Deuteronomy 17
17:1 အပြစ်ပါသော သိုး၊ နွား၊ ယုတ်သောလက္ခဏာပါသော သိုး၊ နွားကို၊ သင်၏ ဘုရားသခင်ထာဝရဘုရားအား ယဇ်မပူဇော်ရ။ ထိုသို့သောယဇ်ကို သင်၏ဘုရားသခင် ထာဝရဘုရားသည် စက်ဆုပ်ရွံရှာတော်မူ၏။
17:2 သင်၏ ဘုရားသခင်ထာဝရဘုရား ပေးတော်မူသော မြို့တို့တွင်၊ နေ၊ လ၊ မိုးကောင်းကင်တန်ဆာအစရှိသော ငါမြစ်တားသမျှ အခြားတစ်ပါးသောဘုရားတို့ကိုသွား၍ ဝတ်ပြုကိုးကွယ်သဖြင့်၊ သင်၏ဘုရားသခင် ထာဝရဘုရား၏ ပဋိညာဉ်ကို လွန်ကျူး၍၊ ရှေ့တော်၌ ဒုစရိုက်ကိုပြုမိသော ယောက်ျားမိန်းမရှိသည်ဟု၊
17:4 သင်သည် သတင်းကြား၍ စေ့စေ့မေးမြန်းသောအခါ၊ ဣသရေလအမျိုး၌ ထိုစက်ဆုပ်ရွံရှာဖွယ်သောအမှုကို ပြုမိသည်မှန်လျှင်၊
17:5 ထိုဒုစရိုက်ကိုပြုမိသော ယောက်ျားမိန်းမကို မြို့တံခါးဝသို့ ထုတ်ပြီးလျှင်၊ ကျောက်ခဲနှင့်ပစ်၍ အသေသတ်ရမည်။
17:6 သက်သေခံနှစ်ယောက် သုံးယောက်ရှိလျှင် သေထိုက်သောသူသည် အသေခံရမည်။ သက်သေခံတစ်ယောက်တည်းရှိလျှင် အသေမခံရ။
17:7 ထိုသူကို အသေသတ်စိမ့်သောငှာ၊ သက်သေခံတို့သည် အဦးပြုပြီးမှ၊ လူအပေါင်းတို့သည် ပြုရကြမည်။ ထိုသို့ပြုလျှင် သင်တို့မှ ဒုစရိုက်ကို ပယ်ရကြလိမ့်မည်။
17:8 သင့်နေရာမြို့တွင် လူအသက်ကို သတ်ခြင်းအမှု၊ တရားတွေ့ခြင်းအမှု၊ လူချင်းရိုက်ပုတ်ခြင်းအမှုတို့သည် မင်းရှေ့သို့ရောက်၍ မစီရင် မဆုံးဖြတ်နိုင်လျှင်၊ သင်၏ ဘုရားသခင်ထာဝရဘုရား ရွေးကောက်တော်မူသော အရပ်သို့ သွား၍၊
17:9 ထိုကာလအခါ တရားသူကြီးလုပ်သောသူ၊ ယဇ်ပုရောဟိတ်၊ လေဝိသားတို့ရှေ့မှာ အစီရင်ခံရမည်။ သူတို့သည်လည်း စီရင်ချက်ကို ဖော်ပြရမည်။
17:10 ထာဝရဘုရား ရွေးကောက်တော်မူသော အရပ်သားတို့သည် ဖော်ပြသော စီရင်ချက်အတိုင်း၊ သင်သည် ပြုရမည်။ သူတို့သွန်သင်သည်အတိုင်း ပြုရခြင်းငှာ စောင့်ရှောက်ရမည်။
17:11 သူတို့ဖော်ပြသော ဓမ္မသတ်စီရင်ချက်၊ ကြားပြောသော ဆုံးဖြတ်ချက်ရှိသည်အတိုင်း ပြုရမည်။ သူတို့ပြသော စီရင်ချက်မှ လက်ယာဘက်၊ လက်ဝဲဘက်သို့ မလွှဲရ။
17:12 သင်၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ အမှုတော်ကိုစောင့်သော ယဇ်ပုရောဟိတ်၊ တရားသူကြီးစကားကို နားမထောင်ဘဲ ရဲရင့်စွာပြုသောသူကို အသေသတ်သဖြင့် ဣသရေလအမျိုးမှ ဒုစရိုက်ကိုပယ်ရမည်။
17:13 ထိုသတင်းကို လူခပ်သိမ်းတို့သည်ကြားလျှင် ကြောက်ရွံ့သောစိတ်ရှိသဖြင့် နောက်တစ်ဖန် ရဲရင့်စွာ မပြုဘဲနေကြလိမ့်မည်။
17:14 သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူသောပြည်ကို သင်သည် ဝင်စား၍နေသောအခါ၊ သင်က၊ ငါ့ပတ်လည်၌နေသော တစ်ပါးသောလူမျိုးအပေါင်းတို့နည်းတူ၊ ငါသည် ရှင်ဘုရင်အရာ၌ တစ်စုံတစ်ယောက်ကို ချီးမြှောက်မည်ဟု ဆိုလျှင်၊
17:15 သင်၏ဘုရားသခင် ထာဝရဘုရား ရွေးကောက်တော်မူသောသူ၊ ညီအစ်ကို အမျိုးသားချင်းကိုသာ ရှင်ဘုရင်အရာ၌ ချီးမြှောက်ရမည်။ ညီအစ်ကို အမျိုးသားချင်းမဟုတ်သော တစ်ပါးအမျိုးသားကို မချီးမြှောက်ရ။
17:16 ထိုရှင်ဘုရင်သည် ကိုယ်အဖို့ များစွာသော မြင်းတို့ကို မမွေးရ။ မြင်းများပြားစေခြင်းငှာ အဲဂုတ္တုပြည်သို့ လူကိုမပြန်စေရ။ အကြောင်းမူကား၊ ထိုလမ်းသို့မပြန်မသွားရဟု ထာဝရဘုရား အမိန့်တော်ရှိ၏။
17:17 သူ၏စိတ်နှလုံးသည် ဖောက်ပြန်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း များစွာသော မယားတို့ကို မယူရ။ ရွှေငွေကိုလည်း များစွာမဆည်းဖူးရ။
17:18 ထိုရှင်ဘုရင်သည် သားစဉ်မြေးဆက်နှင့်တကွ၊ ဣသရေလအမျိုး၌ အသက်တာရှည်စွာ စိုးစံခြင်းအလိုငှာ၊ သူ၏ဘုရားသခင်ကို ကြောက်ရွံ့၍ ဤပညတ်တရားစကားတော်အလုံးစုံတို့ကို ကျင့်စောင့်အောင် သွန်သင်မည်အကြောင်း၊ သူ၏ညီအစ်ကိုတို့ကို မထီမဲ့မြင်ပြု၍ မာနထောင်လွှားသဖြင့်၊ တရားလမ်းမှ လက်ယာဘက်၊ လက်ဝဲဘက်သို့ မလွှဲမည်အကြောင်း၊ နန်းတော်ပေါ်မှာ ထိုင်သောအခါ လေဝိသား ယဇ်ပုရောဟိတ်၌ရှိသော ဤဓမ္မပညတ်တရားစာကိုရေးကူး၍ လက်ခံစာကို တစ်သက်လုံး စောင့်ရှောက်ကြည့်ရှု ဖတ်ရွတ်ရမည်။