Numbers 19
19:1 တစ်ဖန် ထာဝရဘုရားသည် မောရှေနှင့် အာရုန်တို့ကိုခေါ်၍ ထာဝရဘုရား စီရင်ထုံးဖွဲ့တော်မူသော ပညတ်တရားဟူမူကား၊
19:2 အပြစ်မပါ၊ တစ်ခါမျှထမ်းပိုးမတင်၊ ကွက်ကျားခြင်းမရှိ၊ အဆင်းနီသော နွားမပျိုကို၊ ဣသရေလအမျိုးသားတို့သည် ဆောင်ခဲ့မည်အကြောင်း ဆင့်ဆိုလော့။
19:3 ယဇ်ပုရောဟိတ်ဧလာဇာ၌အပ်၍ တပ်ပြင်သို့ဆောင်သွားပြီးမှ၊ သူ့ရှေ့၌ အခြားသူသတ်ရမည်။
19:4 ယဇ်ပုရောဟိတ်ဧလာဇာသည် အသွေးကိုလက်နှင့်ယူ၍ ပရိသတ်စည်းဝေးရာ တဲတော်ရှေ့စူးစူး၌ ခုနစ်ကြိမ်ဖျန်းရမည်။
19:5 ယဇ်ပုရောဟိတ်ရှေ့မှာ ထိုနွားမ၏အရေ၊ အသား၊ အသွေး၊ ချေးနုနှင့်တကွ တစ်ကောင်လုံးကို အခြားသူသည်မီးရှို့ရမည်။
19:6 ယဇ်ပုရောဟိတ်သည်လည်း အကာရှသစ်သား၊ ဟုဿုပ်ပင်ညွန့်နှင့် နီမောင်းသောအထည်ကို ယူ၍၊ နွားမမီးလောင်ရာထဲသို့ ပစ်ချရမည်။
19:7 ထိုနောက် မိမိအဝတ်ကိုလျှော်၍ ကိုယ်ကိုလည်းရေချိုးပြီးမှ၊ တပ်ထဲသို့ဝင်၍ ညဥ့်ဦးတိုင်အောင် မစင်ကြယ်ဖြစ်လိမ့်မည်။
19:8 မီးရှို့သောသူသည်လည်း၊ မိမိအဝတ်ကိုလျှော်၍ ကိုယ်ကိုလည်း ရေချိုးပြီးမှ၊ ညဥ့်ဦးတိုင်အောင် မစင်ကြယ်ဖြစ်လိမ့်မည်။
19:9 စင်ကြယ်သောသူတစ်စုံတစ်ယောက်သည် နွားမ၏ပြာကိုစုသိမ်း၍၊ တပ်ပြင်မှာ စင်ကြယ်သောအရပ်၌ ထားရမည်။ ဣသရေလအမျိုးပရိသတ်အဖို့ စင်ကြယ်စေသောရေဖော်ဖို့၊ ထိုပြာကိုသိုထားရမည်။ အပြစ်နှင့် ကင်းစင်စရာဖို့ ဖြစ်သတည်း။
19:10 နွားမ၏ပြာကို စုသိမ်းသောသူသည်လည်း၊ မိမိအဝတ်ကိုလျှော်၍ ညဥ့်ဦးတိုင်အောင် မစင်ကြယ်ဖြစ်လိမ့်မည်။ ဤရွေ့ကား၊ ဣသရေလအမျိုးသား၊ တည်းခိုသောတစ်ပါးအမျိုးသားတို့သည် အစဉ်အမြဲစောင့်ရသော ပညတ်ဖြစ်သတည်း။
19:11 လူသေကောင်ကိုထိသောသူသည် ခုနစ်ရက်မစင်ကြယ် ဖြစ်လိမ့်မည်။
19:12 သုံးရက်မြောက်သောနေ့၌ ထိုပြာနှင့် ကိုယ်ကိုသန့်ရှင်းစေ၍၊ ခုနစ်ရက်မြောက်သောနေ့၌ စင်ကြယ်လိမ့်မည်။ သုံးရက်မြောက်သောနေ့၌ ကိုယ်ကိုမသန့်ရှင်းစေလျှင်၊ ခုနစ်ရက်မြောက်သောနေ့တိုင်အောင် မစင်ကြယ်ရ။
