Deuteronomy 14
14:1 သင်တို့သည် သင်တို့ဘုရားသခင် ထာဝရဘုရား၏သားဖြစ်ကြ၏။ သေသောသူအတွက် အသားကိုမခုတ်မရှရ။ မျက်မှောင်ကြားမှာ အမွေးကိုမရိတ်ရ။
14:2 သင်တို့သည် သင်တို့၏ ဘုရားသခင်ထာဝရဘုရားဖို့၊ သန့်ရှင်းသောလူမျိုး ဖြစ်ကြ၏။ ထာဝရဘုရားသည် မြေကြီးပေါ်မှာရှိသမျှသော လူမျိုးထက်၊ ကိုယ်တော်ပိုင်ထိုက်သောအမျိုးဖြစ်စေခြင်းငှာ သင်တို့ကို ရွေးချယ်တော်မူပြီ။
14:3 စက်ဆုပ်ရွံရှာဖွယ်သောအရာကို သင်တို့မစားရ။
14:4 စားရသော တိရစ္ဆာန်ဟူမူကား၊ နွား၊ သိုး၊ ဆိတ်၊
14:5 သမင်၊ ဒရယ်၊ ဆတ်၊ ဂျီ၊ ဒိရှုန်၊ စိုင်၊ ဇမေရအစရှိသော၊
14:6 ခွာကွဲပြား၍ စားမြုံ့ပြန်သောသားများကို စားရသောအခွင့်ရှိ၏။
14:7 သို့သော်လည်း စားမြုံ့ပြန်သောသား၊ ခွာကွဲပြားသောသားတို့တွင် မစားရသော သားဟူမူကား၊ ကုလားအုတ်၊ အာရနဘက်၊ ရှာဖန်တို့သည် စားမြုံ့ပြန်သော်လည်း၊ ခွာမကွဲပြားသောကြောင့် သင်တို့၌ မစင်ကြယ်။
14:8 ဝက်သည် ခွာကွဲပြားသော်လည်း၊ စားမြုံ့မပြန်သောကြောင့် သင်တို့၌မစင်ကြယ်။ အသားကို မစားရ။ အသေကောင်ကိုလည်း မထိရ။
14:9 ရေ၌နေသော တိရစ္ဆာန်တကာတို့တွင် အယက်နှင့်အကြေးရှိသော တိရစ္ဆာန်ကိုသာ စားရ၏။
14:10 အယက်နှင့်အကြေးမရှိသော တိရစ္ဆာန်ကို မစားရ။ သင်တို့၌ မစင်ကြယ်။
14:11 စင်ကြယ်သောငှက်အမျိုးမျိုးကို စားရသော အခွင့်ရှိ၏။
14:12 မစားရသောငှက်ဟူမူကား၊ ရွှေလင်းတ၊ ပင်လယ်လင်းတ၊ လင်းယုန်၊
14:13 ဒါဟ၊ စွန်၊ လင်းတကြမ်းမျိုး၊
14:14 ကျီးမျိုးရှိသမျှ၊
14:15 ကုလားအုတ်ငှက်၊ ငှက်ဆိုး၊ ဥဗျိုင်း၊ သိမ်းမျိုး၊
14:16 ဇီးကွက်၊ ဣဗိတ်၊ ငှက်ကျား၊
14:17 ဝံပို၊ ဝံလို၊ ကြိုးကြာ၊
14:18 တောငန်း၊ ဒုံးစပ်မျိုး၊ ဒုံးကုလား၊ လင်းနို့မှစ၍၊
14:19 အတောင်ရှိလျက် တွားတတ်သော တိရစ္ဆာန်ရှိသမျှတို့သည် သင်တို့၌ မစင်ကြယ်သည်ဖြစ်၍ အသားကို မစားရ။
14:20 စင်ကြယ်သော ငှက်အမျိုးမျိုးကို စားရသော အခွင့်ရှိ၏။
