Deuteronomy 16
16:1 သင်၏ဘုရားသခင် ထာဝရဘုရားသည် အဗိဗလ၊ ညအခါ၌ သင့်ကို အဲဂုတ္တုပြည်မှ နုတ်ဆောင်တော်မူသောကြောင့်၊ အဗိဗလကိုမှတ်၍၊ သင်၏ဘုရားသခင်ထာဝရဘုရားအား ပသခါပွဲကိုခံလော့။
16:2 ထာဝရဘုရားသည် နာမတော်ကို တည်စေဖို့ရာ ရွေးကောက်တော်မူသောအရပ်၌ သိုးနွားတို့ကို ယဇ်ပူဇော်၍၊ သင်၏ဘုရားသခင် ထာဝရဘုရားအား ပသခါပွဲကိုခံရမည်။
16:3 သင်သည် အဲဂုတ္တုပြည်မှထွက်လာသောနေ့ရက်ကို တစ်သက်လုံးအောက်မေ့ဖို့ရာ ပသခါပွဲခံစဉ်၊ တဆေးပါသောမုန့်ကို မစားရဘဲ၊ တဆေးမပါသော မုန့်တည်းဟူသော ဒုက္ခမုန့်ကို ခုနစ်ရက်ပတ်လုံးစားရမည်။ အကြောင်းမူကား၊ သင်သည် အဲဂုတ္တုပြည်မှ အလျင်တဆော ထွက်လာသတည်း။
16:4 ခုနစ်ရက်ပတ်လုံး၊ သင့်နေရာပြည်၌ တဆေးပါသောမုန့် မရှိရ။ ပထမနေ့ညဥ့်ဦးယံ၌ ပူဇော်သောယဇ်၏အသားကို တစ်ညလုံး နံနက်တိုင်အောင် မကျန်ကြွင်းစေရ။
16:5 သင်၏ဘုရားသခင် ထာဝရဘုရား ပေးတော်မူသော မြို့အရပ်ရပ်တို့တွင် ပသခါယဇ်ကို ပူဇော်ရသော အခွင့်ရှိသည်မဟုတ်။
16:6 သင်၏ဘုရားသခင် ထာဝရဘုရားသည်၊ နာမတော်ကို တည်စေဖို့ရာ ရွေးကောက်တော်မူသော အရပ်တွင်၊ သင်သည် အဲဂုတ္တုပြည်မှ ထွက်လာသောအချိန်၊ နေဝင်ရာညဥ့်ဦးယံအချိန်၌ ပသခါယဇ်ကို ပူဇော်ရမည်။
16:7 သင်၏ဘုရားသခင် ထာဝရဘုရား ရွေးကောက်တော်မူသောအရပ်မှာ မီးနှင့်ကင်၍စားပြီးမှ၊ နံနက်အချိန်၌ အိမ်သို့ပြန်သွားရမည်။
16:8 ခြောက်ရက်ပတ်လုံး တဆေးမဲ့မုန့်ကို စားရမည်။ သတ္တမနေ့၌ သင်၏ဘုရားသခင် ထာဝရဘုရားအဖို့ ဓမ္မစည်းဝေးခြင်းကို ပြုရမည်။ ထိုနေ့ရက်၌ အလုပ်မလုပ်ရ။
16:9 စပါးကိုရိတ်စကာလနောက်၊ အရေအတွက်အားဖြင့် ခုနစ်သီတင်းလွန်မှ၊
16:10 သင်၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ကိုယ်တိုင်မှစ၍ သင်၏ ဘုရားသခင်ထာဝရဘုရား ကောင်းချီးပေးတော်မူသည်အတိုင်း၊ အလိုလိုပြုသောပူဇော်သကာကို ဆောင်ခဲ့ရမည်။
16:11 သင်၏ဘုရားသခင် ထာဝရဘုရားသည် နာမတော်တည်စေဖို့ရာ ရွေးကောက်တော်မူသော အရပ်တွင်၊ သင်၏ဘုရားသခင် ထာဝရဘုရားအဖို့ ခုနစ်သီတင်းပွဲကိုခံ၍ သားသမီး၊ ကျွန်ယောက်ျား မိန်းမ၊ သင့်နေရာ၌တည်းခိုသော လေဝိသား၊ ဧည့်သည်အာဂန္တု၊ မိဘမရှိသောသူ၊ မုဆိုးမတို့သည် ရွှင်လန်းခြင်းကို ပြုရကြမည်။
