Deuteronomy 4
4:1 အို ဣသရေလအမျိုးသားတို့၊ သင်တို့သည် အသက်ရှင်၍၊ သင်တို့ဘိုးဘေးကိုးကွယ်သော ဘုရားသခင်ထာဝရဘုရား ပေးတော်မူသောပြည်ကို ဝင်စားမည်အကြောင်း၊ သင်တို့ကျင့်စရာဖို့ ငါသွန်သင်သော စီရင်ထုံးဖွဲ့ချက်တို့ကို နားထောင်ကြလော့။
4:2 ငါမှာထားသောစကား၌ သင်တို့သည် အသစ်မသွင်းရ။ အလျှင်းမနုတ်မပယ်ရ။ ငါမှာထားသည်အတိုင်း၊ သင်တို့ဘုရားသခင် ထာဝရဘုရား၏ပညတ်တော်တို့ကို စောင့်ရှောက်ရကြမည်။
4:3 ထာဝရဘုရားသည် ဗာလပေဂုရကြောင့် ပြုတော်မူသောအမှုကို သင်တို့သည် ကိုယ်တိုင်မြင်ရကြပြီ။ ဗာလပေဂုရ၌ ဆည်းကပ်သောသူအပေါင်းတို့ကို သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့အထဲက သုတ်သင်ပယ်ရှင်းတော်မူပြီ။
4:4 သင်တို့ဘုရားသခင်ထာဝရဘုရား၌ မှီဝဲသမျှသောသင်တို့မူကား၊ ယနေ့တိုင်အောင် အသက်ရှင်ရကြ၏။
4:5 သင်တို့သည်သွား၍ ဝင်စားသောပြည်၌ ကျင့်စရာဖို့၊ ငါ၏ဘုရားသခင် ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ စီရင်ထုံးဖွဲ့တော်မူချက်တို့ကို သင်တို့အား ငါသွန်သင်ပြီ။
4:6 သို့ဖြစ်၍ ထိုပညတ်တရားတို့ကို ကျင့်စောင့်ကြလော့။ သို့ပြုလျှင်၊ ထိုပညတ်တရားရှိသမျှတို့ကို ကြားရသောလူမျိုးများရှေ့မှာ၊ သင်တို့၏ဉာဏ်ပညာသည် ထင်ရှားလိမ့်မည်။ သူတို့ကလည်း၊ ဤကြီးမြတ်သောလူမျိုးသည် အကယ်စင်စစ် ဉာဏ်ပညာနှင့် ပြည့်စုံသောအမျိုးဖြစ်၏ဟု ဆိုကြလိမ့်မည်။
4:7 ငါတို့သည် ဆုတောင်းလေရာရာ၌၊ ငါတို့ဘုရားသခင် ထာဝရဘုရား ကြည့်ရှုပြုစုတော်မူခြင်းကျေးဇူးကို ခံရသည်နည်းတူ၊ အခြားသောဘုရားကြည့်ရှုပြုစုသောကျေးဇူးကို အဘယ်မည်သောလူမျိုးကြီး ခံရသနည်း။
4:8 ငါသည် ယနေ့သင်တို့၌ထားသော တရားအပေါင်းနှင့်အမျှ ဖြောင့်မတ်သော စီရင်ထုံးဖွဲ့ချက်တို့ကိုရသော အဘယ်လူမျိုးကြီး ရှိသနည်း။
4:9 သင်တို့သည်၊ ဟောရပ်အရပ်မှာ သင်တို့၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ရပ်နေကြသောအခါ၊ ကိုယ်တိုင်မြင်သော အမှုအရာတို့ကို မမေ့မလျော့။ နောက်တစ်သက်လုံး နှလုံးသွင်းနိုင်မည်အကြောင်း ကိုယ်ကိုကိုယ်သတိပြုကြလော့။ ကိုယ်စိတ်နှလုံးကိုကြိုးစား၍ စောင့်ရှောက်ကြလော့။ ထိုအရာတို့ကို သားမြေးတို့အားလည်း သွန်သင်ကြလော့။
