Deuteronomy 3
3:1 ထိုအခါ ငါတို့သည်လှည့်၍၊ ဗာရှန်ပြည်သို့ ခရီးသွားကြ၏။ ဗာရှန်ရှင်ဘုရင် ဩဃသည်လည်း မိမိလူအပေါင်းတို့နှင့်တကွ ဧဒြိအရပ်မှာ စစ်တိုက်ခြင်းငှာချီလာ၏။
3:2 ထာဝရဘုရားကလည်း၊ သူ့ကိုမကြောက်နှင့်။ သူနှင့်တကွ သူ၏လူအပေါင်းတို့ကိုလည်းကောင်း၊ သူ့မြေကိုလည်းကောင်း၊ သင့်လက်၌ငါအပ်ပေးမည်။ ဟေရှဘုန်မြို့နေ အာမောရိရှင်ဘုရင် ရှိဟုန်ကိုပြုသကဲ့သို့ ဤမင်းကိုလည်းပြုရမည်ဟု ငါ့အား မိန့်တော်မူ၏။
3:3 ထိုသို့ ငါတို့ဘုရားသခင်ထာဝရဘုရားသည်၊ ဗာရှန်ရှင်ဘုရင်ဩဃနှင့် သူ၏လူအပေါင်းတို့ကို ငါတို့လက်၌အပ်တော်မူသဖြင့်၊ တစ်ယောက်မျှ မကြွင်းစေခြင်းငှာ လုပ်ကြံကြ၏။
3:4 ထိုအခါ ငါတို့သည် မြို့ခြောက်ဆယ်နှင့်ပြည့်စုံသော အာဂေါဘတိုင်း၊ ဗာရှန်ရှင်ဘုရင် ဩဃမင်း၏နိုင်ငံကို၊ တစ်မြို့မျှမကြွင်းစေခြင်းငှာ တိုက်ယူကြ၏။
3:5 ထိုမြို့ရှိသမျှတို့သည် မြင့်သောမြို့ရိုး၊ မြို့တံခါးများ၊ ကန့်လန့်ကျင်များနှင့် ခိုင်ခံ့သောမြို့ဖြစ်သတည်း။ ထိုမှတစ်ပါး များစွာသောရွာတို့ကိုလည်း တိုက်ယူ၍ ရှင်းရှင်းဖျက်ဆီးကြ၏။
3:6 ဟေရှဘုန်ရှင်ဘုရင် ရှိဟုန်ကိုပြုသကဲ့သို့၊ အရပ်ရပ်၌ ယောက်ျား၊ မိန်းမ၊ သူငယ်တို့ကို သုတ်သင်ပယ်ရှင်းကြ၏။
3:7 တိရစ္ဆာန်များ၊ မြို့ရွာ၌ လက်ရဥစ္စာများရှိသမျှတို့ကို ကိုယ်ဖို့သိမ်းယူကြ၏။
3:8 ထိုအခါ အာနုန်မြစ်မှစ၍ ဟေရမုန်တောင်တိုင်အောင်၊ ယော်ဒန်မြစ် အရှေ့ဘက်၌ရှိသောမြေကို ငါတို့သည်သိမ်းယူကြ၏။
3:9 ဟေရမုန်တောင်ကို ဇိဒုန်လူတို့သည် စိရုန်ဟူ၍လည်းကောင်း၊ အာမောရိလူတို့သည် ရှုနိရဟူ၍လည်းကောင်း ခေါ်ဝေါ်ကြ၏။
3:10 ချိုင့်၌ရှိသမျှသောမြို့တို့နှင့် ဂိလဒ်ပြည်တစ်လျှောက်လုံး၊ ဩဃမင်း၏နိုင်ငံအဝင်၊ သာလကမြို့၊ ဧဒြိမြို့တိုင်အောင် ဗာရှန်ပြည်တစ်လျှောက်လုံးကို သိမ်းယူကြ၏။
