Joshua 7
7:1 သို့ရာတွင် ယုဒအမျိုး၊ ဇေရ၊ ဇာဗဒိ၊ ကာမိတို့မှ ဆင်းသက်သော အာခန်သည်၊ ကျိန်အပ်သောအရာကိုသိမ်းယူ၍ ထိုအရာအားဖြင့် ဣသရေလအမျိုးသားတို့သည် ပြစ်မှားသောအပြစ်ရှိသောကြောင့်၊ ထာဝရဘုရားသည် သူတို့၌ အမျက်ထွက်တော်မူ၏။
7:2 ယောရှုသည်လည်း၊ ယေရိခေါမြို့မှ လူတို့ကိုစေလွှတ်၍၊ သင်တို့သည် ဗေသလမြို့အရှေ့၊ ဗေသဝင်မြို့အနားမှာရှိသော အာဣမြို့သို့သွား၍ ထိုပြည်ကို ကြည့်ရှုကြလော့ဟု မှာထားသည်အတိုင်း သူတို့သည်သွား၍၊ အာဣမြို့ကို ကြည့်ရှုပြီးလျှင်၊
7:3 ယောရှုထံသို့ ပြန်လာ၍၊ ဤလူတို့ကို အကုန်အစင် မသွားပါစေနှင့်။ လူနှစ်ထောင် သုံးထောင်လောက်သွား၍ အာဣမြို့ကို လုပ်ကြံပါစေ။ ထိုမြို့သို့ သွားရာတွင် ဤလူအပေါင်းတို့ကို မပင်ပန်းပါစေနှင့်။ မြို့သားတို့သည်မများပါဟု လျှောက်သည်နှင့်အညီ၊
7:4 လူသုံးထောင်ခန့်မျှ ချီသွား၍ အာဣမြို့သားတို့ရှေ့မှာ ပြေးရကြ၏။
7:5 အာဣမြို့သားတို့သည် လူသုံးဆယ်ခြောက်ယောက်တို့ကို သတ်ကြ၏။ မြို့တံခါးမှသည် ရှေဗရိမ်အရပ်တိုင်အောင်လိုက်၍၊ ထိုအရပ်၌ ဆင်းရာတွင် လုပ်ကြံကြသောကြောင့်၊ လူများတို့၏စိတ်နှလုံးသည် အရည်ကျို၍ ရေကဲ့သို့ဖြစ်လေ၏။
7:6 ထိုအခါ ယောရှုသည် မိမိအဝတ်ကိုဆုတ်၍ ဣသရေလအမျိုး အသက်ကြီးသူတို့နှင့်တကွ၊ မိမိတို့ခေါင်းပေါ်၌ မြေမှုန့်ကိုတင်၍ ထာဝရဘုရား၏သေတ္တာတော်ရှေ့မှာ ညဥ့်ဦးတိုင်အောင် ဝပ်လျက်နေကြ၏။
7:7 ယောရှုကလည်း၊ အို အရှင်ထာဝရဘုရား၊ ကိုယ်တော်သည် ဤလူအပေါင်းတို့ကို အာမောရိလူတို့လက်သို့အပ်၍ ဖျက်ဆီးစေခြင်းငှာ ယော်ဒန်မြစ်တစ်ဖက်သို့ အဘယ်ကြောင့်ဆောင်ခဲ့တော်မူသနည်း။ အကျွန်ုပ်တို့သည် ရောင့်ရဲသောစိတ်ရှိ၍ ယော်ဒန်မြစ်အရှေ့ဘက်၌ နေကြပါစေသော။
7:8 အိုဘုရားရှင်၊ ဣသရေလအမျိုးသားတို့သည် ရန်သူတို့ရှေ့မှာ ကျောကိုလှည့်ရကြသည်ဖြစ်၍ အကျွန်ုပ်သည် အဘယ်သို့ ပြောရပါမည်နည်း။
