7 ထိုကြောင့် သင်နှင့် သင်၏သားတို့သည် ယဇ်ပလ္လင်နှင့်ဆိုင်သောအမှု၊ ကုလားကာအတွင်း၌ ဆောင်ရွက်စရာအမှု ရှိသမျှတို့ကို၊ ယဇ်ပုရောဟိတ်ပြု၍ ဆောင်ရွက်ရကြမည်။ သင်တို့အားကျေးဇူးပြု၍ ယဇ်ပုရောဟိတ်အရာကို ငါပေးပြီ။ မဆိုင်သောသူသည် အနီးအပါးသို့ချဉ်းကပ်လျှင်၊ အသေသတ်ခြင်းကိုခံရမည်ဟု မိန့်တော်မူ၏။
18:8 တစ်ဖန် ထာဝရဘုရားသည် အာရုန်အားမိန့်တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့သည် သန့်ရှင်းစေ၍ ဆက်ကပ်သမျှသော ပူဇော်သကာတို့အထဲက၊ ငါ့အားချီးမြှောက်သော ပူဇော်သကာတို့ကို သင်၌အပ်၍၊ သင်နှင့် သင်၏သားတို့အဖို့ ဖြစ်စေခြင်းငှာ၊ ထာဝရပညတ်တရားအားဖြင့် ငါပေး၏။
18:9 မီးသို့မရောက်၊ သန့်ရှင်းသောအရာထဲက သင်တို့ဆိုင်သောအရာဟူမူကား၊ ဣသရေလအမျိုးသားလှူသောဥစ္စာ၊ ဘောဇဉ်ပူဇော်သကာ၊ အပြစ်ဖြေရာယဇ်၊ ဒုစရိုက်ဖြေရာယဇ် ပူဇော်လေသမျှတို့သည် သင်နှင့် သင်၏သားတို့အဖို့ သန့်ရှင်းရကြမည်။
18:10 သန့်ရှင်းရာဌာန၌ စားရမည်။ ယောက်ျားအပေါင်းတို့သည် စားရသောအခွင့်ရှိ၏။ သင်တို့အဖို့ သန့်ရှင်းပေ၏။
18:11 ထိုမှတစ်ပါး ဣသရေလအမျိုးသားတို့ပူဇော်သော ချီမြှောက်ရာပူဇော်သကာ၊ ချီလွှဲရာပူဇော်သကာတို့ကို၊ သင်နှင့် သင်၏သားသမီးတို့အား ထာဝရပညတ် တရားအားဖြင့်ငါပေးပြီ။ သင့်အိမ်၌ သန့်ရှင်းသောသူအပေါင်းတို့သည် စားရသောအခွင့်ရှိ၏။
18:12 ဣသရေလအမျိုးသားရွေး၍ ထာဝရဘုရားအားပူဇော်သမျှ အကောင်းဆုံးသောဆီ၊ အကောင်းဆုံးသောစပျစ်ရည်၊ အကောင်းဆုံးသောဂျုံစပါးကို သင်တို့အားငါပေးပြီ။
18:13 ထာဝရဘုရားထံတော်သို့ ဆောင်ခဲ့သမျှ အဦးမှည့်သောသစ်သီးကိုလည်း သင်ဆိုင်ရမည်။ သင့်အိမ်၌ သန့်ရှင်းသောသူအပေါင်းတို့သည် စားရသောအခွင့်ရှိ၏။
18:14 ဣသရေလအမျိုး၌ ကျိန်ဆို၍ ပူဇော်သမျှတို့ကိုလည်း သင်ဆိုင်ရမည်။
18:15 အဦးဖွားသောသား၊ လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ ထာဝရဘုရားထံတော်သို့ ဆောင်ခဲ့သမျှတို့ကို သင်ဆိုင်ရမည်။ သို့ရာတွင် လူ၏သားဦးနှင့် မစင်ကြယ်သော တိရစ္ဆာန်၏သားဦးကို အမှန်ရွေးရမည်။
18:16 ရွေးရသောသားတို့ကို အသက်တစ်လလွန်မှ၊ သင်အဖိုးဖြတ်သည်အတိုင်း ဂေရနှစ်ဆယ်နှင့်မျှသော အကျပ်တော်အလိုက် ငွေငါးကျပ်နှင့်ရွေးရမည်။
18:17 နွားသားဦး၊ သိုးသားဦး၊ ဆိတ်သားဦးသည် သန့်ရှင်းသောကြောင့်မရွေးရ။ သူ၏အသွေးကို ယဇ်ပလ္လင်ပေါ်မှာဖျန်းရမည်။ ဆီဥကိုလည်း ထာဝရဘုရားအဖို့ မွှေးကြိုင်သောအနံ့ရှိစေ၍၊ မီးဖြင့်ပူဇော်သကာပြုရမည်။
18:18 အသားမူကား ချီလွှဲရာပူဇော်သကာ၏ရင်ပတ်နှင့် လက်ယာပခုံးကဲ့သို့ သင့်အဖို့ ဖြစ်ရမည်။
18:19 ဣသရေလအမျိုးသားတို့သည် သန့်ရှင်းစေ၍ ထာဝရဘုရားအား ဆောင်ခဲ့သော ပူဇော်သကာရှိသမျှတို့ကို သင်နှင့် သင်၏သားသမီးတို့အား ထာဝရပညတ်တရားအားဖြင့် ငါပေးပြီ။ သင်အစရှိသော သင်၏အမျိုးအနွယ်နှင့်ဆိုင်၍ ထာဝရဘုရားရှေ့တော်၌ ဆားနှင့်ယှဉ်သော ထာဝရပဋိညာဉ်ဖြစ်သတည်းဟု မိန့်တော်မူ၏။