16:12 သင်သည် အဲဂုတ္တုပြည်၌ ကျွန်ခံခဲ့ဖူးကြောင်းကို အောက်မေ့၍၊ ဤပညတ်တရားတို့ကို ကျင့်စောင့်ရမည်။
16:13 စပါးနှင့် စပျစ်ရည်ကို သိမ်းယူပြီးမှ၊ ခုနစ်ရက်ပတ်လုံး သကေနေပွဲကို ခံရကြမည်။
16:14 ထိုပွဲခံစဉ်၊ ကိုယ်တိုင်မှစ၍၊ သားသမီး၊ ကျွန် ယောက်ျား မိန်းမ၊ သင့်နေရာ၌ တည်းခိုသောလေဝိသား၊ ဧည့်သည်အာဂန္တု၊ မိဘမရှိသောသူ၊ မုဆိုးမတို့သည် ရွှင်လန်းခြင်းကို ပြုရကြမည်။
16:15 ထာဝရဘုရား ရွေးကောက်တော်မူသောအရပ်၌၊ ခုနစ်ရက်ပတ်လုံး သင်၏ဘုရားသခင် ထာဝရဘုရားအဖို့၊ ဓမ္မပွဲကိုခံရမည်။ သင်၏ဘုရားသခင် ထာဝရဘုရားသည်၊ တိုးပွားလေရာရာ၊ သင်လုပ်ဆောင်လေရာရာ၌ ကောင်းချီးပေးတော်မူသောကြောင့်၊ အမှန်ရွှင်လန်းခြင်းကို ပြုရမည်။
16:16 အဇုမပွဲခံချိန်၊ ခုနစ်သီတင်းပွဲခံချိန်၊ သကေနေပွဲခံချိန်တည်းဟူသော တစ်နှစ်တွင် သုံးကြိမ်မြောက်အောင် သင်တို့ယောက်ျားအပေါင်းတို့သည်၊ သင်၏ဘုရားသခင်ထာဝရဘုရား ရွေးကောက်တော်မူသော အရပ်၌ ရှေ့တော်မှာ မျက်နှာပြရကြမည်။ ထိုအခါ ထာဝရဘုရားထံတော်သို့ အဘယ်သူမျှလက်ချည်း မပေါ်မလာရ။
16:17 သင်၏ ဘုရားသခင်ထာဝရဘုရား ကောင်းချီးပေးတော်မူသဖြင့်၊ လူအသီးအသီးတို့သည် တတ်နိုင်သည်အတိုင်း ဆက်ရကြမည်။
16:18 သင်၏ ဘုရားသခင်ထာဝရဘုရား ပေးတော်မူသောမြို့ ရှိသမျှတို့တွင်၊ တရားသူကြီး၊ အရာရှိတို့ကို သင့်နေရာခရိုင်များ၌ အနှံ့အပြားခန့်ထားရမည်။ သူတို့သည်၊ လူမျိုးတို့တွင် တရားမှုကို တရားသဖြင့် စီရင်ရကြမည်။
16:19 သင်သည် တရားလမ်းမှ မလွှဲရ။ လူမျက်နှာကို မထောက်ရ။ တံစိုးကို မစားရ။ တံစိုးသည် ပညာရှိမျက်စိကို ကွယ်စေတတ်၏။ ဖြောင့်မတ်သောသူ၏စကားကို ကောက်စေတတ်၏။
16:20 သင်၏ ဘုရားသခင်ထာဝရဘုရား ပေးတော်မူသောပြည်ကို သင်သည် အသက်ရှင်၍ အမွေခံမည်အကြောင်း၊ ဖြောင့်သောတရားလမ်းသို့သာ လိုက်ရမည်။
16:21 သင်၏ဘုရားသခင် ထာဝရဘုရားအဖို့ သင်တည်သော ယဇ်ပလ္လင်အနားမှာ အဘယ်သို့သော အာရှရပင်ကိုမျှ မစိုက်ရ။
16:22 သင်၏ ဘုရားသခင်ထာဝရဘုရား မုန်းတော်မူသော ရုပ်တုဆင်းတုကို မတည်မထားရ။