Deuteronomy 15
15:1 ခုနစ်နှစ်တစ်ခါ လွှတ်ခြင်းကို ပြုရမည်။
15:2 လွှတ်ခြင်းတရားဟူမူကား၊ ကိုယ်နှင့်စပ်ဆိုင်သောသူအား ဥစ္စာကို ချေးငှားသော ကြွေးရှင်မည်သည်ကား၊ ထိုကြွေးကို လွှတ်ရမည်။ ထာဝရဘုရားလွှတ်ခြင်းကာလဖြစ်သောကြောင့်၊ ထိုကြွေးကို အိမ်နီးချင်း၊ ညီအစ်ကိုချင်း၌ မတောင်းရ။
15:3 တစ်ကျွန်းတစ်နိုင်ငံသား၌ တောင်းရသောအခွင့်ရှိ၏။ ညီအစ်ကို၌ရှိသော ကိုယ်ဥစ္စာကို မတောင်းဘဲလွှတ်ရမည်။
15:4 သင်၌ဆင်းရဲသားမရှိစေခြင်းငှာ၊ ထိုသို့ပြုရမည်။ သင်၏ဘုရားသခင်ထာဝရဘုရားသည် အမွေခံဖို့ရာ အပိုင်ပေးတော်မူသောပြည်၌ သင့်ကိုအလွန် ကောင်းချီးပေးတော်မူမည်။
15:5 ယနေ့ ငါမှာထားသမျှသော ဤပညတ်တို့ကို ကျင့်မည်အကြောင်း စောင့်ရှောက်ခြင်းငှာ၊ သင်၏ဘုရားသခင်ထာဝရဘုရား၏ စကားတော်ကို စေ့စေ့နားထောင်လော့။
15:6 သင်၏ဘုရားသခင် ထာဝရဘုရားသည်၊ ကတိတော်ရှိသည်အတိုင်း ကောင်းချီးပေးတော်မူသဖြင့်၊ သင်သည် လူမျိုးများတို့အား ချေးငှားရသော အခွင့်ရှိလိမ့်မည်။ သူတို့သည် သင့်အား ချေးငှားသောအခွင့်မရှိရ။ သင်သည် လူမျိုးများတို့ကို အစိုးပိုင်ရလိမ့်မည်။ သူတို့သည် သင့်ကို အစိုးမပိုင်ရကြ။
15:7 သင်၏ ဘုရားသခင်ထာဝရဘုရား ပေးတော်မူသောပြည်တွင်၊ မြို့တစ်စုံတစ်မြို့၌ ဆင်းရဲသော ညီအစ်ကိုချင်းရှိလျှင်၊ ထိုဆင်းရဲသော ညီအစ်ကို၌ သင်သည် သနားသောစိတ်ကို မချုပ်တည်းရ။ လက်ကိုလည်း မပိတ်ရ။
15:8 သင်၏လက်ကို သူ့အဖို့ကျယ်ကျယ်ဖွင့်၍၊ သူ၏ဆင်းရဲပျောက်လောက်အောင် ချေးငှားရမည်။
15:9 သင့်စိတ်နှလုံး၌ ဆိုးညစ်သောသဘောရှိ၍၊ သတ္တမနှစ်တည်းဟူသော လွှတ်ရာနှစ်နီးပြီဟု အောက်မေ့လျက်၊ ထိုဆင်းရဲသော ညီအစ်ကိုကို မနာလိုသောစိတ်ရှိ၍၊ ဘာမျှမပေးဘဲနေလျှင် သူသည် ထာဝရဘုရားအားအော်ဟစ်သဖြင့်၊ သင်၌အပြစ်မရောက်မည်အကြောင်း သတိပြုလော့။
15:10 အကယ်စင်စစ် သူ့အားပေးရမည်။ ပေးသောအခါ နှမြောသောစိတ်မရှိရ။ အကြောင်းမူကား၊ ထိုဒါနကြောင့် သင်၏ဘုရားသခင် ထာဝရဘုရားသည်၊ သင်ပြုလေရာရာ၊ လုပ်ဆောင်လေရာရာ၌ ကောင်းချီးပေးတော်မူမည်။
15:11 သင့်နေရာပြည်၌ ဆင်းရဲသားမပြတ်ရ။ ထိုကြောင့်၊ သင့်ပြည်၌ ဆင်းရဲငတ်မွတ်သော ညီအစ်ကိုချင်းတို့အား သင်၏လက်ကို ကျယ်ကျယ်ဖွင့်ရမည်အကြောင်း ငါမှာထား၏။
