Joshua 6
6:1 ထိုအခါ ဣသရေလအမျိုးသားတို့ကြောင့်၊ ယေရိခေါမြို့သည် ကျပ်တည်းစွာပိတ်ထားလျက်ရှိ၍၊ ထွက်သောသူ၊ ဝင်သောသူ တစ်စုံတစ်ယောက်မျှ မရှိသည်နှင့်အညီ၊
6:2 ထာဝရဘုရားက၊ ကြည့်ရှုလော့။ ယေရိခေါမြို့၊ ယေရိခေါမင်းကြီးနှင့်တကွ ခွန်အားကြီးသော စစ်သူရဲတို့ကို သင့်လက်၌ ငါအပ်လေပြီ။
6:3 သို့ဖြစ်၍ မြို့ကိုလှည့်ပတ်ရကြမည်။ ဣသရေလ စစ်သူရဲအပေါင်းတို့သည် ခြောက်ရက်ပတ်လုံး လှည့်ပတ်ခြင်းအမှုကို ပြုရကြမည်။
6:4 ယဇ်ပုရောဟိတ်ခုနစ်ယောက်တို့သည် သေတ္တာတော်ရှေ့မှာ ယုဘိလတံပိုးခုနစ်လုံးကို ဆောင်ရကြမည်။ သတ္တမနေ့ရက်၌ ခုနစ်ကြိမ်တိုင်အောင် မြို့ကိုလှည့်ပတ်၍ ယဇ်ပုရောဟိတ်တို့သည် တံပိုးကိုမှုတ်ရကြမည်။
6:5 ယုဘိလတံပိုးတို့ကို ရှည်သောအသံနှင့် မှုတ်၍၊ တံပိုးသံကိုကြားလျှင် လူအပေါင်းတို့သည် ကျယ်သောအသံနှင့် ကြွေးကြော်၍၊ မြို့ရိုးသည် အကုန်အစင် ပြိုလဲရလိမ့်မည်။ ထိုအခါ လူများတို့သည် တည့်တည့်တက်ရကြမည်ဟု ယောရှုအား မိန့်တော်မူ၏။
6:6 နုန်၏သားယောရှုသည် ယဇ်ပုရောဟိတ်တို့ကိုခေါ်၍၊ သင်တို့သည် ပဋိညာဉ်သေတ္တာတော်ကိုထမ်းသွားသဖြင့်၊ ထာဝရဘုရား၏သေတ္တာတော်ရှေ့မှာ ခုနစ်ယောက်တို့သည် ယုဘိလတံပိုးခုနစ်လုံးကို ဆောင်သွားကြလော့ဟူ၍လည်းကောင်း၊
6:7 လူများတို့အားလည်း၊ သင်တို့သွား၍ မြို့ကိုလှည့်ပတ်ကြလော့။ လက်နက်ကိုင်တို့သည် ထာဝရဘုရား၏သေတ္တာတော်ရှေ့မှာ သွားကြလော့ဟူ၍လည်းကောင်း မှာထားလေ၏။
6:8 ယောရှုသည် လူများတို့အားမှာထားပြီးမှ၊ ယုဘိလတံပိုး ခုနစ်လုံးကိုဆောင်သော ယဇ်ပုရောဟိတ်ခုနစ်ယောက်တို့သည် ထာဝရဘုရားရှေ့တော်၌ တံပိုးမှုတ်လျက်သွားကြ၏။ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်သည် သူတို့နောက်သို့ လိုက်လေ၏။
6:9 တံပိုးမှုတ်သော ယဇ်ပုရောဟိတ်တို့ရှေ့မှာ လက်နက်ကိုင်တို့သည်သွား၍၊ ယဇ်ပုရောဟိတ်များ တံပိုးမှုတ်လျက်သွားကြစဉ်၊ နောက်တပ်သားတို့သည် သေတ္တာတော်နောက်သို့ လိုက်ကြ၏။