4:10 ထိုအခါထာဝရဘုရားက၊ လူများတို့ကို ငါ့ထံမှာစုဝေးစေလော့။ သူတို့သည် မြေကြီးပေါ်မှာ အသက်ရှင်သမျှသောကာလပတ်လုံး ငါ့ကိုကြောက်ရွံ့၍ သားမြေးတို့အား သွန်သင်စေခြင်းငှာ၊ ငါ့စကားကိုကြားစေမည်ဟု ငါ့အားမိန့်တော်မူသည်အတိုင်း၊
4:11 သင်တို့သည် အနီးတော်သို့ချဉ်းကပ်၍၊ တောင်ခြေရင်း၌ ရပ်နေကြ၏။ တောင်ထိပ်သည် မိုးကောင်းကင်အလယ်၌ မီးလောင်လျက်၊ မည်းသောအဆင်း၊ မိုးတိမ်တိုက်၊ ထူထပ်သောမှောင်မိုက်နှင့် ပြည့်စုံလေ၏။
4:12 ထာဝရဘုရားသည်လည်း၊ မီးထဲကသင်တို့အား မိန့်မြွက်တော်မူ၏။ သင်တို့သည် သဏ္ဌာန်တော်ကိုမမြင်ရဘဲ၊ စကားတော်အသံကိုသာ ကြားရကြ၏။
4:13 သင်တို့ကျင့်စရာဖို့ မှာထားတော်မူသော ပဋိညာဉ်တရားတည်းဟူသော ပညတ်တော်ဆယ်ပါးတို့ကို မိန့်မြွက်၍ ကျောက်ပြားနှစ်ပြားပေါ်၌ ရေးထားတော်မူ၏။
4:14 သင်တို့သည်သွား၍ ဝင်စားသောပြည်၌ကျင့်စရာဖို့ သင်တို့အားငါသွန်သင်ရသော စီရင်ထုံးဖွဲ့ချက်တို့ကိုလည်း၊ ထိုအခါ ထာဝရဘုရားသည် ငါ့အားမှာထားတော်မူ၏။
4:15 ဟောရပ်အရပ်၌ ထာဝရဘုရားသည် မီးထဲကသင်တို့အား မိန့်မြွက်တော်မူသောအခါ၊ မည်သည့်အဆင်းသဏ္ဌာန်ကိုမျှ မမြင်ရသည်ဖြစ်၍၊
4:16 နောက်တစ်ဖန် သင်တို့သည်လူယောက်ျား၊ လူမိန်းမသဏ္ဌာန်၊
4:17 မြေကြီးပေါ်မှာရှိသော တိရစ္ဆာန်သဏ္ဌာန်၊ မိုးကောင်းကင်၌ပျံတတ်သော ငှက်သဏ္ဌာန်၊
4:18 မြေပေါ်မှာ တွားတတ်သောတိရစ္ဆာန်သဏ္ဌာန်၊ မြေနိမ့်ရာရေ၌ နေသောငါးသဏ္ဌာန်ရှိသော ရုပ်တုကို၊ သင်တို့သည်ဖောက်ပြန်၍ ကိုယ်အဖို့ မလုပ်ရမည်အကြောင်း၊
4:19 မိုးကောင်းကင်ကိုမျှော်၍၊ နေ၊ လ၊ ကြယ်များတည်းဟူသော မိုးကောင်းကင်တန်ဆာရှိသမျှတို့ကို မြင်သောအခါ၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည်၊ မိုးကောင်းကင်အောက်၌ ရှိသမျှသောလူမျိုးတို့အား ဝေငှပေးကမ်းတော်မူသော ထိုတန်ဆာတို့ကို ဝတ်ပြုကိုးကွယ်စေခြင်းငှာ၊ သူတစ်ပါးတို့သည် သွေးဆောင်၍ မရနိုင်မည်အကြောင်း၊ ကိုယ်ကိုကိုယ် သတိပြုကြလော့။
