Numbers 20
20:1 သက္ကရာဇ်လေးဆယ်၊ ပထမလ၌ ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့သည်၊ ဇိနတောသို့ရောက်၍၊ ကာဒေရှအရပ်၌ နေကြ၏။ ထိုအရပ်၌ မိရိအံသေ၍ သင်္ဂြိုဟ်လေ၏။
20:2 ပရိသတ်တို့ သောက်စရာရေမရှိသောကြောင့်၊ မောရှေနှင့် အာရုန်တစ်ဖက်၌ စုဝေးကြလျက်၊
20:3 ထာဝရဘုရားရှေ့မှာ ငါတို့အစ်ကိုများသေသောအခါ၊ ငါတို့လည်းမသေပါလေ။
20:4 ငါတို့နှင့် ငါတို့တိရစ္ဆာန်များကို သေစေခြင်းငှာ၊ ထာဝရဘုရား၏ပရိသတ်ကို ဤတောသို့ အဘယ်ကြောင့်ဆောင်ခဲ့သနည်း။
20:5 ငါတို့ကို အဲဂုတ္တုပြည်မှထွက်စေ၍၊ ဤဆိုးသောအရပ်သို့ အဘယ်ကြောင့် ဆောင်ခဲ့သနည်း။ ဤအရပ်သည် လယ်လုပ်စရာမကောင်း၊ သင်္ဘောသဖန်းပင်၊ စပျစ်နွယ်ပင်၊ သလဲပင် စိုက်စရာမကောင်း။ သောက်စရာရေမျှမရှိဟု မောရှေကိုအပြစ်တင်၍ ဆိုကြ၏။
20:6 မောရှေနှင့်အာရုန်တို့သည် လူအစုအဝေးမှထွက်၍၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးဝသို့သွားသဖြင့်၊ ပျပ်ဝပ်လျက်နေကြစဉ်၊ ထာဝရဘုရား၏ဘုန်းတော်သည် ထင်ရှားလေ၏။
20:7 ထာဝရဘုရားကလည်း၊
20:8 လှံတံတော်ကိုကိုင်ယူ၍ သင်၏အစ်ကိုအာရုန်ပါလျက်၊ ပရိသတ်များကို စုဝေးစေလော့။ သူတို့ရှေ့မှာ ကျောက်ကိုမှာထားလော့။ ကျောက်သည် မိမိရေကိုပေးလိမ့်မည်။ထိုသို့သင်သည်ကျောက်ထဲက ရေကိုထွက်စေ၍၊ ပရိသတ်များနှင့် သူတို့တိရစ္ဆာန်များတို့အား သောက်ဖို့ရေကိုပေးရမည်ဟု၊
20:9 မောရှေအား မိန့်တော်မူသည်အတိုင်း၊ မောရှေသည် လှံတံတော်ကို ထာဝရဘုရားရှေ့တော်ကယူ၍၊
20:10 အာရုန်ပါလျက်၊ ပရိသတ်တို့ကိုကျောက်ရှေ့မှာ စုဝေးစေပြီးလျှင်၊ အချင်းသူပုန်တို့၊ နားထောင်ကြလော့။ ငါတို့သည်သင်တို့အဖို့ ဤကျောက်ထဲက ရေကိုထွက်စေရမည်လောဟု ဆိုလျက်၊
20:11 မိမိလက်ကိုဆန့်၍ ကျောက်ကိုလှံတံနှင့် နှစ်ကြိမ်ရိုက်သဖြင့်၊ ရေသည် များစွာထွက်၍၊ လူပရိသတ်တို့နှင့် တိရစ္ဆာန်တို့သည် သောက်ရကြ၏။
20:12 ထာဝရဘုရားကလည်း၊ သင်တို့သည် ငါ့ကိုမယုံကြည်၊ ဣသရေလအမျိုးသားတို့ရှေ့မှာ ငါ့ကိုမရိုမသေပြုသောကြောင့်၊ ဤပရိသတ်တို့အား ငါပေးသောပြည်သို့ သင်တို့သည် ပို့ဆောင်သောအခွင့်ကိုမရကြဟု မောရှေနှင့်အာရုန်တို့အား မိန့်တော်မူ၏။
20:13 ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားကို ဆန့်ကျင်ဘက်ပြုသော်လည်း၊ သူတို့တွင် ရိုသေလေးမြတ်ခြင်းကို ခံတော်မူသောကြောင့်၊ ထိုရေသည် မေရိဘရေဖြစ်သတည်း။
20:14 မောရှေသည် ကာဒေရှအရပ်မှ ဧဒုံရှင်ဘုရင်ထံသို့ သံတမန်တို့ကိုစေလွှတ်၍၊ ကိုယ်တော့်ညီ ဣသရေလက၊ အကျွန်ုပ်တို့တွေ့ရသော အမှုအလုံးစုံတည်းဟူသော၊