6:10 ယောရှုကလည်း၊ သင်တို့သည် ကြွေးကြော်စေခြင်းငှာ ငါမှာထားသောနေ့မရောက်မီတွင် မကြွေးကြော်ရ၊ အသံတစ်စုံတစ်ခုကိုမျှ မပြုရ၊ စကားတစ်ခွန်းကိုမျှ မပြောရ။ ထိုနေ့ရောက်မှ ကြွေးကြော်ရကြမည်ဟု လူများတို့အားမှာနှင့်လေပြီ။
6:11 ထိုသို့ ထာဝရဘုရား၏သေတ္တာတော်သည် မြို့ကိုတစ်ကြိမ် လှည့်ပတ်ဝိုင်းသွားပြီးလျှင်၊ တပ်ထဲသို့ဝင်ပြန်၍ ညကိုလွန်စေကြ၏။
6:12 နံနက်စောစော ယောရှုသည်ထ၍ ယဇ်ပုရောဟိတ်တို့သည် ထာဝရဘုရား၏သေတ္တာတော်ကို ထမ်းယူကြ၏။
6:13 ထာဝရဘုရား၏သေတ္တာတော်ရှေ့မှာ ယုဘိလတံပိုးခုနစ်လုံးကိုဆောင်သော ယဇ်ပုရောဟိတ် ခုနစ်ယောက်တို့သည် သွားမြဲသွား၍ တံပိုးမှုတ်ကြ၏။ လက်နက်ကိုင်တို့သည် သူတို့ရှေ့မှာသွား၍ ယဇ်ပုရောဟိတ်များ တံပိုးမှုတ်လျက်သွားကြစဉ်၊ နောက်တပ်သားတို့သည် ထာဝရဘုရား၏သေတ္တာတော်နောက်သို့ လိုက်ကြ၏။
6:14 ဒုတိယနေ့၌ မြို့ကိုတစ်ကြိမ်လှည့်ပတ်ပြီးမှ တပ်ထဲသို့ ပြန်လာကြ၏။ ထိုသို့ ခြောက်ရက်ပတ်လုံး ပြုကြ၏။
6:15 သတ္တမနေ့ နံနက်စောစော မိုးလင်းစကထ၍ အရင်နည်းတူ၊ ခုနစ်ကြိမ်တိုင်အောင် မြို့ကိုလှည့်ပတ်ကြ၏။ ထိုနေ့၌သာ ခုနစ်ကြိမ်တိုင်အောင် မြို့ကိုလှည့်ပတ်ရကြ၏။
6:16 သတ္တမအကြိမ်တွင် ယဇ်ပုရောဟိတ်တို့သည် တံပိုးမှုတ်သောအခါ၊ ယောရှုက၊ ကြွေးကြော်ကြလော့။ ထာဝရဘုရားသည် သင်တို့အားမြို့ကို ပေးတော်မူမည်။
6:17 မြို့နှင့်တကွ မြို့၌ရှိသမျှတို့ကိုကျိန်၍ ထာဝရဘုရား၌ အပ်ရမည်။ သို့ရာတွင် ပြည့်တန်ဆာရာခပ်သည် ငါတို့စေလွှတ်သောတမန်တို့ကို ဝှက်ထားသောကြောင့်၊ သူနှင့်တကွ သူ၏အိမ်၌ရှိသမျှတို့အား အသက်ချမ်းသာပေးရမည်။
6:18 သင်တို့သည် ကျိန်အပ်သောအရာကို သတိနှင့်ရှောင်ကြလော့။ သို့မဟုတ် ထိုအရာကိုသိမ်းယူလျှင် မိမိတို့ကိုလည်းကောင်း၊ ဣသရေလတပ်ကိုလည်းကောင်း အကျိန်ခံစေ၍၊ နှောင့်ယှက်မည်ကို စိုးရိမ်စရာရှိ၏။