4:20 သင်တို့သည် ယနေ့၌ဖြစ်သကဲ့သို့၊ ထာဝရဘုရားအမွေခံတော်မူသော လူမျိုးဖြစ်စေခြင်းငှာ၊ သင်တို့ကို အဲဂုတ္တုပြည် သံမီးဖိုထဲကနုတ်၍ ယူဆောင်တော်မူပြီ။
4:21 ထိုမှတစ်ပါး၊ ထာဝရဘုရားသည် သင်တို့အတွက် ငါ့ကိုအမျက်တော်ထွက်၍၊ ငါသည် ယော်ဒန်မြစ်တစ်ဖက်သို့ မကူးရမည်အကြောင်းနှင့် သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့အမွေခံစရာဖို့ပေးတော်မူသော ထိုပြည်မြတ်သို့ မဝင်စားရမည်အကြောင်း ကျိန်ဆိုတော်မူပြီ။
4:22 သို့ဖြစ်၍ ဤပြည်၌ငါသေရမည်၊ ယော်ဒန်မြစ်ကို မကူးရ။ သင်တို့သည်ကူး၍ ထိုကောင်းမွန်သောပြည်ကို ဝင်စားကြလိမ့်မည်။
4:23 သင်တို့၏ ဘုရားသခင်ထာဝရဘုရားသည် သင်တို့၌ထားတော်မူသော ပဋိညာဉ်တရားကိုမေ့လျော့၍၊ သင်တို့ဘုရားသခင် ထာဝရဘုရား မြစ်တားတော်မူသော အရာတို့၏ သဏ္ဌာန်ရှိသောရုပ်တုကို မလုပ်မည်အကြောင်း၊ ကိုယ်ကိုကိုယ်သတိပြုကြလော့။
4:24 အကြောင်းမူကား၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရားသည် လောင်သောမီး၊ အပြစ်ရှိသည်ဟု ယုံလွယ်သောဘုရား ဖြစ်တော်မူ၏။
4:25 သင်တို့သည် သားမြေးတို့ကိုဖွားမြင်၍၊ ထိုပြည်၌ကြာမြင့်စွာနေပြီးမှ၊ တစ်ဖန် ဖောက်ပြန်သဖြင့်၊ သဏ္ဌာန်တစ်စုံတစ်ခုရှိသော ရုပ်တုကိုလုပ်၍၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရား အမျက်တော်ကို နှိုးဆော်ခြင်းငှာ ရှေ့တော်၌ဒုစရိုက်ကိုပြုလျှင်၊
4:26 ကောင်းကင်မြေကြီးကို သင်တို့တစ်ဖက်၌ ယနေ့ငါတိုင်တည်သည်ကား၊ သင်တို့သည် ယော်ဒန်မြစ်ကိုကူး၍ ဝင်စားသောပြည်၌၊ မကြာမမြင့်မီ ဆက်ဆက် ပျောက်ပျက်ရကြလိမ့်မည်။ ထိုပြည်၌ တာရှည်စွာ အသက်မရှင်ရ။ ရှင်းရှင်းပျက်စီးခြင်းသို့ ရောက်ရကြလိမ့်မည်။
4:27 ထာဝရဘုရားသည်လည်း၊ သင်တို့ကိုတစ်ပါးအမျိုးသားတို့တွင် အရပ်ရပ်ကွဲပြားစေ၍၊ နှင်ထုတ်တော်မူသော သာသနာပလူတို့တွင် သင်တို့သည် နည်းနည်းကျန်ကြွင်းရကြလိမ့်မည်။
4:28 ထိုအရပ်တို့၌၊ လူလက်ဖြင့်လုပ်၍မမြင်နိုင်၊ မကြားနိုင်၊ မစားနိုင်၊ မနမ်းနိုင်သောသစ်သားဘုရား၊ ကျောက်ဘုရားတို့ကို သင်တို့သည် ဝတ်ပြုရကြလိမ့်မည်။
4:29 သို့သော်လည်း၊ ထိုအရပ်တို့၌ သင်တို့၏ဘုရားသခင် ထာဝရဘုရားကို တစ်ဖန်ရှာလိုသောအခါ၊ စိတ်နှလုံးအကြွင်းမဲ့ရှာလျှင် တွေ့ရကြလိမ့်မည်။