19:13 လူသေကောင်ကိုထိ၍ ကိုယ်ကိုမသန့်ရှင်းစေသောသူသည်၊ ထာဝရဘုရား၏ တဲတော်ကို ညစ်ညူးစေ၏။ ထိုသူကို ဣသရေလအမျိုးမှ ပယ်ရှင်းရမည်။ စင်ကြယ်စေသောရေဖျန်းခြင်းကို မခံသောကြောင့် မစင်ကြယ်ဖြစ်၏။ စင်ကြယ်ခြင်းသို့ မရောက်သေး။
19:14 တဲ၌လူသေလျှင် စောင့်ရသောတရားဟူမူကား၊ တဲသို့ဝင်သောသူ၊ တဲ၌ရှိနေသောသူအပေါင်းတို့သည် ခုနစ်ရက်ပတ်လုံး မစင်ကြယ်ဖြစ်ကြလိမ့်မည်။
19:15 မဖုံးဘဲဖွင့်ထားသော အိုးရှိသမျှတို့သည်လည်း မစင်ကြယ်ဖြစ်ကြလိမ့်မည်။
19:16 သတ်၍သေသောသူ၊ နာ၍သေသောသူ၊ လူသေအရိုး၊ လူသင်္ချိုင်းကို လယ်ပြင်၌တွေ့၍ထိလျှင်၊ ခုနစ်ရက်ပတ်လုံး မစင်ကြယ်ဖြစ်လိမ့်မည်။
19:17 မစင်ကြယ်သောသူဖို့ အပြစ်ကင်းစေရာ မီးရှို့သောနွားမ၏ ပြာအချို့ကိုယူ၍၊ စီးသောရေနှင့်အတူ အိုး၌ထည့်ပြီးမှ၊
19:18 စင်ကြယ်သောသူသည်၊ ဟုဿုပ်ပင်ညွန့်ကို ရေ၌နှစ်၍တဲပေါ်မှာလည်းကောင်း၊ တန်ဆာများ၊ တဲ၌ရှိသောလူများပေါ်မှာလည်းကောင်း၊ လူသေအရိုး၊ သတ်၍သေသောသူ၊ နာ၍သေသောသူ၊ လူသင်္ချိုင်းကိုထိသောသူပေါ်မှာလည်းကောင်း၊ ထိုရေကိုဖျန်းရမည်။
19:19 စင်ကြယ်သောသူသည် မစင်ကြယ်သောသူကို သုံးရက်မြောက်သောနေ့၊ ခုနစ်ရက်မြောက်သောနေ့၌ ဖျန်းရမည်။ ခုနစ်ရက်မြောက်သောနေ့၌ ကိုယ်ကိုသန့်ရှင်းစေလျက်၊ မိမိအဝတ်ကိုလျှော်၍ ရေချိုးလျှင်၊ ညဥ့်ဦးအချိန်တွင် စင်ကြယ်လိမ့်မည်။
19:20 မစင်ကြယ်သောသူသည် ကိုယ်ကိုသန့်ရှင်းစေခြင်းငှာ မပြုလျှင်၊ ထာဝရဘုရား၏ သန့်ရှင်းရာဌာနတော်ကို ညစ်ညူးစေသောကြောင့်၊ ပရိသတ်မှ ပယ်ရှင်းခြင်းကိုခံရမည်။ စင်ကြယ်စေသောရေဖျန်းခြင်းကို မခံသောကြောင့်၊ မစင်ကြယ်ဘဲနေ၏။
19:21 အစဉ်အမြဲစောင့်ရသော ပညတ်ဟူမူကား၊ စင်ကြယ်သောရေကို ဖျန်းသောသူသည် မိမိအဝတ်ကိုလျှော်ရမည်။ ထိုရေကိုထိသောသူလည်း၊ ညဥ့်ဦးတိုင်အောင် မစင်ကြယ်ဖြစ်လိမ့်မည်။
19:22 မစင်ကြယ်သောသူ ထိသမျှသောအရာသည်လည်း မစင်ကြယ်ဖြစ်လိမ့်မည်။ ထိုအရာကိုထိသောသူလည်း ညဥ့်ဦးတိုင်အောင် မစင်ကြယ်ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။