7:9 ခါနနိလူ အစရှိသော ဤပြည်သူပြည်သားအပေါင်းတို့သည် ထိုသတင်းကိုကြားလျှင်၊ အကျွန်ုပ်တို့ကိုဝိုင်း၍ အကျွန်ုပ်တို့၏နာမည်ကို မြေကြီးမှ ပယ်ရှင်းကြပါလိမ့်မည်။ ကိုယ်တော်သည် ကြီးမြတ်သော နာမတော်အဖို့အလိုငှာ အဘယ်သို့ ပြုတော်မူမည်နည်းဟု လျှောက်ဆို၏။
7:10 ထာဝရဘုရားကလည်း၊ ထလော့။ အဘယ်ကြောင့် ဝပ်၍နေသနည်း။
7:11 ဣသရေလအမျိုးသည် ပြစ်မှားပြီ။ ငါမှာထားသော ပဋိညာဉ်တရားကို ဖျက်လေပြီ။ ကျိန်အပ်သောအရာကို ခိုးယူ၍ ပရိယာယ်ပြုသဖြင့် မိမိဥစ္စာထဲမှာထားလေပြီ။
7:12 ထိုသို့ ဣသရေလအမျိုးသားတို့သည် ကျိန်အပ်သောသူဖြစ်သောကြောင့်၊ ရန်သူတို့ရှေ့မှာ မခံမရပ်နိုင်၊ ကျောကိုလှည့်ရကြ၏။ ကျိန်အပ်သောသူကို သင်တို့အထဲက မပယ်မရှင်းလျှင် သင်တို့နှင့်အတူ ငါမနေ။
7:13 ထ၍ လူများတို့ကို သန့်ရှင်းစေလော့။ နက်ဖြန်နေ့အဖို့ ကိုယ်ကိုကိုယ် သန့်ရှင်းစေကြဟု ဆင့်ဆိုလော့။ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အိုဣသရေလအမျိုး၊ ကျိန်အပ်သောအရာသည် သင်တို့အထဲ၌ရှိ၏။ ထိုအရာကို သင်တို့အထဲက မပယ်မရှင်းမီတိုင်အောင် ရန်သူတို့ရှေ့မှာ မခံမရပ်နိုင်ကြ။
7:14 နက်ဖြန်နံနက်၌ သင်တို့သည် အမျိုးအနွယ်အလိုက်ချဉ်းကပ်ရကြမည်။ ထာဝရဘုရား မှတ်တော်မူသောအဆွေအမျိုးသည်၊ အဆွေအမျိုးအလိုက် ချဉ်းကပ်ရကြမည်။ ထာဝရဘုရားမှတ်တော်မူသောအမျိုးသည်၊ အိမ်ထောင်စုံနှင့် ချဉ်းကပ်ရကြမည်။ ထာဝရဘုရားမှတ်တော်မူသောအိမ်ထောင်သည် လူအသီးအသီးချဉ်းကပ်ရကြမည်။
7:15 ကျိန်အပ်သောအရာပါလျက် မှတ်တော်မူသောသူမှစ၍၊ သူ၌ရှိသမျှတို့ကို မီးရှို့ရကြမည်။ အကြောင်းမူကား၊ သူသည် ထာဝရဘုရား၏ပဋိညာဉ်တရားကိုဖျက်၍ ဣသရေလအမျိုး၌ အဓမ္မအမှုကိုပြုလေပြီဟု ယောရှုအား မိန့်တော်မူ၏။
7:16 နံနက်စောစော ယောရှုသည်ထ၍ ဣသရေလလူတို့ကို အမျိုးအနွယ်အလိုက် ဆောင်ခဲ့သဖြင့် ယုဒအမျိုးကို မှတ်တော်မူ၏။
7:17 ယုဒအမျိုးကို ဆောင်ခဲ့သဖြင့်၊ ဇေရိအဆွေအမျိုးကို မှတ်တော်မူ၏။ ဇေရိအဆွေအမျိုး အိမ်ထောင်စုံ အသီးအသီးတို့ကို ဆောင်ခဲ့သဖြင့် ဇာဗဒိအိမ်ထောင်ကို မှတ်တော်မူ၏။