20:15 အကျွန်ုပ်တို့ဘိုးဘေးသည် အဲဂုတ္တုပြည်သို့သွား၍ အကျွန်ုပ်တို့သည် အဲဂုတ္တုပြည်မှာ ကာလကြာမြင့်စွာနေသဖြင့်၊ အဲဂုတ္တုလူတို့သည် အကျွန်ုပ်တို့နှင့် ဘိုးဘေးများကိုညှဉ်းဆဲကြောင်း၊
20:16 အကျွန်ုပ်တို့သည် ထာဝရဘုရားကိုအော်ဟစ်သောအခါ၊ ကောင်းကင်တမန်ကို စေလွှတ်၍၊ အကျွန်ုပ်တို့ကို အဲဂုတ္တုပြည်မှ နုတ်ဆောင်တော်မူကြောင်းကို ကိုယ်တော်သိပါ၏။ ယခုမှာ အကျွန်ုပ်တို့သည် ကိုယ်တော်၏နိုင်ငံအစွန်အနား၊ ကာဒေရှအရပ်၌ရှိကြပါ၏။
20:17 ကိုယ်တော့်ပြည်အလယ်၌ လျှောက်၍သွားပါရစေ။ လယ်ယာများ၊ စပျစ်ဥယျာဉ်များကို မနင်းပါ။ တွင်းရေကိုလည်း မသောက်ပါ။ ကိုယ်တော့်ပြည်နယ်ကို မလွန်မီတိုင်အောင်၊ လက်ယာဘက်၊ လက်ဝဲဘက်သို့မလွှဲ၊ မင်းလမ်းသို့သာ လျှောက်လိုက်ပါမည်ဟု တောင်းပန်စေ၏။
20:18 ဧဒုံကလည်း၊ သင်သည်ငါ့ပြည်အလယ်၌ မလျှောက်မသွားရ။ လျှောက်သွားလျှင်၊ ဓားလက်နက်နှင့် ဆီးတားမည်ဟုပြန်ပြော၏။
20:19 ဣသရေလအမျိုးသားတို့ကလည်း၊ မင်းလမ်းသို့သာ လျှောက်လိုက်ပါမည်။ ကိုယ်တိုင်မှစ၍ တိရစ္ဆာန်တို့သည် ကိုယ်တော့်ရေကိုသောက်လျှင် အဖိုးကိုပေးပါမည်။ အခြားသောအမှုကိုမပြုဘဲ၊ ခြေဖြင့်သွားရုံမျှသာပြုပါမည်ဟု ဆိုသော်လည်း၊
20:20 ဧဒုံက၊ သင်သည်လျှောက်၍မသွားရဟု ဆိုလျက်၊ များစွာသော ဗိုလ်ခြေအလုံးအရင်းနှင့်တကွ ဆီးတားခြင်းငှာထွက်လာ၏။
20:21 ထိုသို့ဧဒုံသည် သူ၏ပြည်အလယ်၌ လျှောက်သွားသောအခွင့်ကို ဣသရေလအား မပေးသောကြောင့်၊ ဣသရေလသည် လွှဲရှောင်လေ၏။
20:22 ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့သည် ကာဒေရှအရပ်မှပြောင်း၍ ဟောရတောင်သို့ရောက်ကြ၏။
20:23 ဧဒုံပြည်စွန်နား၊ ဟောရတောင်ပေါ်မှာ ထာဝရဘုရားသည် မောရှေနှင့် အာရုန်တို့ကိုခေါ်၍၊
20:24 သင်တို့သည် မေရိဘစမ်းရေနားမှာ ငါ့စကားကိုဆန့်ကျင်သောကြောင့်၊ ဣသရေလအမျိုးသားတို့အား ငါပေးသောပြည်သို့ အာရုန်သည်မဝင်ရ။ မိမိလူမျိုးစည်းဝေးရာသို့ သွားရမည်။
20:25 သို့ဖြစ်၍ အာရုန်နှင့် သူ၏သားဧလာဇာကိုခေါ်၍ ဟောရတောင်ပေါ်သို့ ဆောင်သွားပြီးလျှင်၊
20:26 အာရုန်၏အဝတ်ကိုချွတ်၍ သူ၏သားဧလာဇာကို ဝတ်စေပြီးမှ၊ အာရုန်သည် ထိုအရပ်၌သေ၍ မိမိလူမျိုးစည်းဝေးရာသို့ သွားရမည်ဟု၊
20:27 မိန့်တော်မူသည်အတိုင်း၊ မောရှေပြု၍၊ သူတို့သည်ပရိသတ်အပေါင်းတို့ရှေ့မှာ ဟောရတောင်ပေါ်သို့ တက်ကြ၏။
20:28 မောရှေသည် အာရုန်၏အဝတ်ကိုချွတ်၍ သားဧလာဇာကိုဝတ်စေပြီးမှ၊ အာရုန်သည် တောင်ထိပ်၌ သေလေ၏။ မောရှေနှင့်ဧလာဇာတို့သည် တောင်ပေါ်က ဆင်းလာကြ၏။
20:29 အာရုန်သည် အနိစ္စရောက်ကြောင်းကို ပရိသတ်အပေါင်းတို့သည် သိမြင်သောအခါ၊ ဣသရေလအမျိုးသားရှိသမျှတို့သည်၊ အာရုန်အတွက် အရက်သုံးဆယ်ပတ်လုံး ငိုကြွေးမြည်တမ်းခြင်းကို ပြုကြ၏။