3:11 အလွန်ကြီးမားသောလူမျိုးမှ ဆင်းသက်သော ဗာရှန်ရှင်ဘုရင် ဩဃတစ်ယောက်တည်းသာ ကျန်ကြွင်း၏။ လူအတောင်အားဖြင့် အလျားကိုးတောင်၊ အနံလေးတောင်ရှိသော သူ၏သံခုတင်သည် အမ္မုန်ပြည်၊ ရဗ္ဗတ်မြို့၌ရှိသည်မဟုတ်လော။
3:12 ထိုအခါ ငါတို့သိမ်းယူသောမြေကို၊ အာနုန်မြစ်နားတွင်ရှိသော အာရော်မြို့မှစ၍ ဂိလဒ်တောင်တစ်ဝက်တိုင်အောင်၊ မြို့များနှင့်တကွ ရုဗင်အမျိုးသား၊ ဂဒ်အမျိုးသားတို့အား ငါပေး၏။
3:13 ဂိလဒ်တောင်တစ်ဝက်နှင့် ဩဃမင်းအစိုးရသော နိုင်ငံအဝင်၊ အလွန်ကြီးမားသော လူမျိုးနေရာဟူ၍ ခေါ်ဝေါ်သောအာဂေါဘတိုင်း၊ ဗာရှန်ပြည်တစ်ပြည်လုံးကို မနာရှေအမျိုးသားတစ်ဝက်အား ငါပေး၏။
3:14 မနာရှေအမျိုးသား ယာဣရသည်၊ အာဂေါဘတိုင်းတစ်တိုင်းလုံးကို ဂေရှုရရွာ၊ မာခါရွာအထိသိမ်းယူပြီးမှ၊ ယနေ့တိုင်အောင် မိမိအမည်ကိုလိုက်၍ ဗာရှန်ဟာဝုတ်ယာဣရပြည်ဟု သမုတ်လေ၏။
3:15 ဂိလဒ်မြို့ကိုကား၊ မာခိရအမျိုးသားတို့အားငါပေး၏။
3:16 ရုဗင်အမျိုးသား၊ ဂဒ်အမျိုးသားတို့အားလည်း၊ ဂိလဒ်မြို့မှ အာနုန်မြစ်တိုင်အောင်၊ မြစ်ကွေ့သောမြေနှင့်တကွ၊ အမ္မုန်ပြည်အပိုင်းအခြားဖြစ်သော ယဗ္ဗုတ်မြစ်တိုင်အောင် မြေတစ်လျှောက်လုံးကိုလည်းကောင်း၊
3:17 လွင်ပြင်နှင့်တကွ ယော်ဒန်မြစ်နား၊ ဂင်္နေသရက်အရပ်မှ လွင်ပြင်နှင့်ဆိုင်သော သောဒုံအိုင်အရှေ့၊ အာဇုတ်ဝိသဂါမြို့တိုင်အောင်၊ မြေတစ်လျှောက်လုံးကိုလည်းကောင်း ငါပေး၏။
3:18 ထိုအခါ ငါက၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် ဤမြေကို သင်တို့အားအပိုင်ပေးတော်မူပြီ။ သို့ရာတွင် စစ်တိုက်တတ်သောသူအပေါင်းတို့သည် လက်နက်ကိုကိုင်၍၊ သင်တို့ညီအစ်ကို ဣသရေလအမျိုးသားတို့ရှေ့မှာ ကူးသွားရကြမည်။
3:19 ထာဝရဘုရားသည် သင်တို့အား ချမ်းသာပေးတော်မူသည်နည်းတူ၊ ညီအစ်ကိုတို့အား ပေးတော်မမူမီတိုင်အောင်လည်းကောင်း၊ ယော်ဒန်မြစ်တစ်ဖက်၌ သင်တို့၏ ဘုရားသခင်ထာဝရဘုရားပေးတော်မူသောမြေကို သူတို့သည် မသိမ်းမယူမီတိုင်အောင်လည်းကောင်း၊ သင်တို့မယား၊ သားသူငယ်များ၊ တိရစ္ဆာန်များတို့သည် ငါပေးသောမြို့တို့၌ နေရကြမည်။ သင်တို့တွင် တိရစ္ဆာန်များစွာရှိသည်ကို ငါသိ၏။ အမှုပြီးမှ ငါပေးနှင့်သည်အတိုင်း၊ သင်တို့ရှိသမျှသည် အသီးအသီး ပိုင်ထိုက်သောမြေသို့ ပြန်လာရကြမည်ဟု သင်တို့အားငါမှာထား၏။