6:19 ရွှေငွေကိုလည်းကောင်း၊ ကြေးဝါတန်ဆာ၊ သံတန်ဆာရှိသမျှတို့ကိုလည်းကောင်း၊ ထာဝရဘုရားအဖို့ သန့်ရှင်းစေ၍၊ ဘဏ္ဍာတော်ထဲသို့ သွင်းထားရကြမည်ဟု လူများတို့အား ယောရှုသည်မှာထားလေ၏။
6:20 ထိုသို့နှင့်အညီ တံပိုးကိုမှုတ်၍၊ လူများတို့သည် ကြွေးကြော်ကြ၏။ တံပိုးသံကိုကြား၍ ကျယ်သောအသံနှင့် ကြွေးကြော်ကြသောအခါ၊ မြို့ရိုးသည် အကုန်အစင်ပြိုလဲ၍၊ လူများအပေါင်းတို့သည် မြို့ထဲသို့ တည့်တည့်ဝင်ပြီးလျှင် သိမ်းယူကြ၏။
6:21 မြို့ထဲ၌ရှိသမျှသော ယောက်ျား၊ မိန်းမ၊ အကြီးအငယ်၊ သိုး၊ နွား၊ မြည်းရှိသမျှတို့ကို ဓားနှင့် ရှင်းရှင်းဖျက်ဆီးကြ၏။
6:22 ထိုပြည်ကို စူးစမ်းသော လူနှစ်ယောက်တို့အား ယောရှုက၊ သင်တို့သည် ကျိန်ဆိုသည်အတိုင်း၊ ပြည့်တန်ဆာမိန်းမအိမ်သို့သွား၍၊ သူနှင့်တကွ သူ၌ရှိသမျှတို့ကို ဆောင်ခဲ့ကြလော့ဟု မှာလိုက်သည်အတိုင်း၊
6:23 သူလျှိုလုပ်သောလုလင်တို့သည် ဝင်၍၊ ရာခပ်နှင့် သူ့မိဘ၊ သူ့မောင်များ၊ သူ၌ရှိသမျှတို့ကိုလည်းကောင်း၊ သူ့ပေါက်ဖော်အပေါင်းတို့ကိုလည်းကောင်း ထုတ်ဆောင်ခဲ့၍၊ ဣသရေလတပ်ပြင်မှာ ထားပြီးလျှင်၊
6:24 မြို့နှင့်တကွ မြို့၌ရှိသမျှတို့ကို မီးရှို့ကြ၏။ သို့ရာတွင် ရွှေငွေကိုလည်းကောင်း၊ ကြေးဝါတန်ဆာ၊ သံတန်ဆာတို့ကိုလည်းကောင်း၊ ထာဝရဘုရား၏ ဘဏ္ဍာတော်ထဲသို့ သွင်းထားကြ၏။
6:25 ယောရှုသည်လည်း၊ ပြည့်တန်ဆာရာခပ်နှင့် သူ့ပေါက်ဖော်၊ သူ၌ရှိသမျှတို့ကို အသက်ချမ်းသာပေး၍၊ သူသည် ဣသရေလအမျိုးသားတို့တွင် ယနေ့တိုင်အောင် နေရလေ၏။ အကြောင်းမူကား၊ ယေရိခေါမြို့ကို စူးစမ်းစေခြင်းငှာ၊ ယောရှုစေလွှတ်သော တမန်တို့ကို သူသည်ဝှက်ထားသောကြောင့်တည်း။
6:26 ထိုအခါယောရှုက၊ အကြင်သူသည်ထ၍ ယေရိခေါမြို့ကို တည်ပြန်၏။ ထိုသူသည် ထာဝရဘုရားရှေ့တော်၌ ကျိန်အပ်သောသူ ဖြစ်ပါစေ။ သူသည် သားဦးလက်ထက်၌ မြို့ရိုးအမြစ်ကိုတည်၍ သားထွေးလက်ထက်၌ မြို့တံခါးတို့ကိုထောင်ပါစေဟု ကျိန်ဆို၏။
6:27 ထိုသို့ ထာဝရဘုရားသည် ယောရှုနှင့်အတူ ရှိတော်မူ၍၊ သူ၏သတင်းသည် တစ်ပြည်လုံး၌ နှံ့ပြားကျော်စောလေ၏။