Deuteronomy 18
18:1 လေဝိသားယဇ်ပုရောဟိတ်အစရှိသော လေဝိသားအပေါင်းတို့သည် ဣသရေလအမျိုးသားတို့နှင့် ရော၍ အဖို့မရှိ အမွေမခံရဘဲ၊ ထာဝရဘုရား၏အမွေတည်းဟူသော မီးဖြင့်ပြုသော ပူဇော်သကာတို့ကို စားရကြမည်။
18:2 ထိုကြောင့်၊ သူတို့သည် ညီအစ်ကိုများနှင့်အတူ အမွေမခံရကြ။ ထာဝရဘုရားသည် အမိန့်တော်ရှိသည်အတိုင်း သူတို့၏ အမွေဖြစ်တော်မူ၏။
18:3 လူတို့သည် ယဇ်ပူဇော်သောအခါ၊ နွားဖြစ်စေ၊ သိုးဖြစ်စေ၊ ယဇ်ပုရောဟိတ် ခံရသောအဖို့ ပခုံးတစ်ဖက်၊ ပါးနှစ်ဖက်၊ အအူများကိုလည်းကောင်း၊
18:4 အဦးသိမ်းသော စပါး၊ စပျစ်ရည်၊ ဆီ၊ သိုးမွေးကိုလည်းကောင်း လှူရမည်။
18:5 အကြောင်းမူကား၊ သူမှစ၍ သားစဉ်မြေးဆက်တို့သည် ထာဝရဘုရားအခွင့်နှင့် အမှုတော်ကို အစဉ်ဆောင်ရွက်စေခြင်းငှာ၊ သင်၏ဘုရားသခင် ထာဝရဘုရားသည်၊ သင်၏အမျိုးအနွယ်အပေါင်းတို့တွင် သူ့ကိုရွေးကောက်တော်မူပြီ။
18:6 ဣသရေလမြို့ရွာတို့၌ တည်းခိုသော လေဝိသားတစ်စုံတစ်ယောက်သည်၊ ထာဝရဘုရား ရွေးကောက်တော်မူသောအရပ်ကို ကြည်ညိုသောစိတ်အားကြီး၍ ရောက်လာလျှင်၊
18:7 ထာဝရဘုရားရှေ့တော်၌ နေရာရသော ညီအစ်ကို လေဝိသားအပေါင်းတို့နည်းတူ သူ၏ ဘုရားသခင်ထာဝရဘုရားအခွင့်နှင့် အမှုတော်ကို ဆောင်ရွက်ရမည်။
18:8 သူ၏အမွေကိုရောင်း၍ရသော ဥစ္စာမှတစ်ပါး၊ လေဝိသားများတို့နှင့်အတူ အညီအမျှခံရမည်။
18:9 သင်၏ ဘုရားသခင်ထာဝရဘုရား ပေးတော်မူသောပြည်သို့ သင်သည် ဝင်စားသောအခါ၊ ထိုပြည်၌နေသော လူမျိုးတို့ပြုတတ်သော စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကို ပြုခြင်းငှာ မသင်ရ။
18:10 သင်တို့တွင် မိမိသားသမီးကို မီးဖြင့်ပူဇော်သောသူ၊ ဖြစ်လတ္တံ့သောအမှုကို ကိုယ်ဉာဏ်နှင့် ဟောပြောသောသူ၊ ကာလဗေဒင်ကို ကြည့်သောသူ၊ မကောင်းသောအတတ်ကို ပြုစုသောသူ၊
18:11 ပြုစားတတ်သောသူ၊ နတ်ဆိုးနှင့်ပေါင်းသောသူ၊ ဝိဇ္ဇာအတတ်ကို ပြုစုသောသူ၊ လူသေကိုမေးမြန်းသောသူ တစ်စုံတစ်ယောက်မျှ မရှိရ။