3:21 ထိုအခါယောရှုကိုလည်း၊ သင်၏ဘုရားသခင်ထာဝရဘုရားသည် ဤရှင်ဘုရင်နှစ်ပါး၌ ပြုတော်မူသောအမှုအလုံးစုံကို သင်သည်ကိုယ်တိုင်မြင်ရပြီ။ ထိုအတူ၊ ထာဝရဘုရားသည် သင်ရောက်သမျှသောတိုင်းနိုင်ငံတို့၌ ပြုတော်မူလိမ့်မည်။
3:22 ထိုသူတို့ကို မကြောက်နှင့်။ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ဘက်၌ စစ်ကူတော်မူမည်ဟု ငါမှာထားလေ၏။
3:23 ထိုအခါ ထာဝရဘုရားကို ငါတောင်းပန်သည်ကား၊
3:24 အို အရှင်ထာဝရဘုရား၊ ကိုယ်တော်သည် ကိုယ်တော်ကျွန်အား တန်ခိုးအာနုဘော်တော်ကိုလည်းကောင်း၊ အားကြီးသောလက်တော်ကိုလည်းကောင်း ပြစပြုတော်မူပြီ။ ကိုယ်တော်စီရင်၍ တန်ခိုးတော်ကိုပြသည်အတိုင်း၊ ကောင်းကင်မြေကြီးပေါ်မှာ အဘယ်မည်သောဘုရား ပြုနိုင်ပါသနည်း။
3:25 အကျွန်ုပ်သည် ယော်ဒန်မြစ်တစ်ဖက်သို့ကူး၍၊ ထိုကောင်းမွန်သောပြည်နှင့် လေဗနုန်တောင်မှစ၍ တင့်တယ်သောတောင်များကို မြင်ရမည်အကြောင်း အခွင့်ပေးတော်မူပါဟုတောင်းပန်သော်လည်း၊
3:26 ထာဝရဘုရားသည် သင်တို့အတွက် ငါ့ကိုအမျက်ထွက်တော်မူသောကြောင့်၊ ငါ့စကားကို နားထောင်တော်မမူ။ ထာဝရဘုရားကလည်း၊ တန်တော့၊ ဤအမှုနှင့်ဆိုင်သောစကားကို နောက်တစ်ဖန်မလျှောက်နှင့်။
3:27 ပိသဂါတောင်ထိပ်ပေါ်သို့ တက်ပြီးလျှင်၊ အရှေ့၊ အနောက်၊ တောင်၊ မြောက် လေးမျက်နှာသို့မျှော်၍ ထိုပြည်ကိုကြည့်ရှုလော့။ ယော်ဒန်မြစ်ကို မကူးရ။
3:28 သို့ရာတွင် ယောရှုကိုမှာခဲ့၍ အားပေးလော့။ မစထောက်ပင့်လော့။ သူသည် ဤလူမျိုးရှေ့မှာသွား၍၊ သင်မြင်ရသောပြည်ကို အမွေခံစေရမည်ဟု ငါ့အားမိန့်တော်မူ၏။
3:29 ထိုသို့ ငါတို့သည် ဗက်ပေဂုရမြို့တစ်ဖက်၌ ရှိသောချိုင့်တွင်နေရကြ၏။