14:21 အလိုလိုသေသောအကောင်ကို မစားရ။ သင်တို့၌ တည်းခိုသော တစ်ပါးအမျိုးသားစားစရာဖို့ ပေးရမည်။ သို့မဟုတ် တစ်ကျွန်းတစ်နိုင်ငံသားတို့အား ရောင်းရမည်။ သင်တို့သည် သင်တို့၏ ဘုရားသခင်ထာဝရဘုရားအဖို့ သန့်ရှင်းသောလူမျိုးဖြစ်ကြ၏။ ဆိတ်သငယ်ကို အမိနို့ရည်နှင့် မပြုတ်မချက်ရ။
14:22 လယ်ယာ၌ တစ်နှစ်တစ်နှစ်တွင်သိမ်းရသော အသီးအနှံဆယ်ဖို့တစ်ဖို့ကို အမှန်ခွဲထားရမည်။
14:23 သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည်၊ နာမတော်ကို တည်စေဖို့ရာ ရွေးကောက်တော်မူသောအရပ်၌ စပါး၊ စပျစ်ရည်၊ ဆီမှစ၍၊ သိုး၊ နွားတွင် အဦးဖွားသော သားငယ်ဆယ်ဖို့တစ်ဖို့ကို ရှေ့တော်မှာ စားရကြမည်။ ထိုသို့ပြုလျှင်၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားကို အစဉ်ကြောက်ရွံ့ရမည်အကြောင်း၊ သင်ရကြလိမ့်မည်။
14:24 သင်တို့၏ ဘုရားသခင် ထာဝရဘုရား ကောင်ချီးပေးတော်မူသောအခါ၊ နာမတော်ကို တည်စေဖို့ရာ ရွေးကောက်တော်မူသော အရပ်သည် ဝေးလွန်း၍ ခရီးရှည်လျားသဖြင့်၊ ဥစ္စာဆယ်ဖို့တစ်ဖို့ကို ဆောင်၍ မသွားနိုင်လျှင်၊
14:25 ထိုဥစ္စာကို ရောင်းပြီးမှ၊ ငွေကိုကိုင်လျက်၊ သင်တို့၏ဘုရားသခင်ထာဝရဘုရား ရွေးကောက်တော်မူသော အရပ်သို့သွား၍၊
14:26 စားချင်သော စိတ်အလိုရှိသည်အတိုင်း၊ နွား၊ သိုး၊ စပျစ်ရည်၊ သေရည်အစရှိသော စားချင်သမျှကို ဝယ်၍၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားရှေ့တော်မှာ၊ အိမ်သူအိမ်သားများနှင့်တကွ စားသောက်လျက်၊ ရွှင်လန်းခြင်းကို ပြုရကြမည်။
14:27 သို့ရာတွင်၊ သင်တို့၌တည်းခိုသော လေဝိသားဟူမူကား၊ သင်တို့နှင့်ရော၍၊ အဖို့မရှိ၊ အမွေကိုမခံရသောကြောင့်၊ သူ့ကို မစွန့်မပစ်ရဘဲ၊
14:28 တတိယနှစ်တွင် သိမ်းသောအသီးအနှံ ဆယ်ဖို့တစ်ဖို့ရှိသမျှကို ထုတ်၍ မြို့ထဲမှာ သိုထားရမည်။
14:29 သင်တို့နှင့်ရော၍ အဖို့မရှိ၊ အမွေကို မခံရသော လေဝိသား၊ သင်တို့နေရာအရပ်၌ရှိသော တစ်ပါးအမျိုးသား၊ မိဘမရှိသောသူငယ်၊ မုဆိုးမများတို့သည် လာ၍ ဝစွာစားရကြမည်။ သို့ဖြစ်လျှင် သင်တို့၏ ဘုရားသခင်ထာဝရဘုရားသည်၊ သင်တို့ပြုလေရာရာ၌ ကောင်းချီးပေးတော်မူမည်။