4:30 သင်တို့သည် နောင်ကာလ၌ ဒုက္ခဆင်းရဲကိုခံရ၍၊ ဤအမှုအလုံးစုံတို့နှင့် တွေ့ကြုံသောအခါ၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားထံတော်သို့ပြန်လာ၍ စကားတော်ကိုနားထောင်လျှင်၊
4:31 သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သနားတတ်သောဘုရား ဖြစ်တော်မူသောကြောင့် သင်တို့ကို စွန့်ပစ်ဖျက်ဆီးတော်မမူ။ သင်တို့ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသောပဋိညာဉ်တရားကို မေ့လျော့တော်မမူ။
4:32 ဘုရားသခင်သည် မြေကြီးပေါ်မှာ လူကိုဖန်ဆင်းတော်မူသောနေ့မှစ၍၊ သင်တို့ မဖြစ်မီ လွန်လေပြီးသောကာလပတ်လုံး၊ မိုးကောင်းကင်တစ်ဖက်မှ တစ်ဖက်တိုင်အောင် မေးမြန်းကြလော့။ ဤမျှလောက် ကြီးသောအမှု ဖြစ်ဖူးသလော။ ဤကဲ့သို့သော အမှု၏သတင်းကို ကြားဖူးသလော။
4:33 ဘုရားသခင်သည် မီးထဲကမိန့်မြွက်တော်မူသံကို သင်တို့သည်ကြားသကဲ့သို့၊ အခြားသောလူမျိုးသည် ကြား၍၊ အသက်ချမ်းသာရဖူးသလော။
4:34 သင်တို့၏ဘုရားသခင် ထာဝရဘုရားသည်၊ အဲဂုတ္တုပြည်မှာ သင်တို့မျက်မှောက်၌ ပြုတော်မူသကဲ့သို့၊ စုံစမ်းခြင်းနိမိတ်လက္ခဏာနှင့် အံ့ဖွယ်သောအမှုတို့ကိုပြခြင်း၊ စစ်မှုကိုရောက်စေခြင်း၊ အားကြီးသောလက်ရုံးတော်ကိုဆန့်ခြင်း၊ ကြောက်မက်ဖွယ်သောရူပါရုံတို့ကို ပြခြင်းအားဖြင့်၊ အခြားတစ်ပါးသောဘုရားသည်သွား၍ လူတစ်မျိုးထဲကတစ်မျိုးကို မိမိအဖို့ နုတ်ယူဖူးသလော။
4:35 ထာဝရဘုရားသည် ဘုရားသခင် ဖြစ်တော်မူကြောင်းကိုလည်းကောင်း၊ ကိုယ်တော်မှတစ်ပါး အခြားသောဘုရား မရှိကြောင်းကိုလည်းကောင်း၊ သင်တို့သိစေခြင်းငှာ၊ ထိုအခြင်းအရာတို့ကို သင်တို့အားပြတော်မူပြီ။
4:36 သင်တို့ကိုသွန်သင်၍ ကောင်းကင်ထဲက စကားတော်သံကို ကြားစေတော်မူပြီ။ မြေကြီးပေါ်မှာ ကြီးစွာသောမီးတော်ကိုလည်း ပြတော်မူ၍၊ သင်တို့သည် မီးထဲကစကားတော်ကို ကြားရကြပြီ။
4:37 သင်တို့ဘိုးဘေးများကို ချစ်တော်မူသောကြောင့်၊ သူတို့အမျိုးအနွယ်ကို ရွေးကောက်တော်မူပြီ။