18:12 ထိုသို့ ပြုတတ်သောသူ အပေါင်းတို့ကို ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ၏။ ထိုစက်ဆုပ်ရွံရှာဖွယ်သော အမှုများတို့ကြောင့် သင်၏ ဘုရားသခင်ထာဝရဘုရားသည် ထိုလူမျိုးတို့ကို သင့်ရှေ့မှနှင်ထုတ်တော်မူ၏။
18:13 သင်သည်၊ သင်၏ ဘုရားသခင်ထာဝရဘုရား ရှေ့တော်၌ စုံလင်ခြင်းရှိရမည်။
18:14 သင်အစိုးရအံ့သော လူမျိုးတို့သည်၊ ကာလဗေဒင်ကို ကြည့်သောသူ၊ ဖြစ်လတ္တံ့သောအမှုကို ကိုယ်ဉာဏ်အားဖြင့် ဟောပြောသောသူတို့စကားကို နားထောင်တတ်ကြ၏။ သင်မူကား ထိုသို့ပြုရအောင် သင်၏ဘုရားသခင်ထာဝရဘုရားသည် အခွင့်ပေးတော်မမူ။
18:15 သင်၏ဘုရားသခင် ထာဝရဘုရားသည်၊ သင်၏အမျိုးသားချင်းတို့အထဲ၌ ငါနှင့်တူသော ပရောဖက်တစ်ပါးကို သင့်အဖို့ ပေါ်ထွန်းစေတော်မူမည်။ ထိုပရောဖက်၏စကားကို နားထောင်ရမည်။
18:16 ဟောရပ်အရပ်တွင် စည်းဝေးကြသောနေ့၌ သင်က၊ နောက်တစ်ဖန် အကျွန်ုပ်ဘုရားသခင် ထာဝရဘုရား၏စကားတော်အသံကို မကြားရပါစေနှင့်။ ထိုကြီးစွာသောမီးကို မမြင်ရပါစေနှင့်။ အကျွန်ုပ်သေမည်ကို စိုးရိမ်ပါသည်ဟု သင်၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ တောင်းပန်သမျှအတိုင်း၊
18:17 ထာဝရဘုရားက၊ သူတို့စကားသည် လျောက်ပတ်ပေ၏။
18:18 သူတို့ အမျိုးသားချင်းတို့အထဲ၌ သင်နှင့်တူသော ပရောဖက်တစ်ပါးကို သူတို့အဖို့ ငါပေါ်ထွန်းစေ၍၊ ထိုပရောဖက်နှုတ်၌ ငါ့စကားကို ငါအပ်သဖြင့် ငါမှာထားသမျှတို့ကို သူတို့အား ဆင့်ဆိုရလိမ့်မည်။
18:19 ထိုပရောဖက်သည် ငါ့အခွင့်နှင့် ဟောပြောသော ငါ့စကားတို့ကို အကြင်သူသည် နားမထောင်ဘဲနေအံ့၊ ထိုသူကို ငါစစ်ကြောမည်။
18:20 ငါမမှာထားဘဲ ငါ့အခွင့်ကိုဆောင်၍ ရဲရင့်စွာ ဟောပြောသောပရောဖက်၊ အခြားတစ်ပါးသော ဘုရားအခွင့်နှင့် ဟောပြောသောပရောဖက်သည် အသေသတ်ခြင်းကို ခံရမည်ဟု ငါ့အားမိန့်တော်မူ၏။
18:21 သင်ကလည်း ထာဝရဘုရားမိန့်တော်မူသည် မမူသည်ကို ငါတို့သည် အဘယ်သို့သိနိုင်သနည်းဟု တွေးတောလျှင်၊
18:22 ပရောဖက်သည် ထာဝရဘုရား၏အခွင့်ကိုဆောင်၍ ဟောပြောသည်အတိုင်း အမှုမဖြစ်၊ ဟောပြောသောစကား မပြည့်စုံလျှင်၊ ထိုစကားကို ထာဝရဘုရားမိန့်တော်မမူ၊ ပရောဖက်သည် ရဲရင့်စွာဟောပြောပြီ။ သူ့ကို မကြောက်ရ။