18:20 တစ်ဖန် ထာဝရဘုရားသည် အာရုန်အားမိန့်တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့ နေရာပြည်၌ သင့်အမွေခံရာမြေ၊ သူတို့နှင့်ရော၍ ပိုင်သောအဖို့မရှိရ။ ငါသည်ကား သူတို့တွင်သင်ပိုင်သောအဖို့ သင့်အမွေဥစ္စာဖြစ်၏။
18:21 လေဝိသားတို့သည် ပရိသတ်စည်းဝေးရာ တဲတော်အမှုကို ဆောင်ရွက်သောကြောင့်၊ သူတို့အမွေခံစရာ ဣသရေလအမျိုးသားတို့၏ ဥစ္စာဆယ်ဖို့တစ်ဖို့ကို ငါပေးပြီ။
18:22 ယခုမှစ၍ ဣသရေလအမျိုးသားတို့သည် ကိုယ်အပြစ်ကိုခံ၍ သေဘေးနှင့် မတွေ့မည်အကြောင်း၊ ပရိသတ်စည်းဝေးရာ တဲတော်အနီးအပါးသို့ မချဉ်းမကပ်ရကြ။
18:23 လေဝိသားတို့သည် ပရိသတ်စည်းဝေးရာ တဲတော်အမှုကိုဆောင်ရွက်၍၊ ကိုယ်အပြစ်ကို ကိုယ်ခံရကြမည်။ သူတို့သည် ဣသရေလအမျိုးသားတို့နှင့်ရော၍ အမွေမခံရကြဟု သင်တို့အမျိုးအစဉ်အဆက် စောင့်ရသော ပညတ်ဖြစ်သတည်း။
18:24 ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားအား ပူဇော်သကာပြုသော ကိုယ်ဥစ္စာဆယ်ဖို့တစ်ဖို့ကို၊ လေဝိသားအမွေခံစရာဖို့ ငါပေးပြီ။ ထိုကြောင့် သူတို့သည် ဣသရေလအမျိုးသားတို့နှင့်ရော၍ အမွေမခံရဟု ငါ့အမိန့်တော်ရှိ၏။
18:25 တစ်ဖန် မောရှေအားထာဝရဘုရားက၊ သင်သည် လေဝိသားတို့အား ဆင့်ဆိုရမည်မှာ၊
18:26 သင်တို့အမွေခံစရာငါပေးသော ဣသရေလအမျိုးသားတို့၏ ဥစ္စာဆယ်ဖို့တစ်ဖို့ကို သင်တို့သည်ခံယူသောအခါ၊ ထိုအဖို့ကို ဆယ်ဖို့ဖို့ပြန်၍ တစ်ဖို့ကိုထာဝရဘုရားအား ပူဇော်သကာပြုရကြမည်။
18:27 ထိုပူဇော်သကာကို၊ ကောက်နယ်တလင်းထဲကယူသော ဆန်စပါးကဲ့သို့လည်းကောင်း၊ စပျစ်သီးနယ်ရာကျင်းထဲကယူသော စပျစ်ရည်ကဲ့သို့လည်းကောင်း၊ သင်တို့အဖို့မှတ်ရလိမ့်မည်။
18:28 ထိုသို့သင်တို့သည် ဣသရေလအမျိုးသားတို့မှခံယူသော ဆယ်ဖို့တစ်ဖို့ထဲက၊ ထာဝရဘုရားအား ပူဇော်သကာပြုရကြမည်။ ထိုပူဇော်သကာကိုလည်း၊ ယဇ်ပုရောဟိတ်အာရုန်အား လှူရကြမည်။
18:29 သင်တို့ခံရသမျှသော အလှူတို့အထဲက အကောင်းဆုံးသောအဖို့ သန့်ရှင်းသောအဖို့ကိုနုတ်ယူ၍ ထာဝရဘုရားအား ပူဇော်သကာပြုရကြမည်။
18:30 သို့ဖြစ်၍ သူတို့အားဆင့်ဆိုရမည်မှာ၊ လေဝိသားတို့သည် အကောင်းဆုံးသောအဖို့ကို နုတ်ယူပူဇော်ပြီးမှ၊ ကြွင်းသောအဖို့ကို ကောက်နယ်တလင်း၏ကျေးဇူး၊ စပျစ်သီးနယ်ရာကျင်း၏ကျေးဇူးကဲ့သို့ မိမိတို့အဖို့ မှတ်ရလိမ့်မည်။
18:31 ထိုကြွင်းသောအဖို့ကို၊ ကိုယ်တိုင်မှစ၍ အိမ်သူအိမ်သားတို့သည် စားချင်သောအရပ်ရပ်၌ စားရသောအခွင့်ရှိ၏။ ပရိသတ်စည်းဝေးရာတဲတော်၌ အမှုစောင့်သောအတွက် ငါချသောဆုဖြစ်၏။
18:32 အကောင်းဆုံးသောအဖို့ကို နုတ်ယူပူဇော်ပြီးမှ၊ ကြွင်းသောအဖို့အားဖြင့် အပြစ်ရောက်စရာအကြောင်းမရှိ။ သေဘေးနှင့် မတွေ့မည်အကြောင်း၊ ဣသရေလ အမျိုးသားတို့၏သန့်ရှင်းသောအရာတို့ကို မညစ်ညူးစေရဟု မိန့်တော်မူ၏။