4:38 သင်တို့ထက်အားကြီး၍ များပြားသောလူမျိုးတို့ကို သင်တို့ရှေ့မှ နှင်ထုတ်တော်မူ၍၊ ယနေ့ပင်ဖြစ်သကဲ့သို့ သူတို့မြေထဲသို့ သင်တို့ကိုသွင်း၍ အမွေခံစေခြင်းငှာ၊ မဟာတန်ခိုးတော်အားဖြင့် အဲဂုတ္တုပြည်မှ ရှေ့တော်၌နုတ်ဆောင်တော်မူပြီ။
4:39 သို့ဖြစ်၍ ထာဝရဘုရားသည် အထက်ကောင်းကင်ပေါ်၊ အောက်အရပ် မြေကြီးပေါ်မှာ ဘုရားသခင်ဖြစ်တော်မူကြောင်းကိုလည်းကောင်း၊ အခြားတစ်ပါးသောဘုရား မရှိကြောင်းကိုလည်းကောင်း၊ ယနေ့သိမှတ်၍ နှလုံး၌သွင်းမိကြလော့။
4:40 သင်တို့နှင့်တကွ သားမြေးတို့သည် ချမ်းသာရခြင်းငှာလည်းကောင်း၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားပေးတော်မူသောပြည်၌ အသက်တာရှည်စေခြင်းငှာလည်းကောင်း၊ ယနေ့ငါမှာထားသော ပညတ်တရားတော်တို့ကို စောင့်ရှောက်ရကြမည်ဟု မောရှေသည် ဟောပြောလေ၏။
4:41 ထိုအခါ အိမ်နီးချင်းကိုအငြိုးမထားဘဲ၊ အမှတ်တမဲ့သတ်မိသောသူသည် ပြေး၍၊
4:42 အသက်ချမ်းသာရသော မြို့သုံးမြို့တို့ကို ယော်ဒန်မြစ်အရှေ့၊ နေထွက်ရာဘက်၌ မောရှေသည်ခွဲထားလေ၏။
4:43 ထိုမြို့တို့၏အမည်ကား၊ ရုဗင်အမျိုးသားနေရာ တောလွင်ပြင်၌ ဗေဇာမြို့၊ ဂဒ်အမျိုးသားနေရာ ဂိလဒ်ပြည်၌ရာမုတ်မြို့၊ မနာရှေအမျိုးသားနေရာ ဗာရှန်ပြည်၌ဂေါလန်မြို့တည်း။
4:44 ဤရွေ့ကား၊ မောရှေသည် ဣသရေလအမျိုးသားတို့၌ထားသောတရား၊
4:45 သူတို့သည် အဲဂုတ္တုပြည်မှထွက်သောနောက်၊ ဟေရှဘုန်မြို့နေ အာမောရိရှင်ဘုရင်ရှိဟုန်၏နိုင်ငံအတွင်း၊ ယော်ဒန်မြစ်အရှေ့ဘက်၊ ဗက်ပေဂုရမြို့ တစ်ဖက်၌ရှိသောချိုင့်တွင်၊ မောရှေဟောပြောသောသက်သေစကား၊ စီရင်ထုံးဖွဲ့သော စကားတည်း။
4:46 မောရှေနှင့် ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှထွက်ကြသောနောက်၊ ထိုရှင်ဘုရင်နှင့်၊
4:47 ဗာရှန်ရှင်ဘုရင်ဩဃတည်းဟူသော၊ ယော်ဒန်မြစ်အရှေ့၊ နေထွက်ရာဘက်၌နေသော အာမောရိရှင်ဘုရင်နှစ်ပါးကို လုပ်ကြံ၍၊ သူတို့ပြည်ကို၊
4:48 အာနုန်မြစ်နားမှာရှိသော အာရော်မြို့မှစ၍ ဟေရမုန်တောင်တည်းဟူသော ဇိအုန်တောင်တိုင်အောင်လည်းကောင်း၊
4:49 ယော်ဒန်မြစ်အရှေ့ဘက် လွင်ပြင်နှင့်တကွ လွင်ပြင်နှင့်ဆိုင်သောအိုင်နား၊ အာဇုတ်ပိသဂါမြို့တိုင်အောင်လည်းကောင်း သိမ်းယူကြ၏။