15:12 သင်၏ညီအစ်ကိုချင်း၊ ဟေဗြဲအမျိုးယောက်ျား မိန်းမသည် သင်၌ကျွန်ဖြစ်၍၊ ခြောက်နှစ်အစေခံပြီးမှ၊ သတ္တမနှစ်ရောက်လျှင် လွှတ်ရမည်။
15:13 လွှတ်သောအခါ၊ လက်ချည်းမလွှတ်ဘဲ၊
15:14 သင်၏ဘုရားသခင် ထာဝရဘုရားသည် ကောင်းချီးပေးတော်မူသည်အတိုင်း၊ သင်၏သိုးစု၊ ကောက်နယ်တလင်း၊ စပျစ်သီးနယ်ရာကျင်းထဲက များစွာပေးရမည်။
15:15 သင်သည် အဲဂုတ္တုပြည်၌ ကျွန်ခံခဲ့ဖူးကြောင်းကိုလည်းကောင်း၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်ကို ရွေးနုတ်တော်မူကြောင်းကိုလည်းကောင်း၊ အောက်မေ့ရမည်။ ထိုကြောင့် ဤပညတ်ကို ယနေ့ငါထား၏။
15:16 သို့ရာတွင် ကျွန်က၊ ကျွန်တော်သည် မထွက်မသွားလိုပါ။ ကိုယ်တော်နှင့် ကိုယ်တော် အိမ်သူအိမ်သားတို့ကို ချစ်ပါ၏။ နေ၍ပျော်ပါ၏ ဟုဆိုလျှင်၊
15:17 သင်သည် စူးကိုယူ၍ တံခါး၌ ကျွန်၏နားရွက်ကို ဖောက်ပြီးမှ၊ သူသည် အစဉ်အမြဲကျွန်ခံရမည်။ ထိုအတူ ကျွန်မ၌လည်း ပြုရမည်။
15:18 သင်၏ကျွန်ကိုလွှတ်သောအခါ ခက်သည်ဟူ၍ မထင်ရ။ အကြောင်းမူကား၊ ခြောက်နှစ်ပတ်လုံး အစေခံသဖြင့်၊ သူငှားဆောင်ရွက်သော အမှုနှစ်ဆကို သူသည်ဆောင်ရွက်လေပြီ။ သင်၏ဘုရားသခင် ထာဝရဘုရားသည်လည်း သင်ပြုလေရာရာ၌ ကောင်းချီးပေးတော်မူမည်။
15:19 သင်၏သိုးနွားတို့တွင် အဦးဖွားသော အထီးရှိသမျှတို့ကို သင်၏ဘုရားသခင် ထာဝရဘုရားအဖို့ သန့်ရှင်းစေရမည်။ အဦးဖွားသောနွား၊ အဦးဖွားသောသိုးကို မသုံးဆောင်ရ။
15:20 ထာဝရဘုရား ရွေးကောက်တော်မူသောအရပ်၌ သင်၏ဘုရားသခင် ထာဝရဘုရားရှေ့တော်မှာ ထိုသိုးနွားတို့ကို နှစ်စဉ်မပြတ် အိမ်သူအိမ်သားတို့နှင့်တကွ ကိုယ်တိုင်စားရမည်။
15:21 ထိုသိုးနွားတို့၌ ခြေဆွံ့၊ မျက်စိကန်းအစရှိသော အင်္ဂါချို့တဲ့ခြင်းအပြစ်၊ အခြားသောအပြစ် တစ်စုံတစ်ခုရှိလျှင်၊ သင်၏ဘုရားသခင် ထာဝရဘုရားအား ယဇ်မပူဇော်ရ။
15:22 သင့်နေရာအရပ်၌ စားရမည်။ သမင်၊ ဒရယ်ကိုစားသကဲ့သို့ စင်ကြယ်သောသူ၊ မစင်ကြယ်သောသူတို့သည် အတူစားရကြမည်။
15:23 သို့ရာတွင် အသွေးကို မစားရ။ ရေကိုသွန်သကဲ့သို့ မြေပေါ်မှာသွန်ရမည်။