7:18 ထိုအိမ်ထောင် လူအသီးအသီးတို့ကို ဆောင်ခဲ့သဖြင့် ယုဒအမျိုး၊ ဇေရ၊ ဇာဗဒိ၊ ကာမိတို့မှ ဆင်းသက်သောအာခန်ကို မှတ်တော်မူ၏။
7:19 ယောရှုကလည်း၊ ငါ့သား၊ ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရားကို ချီးမွမ်း၍ ရှေ့တော်၌ ကိုယ်အပြစ်ကို ဖော်ပြတောင်းပန်ပါလော့။ သင်ပြုမိသောအမှုကို ငါ့အားပြောပါလော့။ ဝှက်၍မထားပါနှင့်ဟု အာခန်အားဆိုလျှင်၊
7:20 အာခန်က၊ ဟုတ်ပါ၏။ ဣသရေလအမျိုး၏ဘုရားသခင်ထာဝရဘုရားကို ကျွန်တော်ပြစ်မှားပါပြီ။ ကျွန်တော်ပြုမိသောအမှုဟူမူကား၊
7:21 လုယူသောဥစ္စာတို့တွင် မြတ်သောဗာဗုလုန်ဝတ်လုံ၊ ငွေနှစ်ပိဿာ၊ ရွှေတုံးအကျပ်ငါးဆယ်ကို ကျွန်တော်မြင်သဖြင့်၊ တပ်မက်၍ သိမ်းယူမိပါပြီ။ ကျွန်တော်တဲအတွင်း မြေ၌မြှုပ်လျက် ငွေသည်အောက်ဆုံးရှိပါသည်ဟု ယောရှုအား ပြန်လျှောက်လေ၏။
7:22 ထိုအခါ ယောရှုစေလွှတ်သောသူတို့သည် တဲသို့ပြေး၍ ထိုဥစ္စာသည် တဲအတွင်းမြေ၌မြှုပ်လျက်၊ ငွေသည် အောက်ဆုံးရှိသည်ကို တွေ့သော်၊
7:23 တဲထဲကထုတ်၍ ယောရှုထံ ဣသရေလအမျိုးသားများရှေ့သို့ ဆောင်သွားသဖြင့်၊ ထာဝရဘုရားရှေ့တော်၌ ထားကြ၏။
7:24 ယောရှုနှင့် ဣသရေလအမျိုးသားအပေါင်းတို့သည်၊ ဇေရသားအာခန်မှစ၍ ထိုငွေ၊ ဝတ်လုံ၊ ရွှေတုံး၊ သားသမီး၊ သိုးနွားမြည်း၊ တဲနှင့်တကွ သူ၌ရှိသမျှတို့ကို အာခေါ်ချိုင့်သို့ဆောင်သွားပြီးမှ၊
7:25 ယောရှုက၊ ငါတို့ကို အဘယ်ကြောင့် နှောင့်ယှက်သနည်း။ ယနေ့ ထာဝရဘုရားသည် သင့်ကို နှောင့်ယှက်တော်မူမည်ဟုဆိုသဖြင့်၊ ဣသရေလအမျိုးသားအပေါင်းတို့သည် ကျောက်ခဲနှင့်ပစ်ကြ၏။ ကျောက်ခဲနှင့် ပစ်ကြပြီးမှ၊ မီးရှို့ကြ၏။
7:26 သူ့အပေါ်၌ များစွာသောကျောက်တို့ကို ပုံထားကြ၍ ယနေ့တိုင်အောင်ရှိ၏။ ထာဝရဘုရားသည်လည်း အမျက်တော်အရှိန်ကို ငြိမ်းစေတော်မူ၏။ ထိုအမှုကိုအစွဲပြု၍ ထိုချိုင့်ကို ယနေ့တိုင်အောင် အာခေါ်ချိုင့်ဟု ခေါ်ဝေါ်ကြသတည်း။