Judges 11
11:1 ဂိလဒ်အမျိုးသား ယေဖသသည် ခွန်အားကြီးသော သူရဲဖြစ်၏။ သူ့အဘကား ဂိလဒ်၊ သူ့အမိကား ပြည့်တန်ဆာဖြစ်၏။
11:2 ဂိလဒ်၏မယား ဖွားမြင်သောသားတို့သည် ကြီးသောအခါ၊ သင်သည် အခြားတစ်ပါးသော မိန်းမ၏ သားဖြစ်သောကြောင့်၊ ငါတို့ အဆွေအမျိုးနှင့်အတူ အမွေမခံရဟု ယေဖသကိုဆို၍ နှင်ထုတ်လေ၏။
11:3 ထိုအခါ ယေဖသသည် ညီတို့ဆီမှ ထွက်သွား၍ တောဘပြည်၌နေသဖြင့်၊ လျှပ်ပေါ်သော သူတို့သည် သူ့ထံမှာစည်းဝေး၍ သူ့နောက်၌ လိုက်ကြ၏။
11:4 နောက်တစ်ဖန် အမ္မုန်အမျိုးသားတို့သည် ဣသရေလအမျိုးကို စစ်တိုက်ကြ၏။
11:5 ထိုသို့ အမ္မုန်အမျိုးသားတို့သည် ဣသရေလအမျိုးကို စစ်တိုက်သောအခါ၊ ဂိလဒ်ပြည်သား အသက်ကြီးသူတို့သည် ယေဖသကို တောဘပြည်မှခေါ်ခြင်းငှာသွား၍၊
11:6 ငါတို့သည် အမ္မုန်လူတို့ကို စစ်တိုက်ရမည်အကြောင်း၊ လာ၍ ငါတို့၏ ဗိုလ်ချုပ်မင်းလုပ်ပါဟု မှာလိုက်သော်၊
11:7 ယေဖသက၊ သင်တို့သည် ငါ့ကိုမုန်း၍ ငါ့အဘအိမ်မှ နှင်ထုတ်သည်မဟုတ်လော။ ယခု ဆင်းရဲခြင်းသို့ ရောက်သောအခါ၊ အဘယ်ကြောင့် ငါ့ထံသို့လာကြသနည်းဟု ဂိလဒ်ပြည်သား အသက်ကြီးသူတို့အား ပြောဆို၏။
11:8 ဂိလဒ်ပြည်သား အသက်ကြီးသူတို့ကလည်း၊ ထိုကြောင့် ငါတို့သည် ယခု သင့်ထံသို့ ပြန်လာပါ၏။ ငါတို့နှင့်အတူ ကြွ၍ အမ္မုန်လူတို့ကို စစ်တိုက်ပြီးလျှင်၊ ဂိလဒ်ပြည်သားအပေါင်းတို့၏ အထွဋ်လုပ်ပါဟု ယေဖသအားတောင်းပန်ပြန်သော်၊
11:9 ယေဖသက၊ အမ္မုန်လူတို့ကို စစ်တိုက်စေခြင်းငှာ သင်တို့သည် ငါ့ကိုပြန်ပို့၍ ထာဝရဘုရားသည် သူတို့ကို ငါ့ရှေ့မှာ အပ်တော်မူလျှင်၊ ငါသည် သင်တို့ အထွဋ်ဖြစ်ရသောအခွင့်ကို ပေးမည်လောဟု ဂိလဒ်ပြည်သား အသက်ကြီးသူတို့အား မေးလေသော်၊
11:10 ဂိလဒ်ပြည်သား အသက်ကြီးသူတို့က၊ သင်ပြောသော စကားအတိုင်း ငါတို့မပြုလျှင် ထာဝရဘုရားသည် သင်နှင့်ငါတို့စပ်ကြား၌ သက်သေဖြစ်တော်မူပါစေသောဟု ယေဖသအား ပြန်ပြောကြ၏။
11:11 ထိုအခါ ယေဖသသည် ဂိလဒ်ပြည်သား အသက်ကြီးသူတို့နှင့်သွား၍ သူ့ကို လူများတို့၏အထွဋ် ဗိုလ်ချုပ်မင်းအရာ၌ ခန့်ထားကြ၏။ ယေဖသသည်လည်း ထိုစကားအလုံးစုံတို့ကို မိဇပါမြို့မှာ ထာဝရဘုရားရှေ့တော်၌ ပြန်ကြားလျှောက်ထား၏။
11:12 ထိုနောက်မှ ယေဖသသည်၊ အမ္မုန်ရှင်ဘုရင်ထံသို့ သံတမန်ကို စေလွှတ်၍၊ သင်သည် ငါနှင့် အဘယ်သို့ ဆိုင်သနည်း။ ငါ့နိုင်ငံ၌ စစ်တိုက်ခြင်းငှာ အဘယ်ကြောင့် ငါ့ကို ရန်ပြုသနည်းဟုမေးသော်၊
11:13 အမ္မုန်ရှင်ဘုရင်က၊ ဣသရေလအမျိုးသည် အဲဂုတ္တုပြည်မှလာသောအခါ၊ ငါ့မြေကို အာနုန်မြစ်မှစ၍ ယဗ္ဗုတ်ချောင်း၊ ယော်ဒန်မြစ်တိုင်အောင် လု၍ယူသောကြောင့် ငါပြု၏။ ထိုမြေကို ယခု အသင့်အတင့်ပြန်ပေးပါဟု ယေဖသ၏သံတမန်အား ပြန်ပြော၏။
11:14 တစ်ဖန် ယေဖသသည် သံတမန်ကို အမ္မုန်ရှင်ဘုရင်ထံသို့ စေလွှတ်၍၊
11:15 ယေဖသမှာလိုက်သည်ကား၊ ဣသရေလအမျိုးသည် မောဘမြေ၊ အမ္မုန်မြေကို လုယူသည်မဟုတ်။
11:16 ဣသရေလအမျိုးသည် အဲဂုတ္တုပြည်မှလာ၍ ဧဒုံပင်လယ်အနား၊ တော၌ လှည့်လည်သဖြင့် ကာဒေရှရွာသို့ ရောက်သောအခါ၊
11:17 ဧဒုံရှင်ဘုရင်ထံသို့ သံတမန်ကို စေလွှတ်၍၊ မင်းကြီးပြည်ကို လျှောက်သွားပါရစေဟု အခွင့်တောင်းသော်လည်း၊ ဧဒုံရှင်ဘုရင်သည် နားမထောင်။ ထိုနည်းတူ မောဘရှင်ဘုရင်ထံသို့ စေလွှတ်၍၊ သူသည်လည်း အခွင့်မပေးသောကြောင့်၊ ဣသရေလအမျိုးသည် ကာဒေရှရွာ၌ နေရကြ၏။
11:18 နောက်တစ်ဖန် တောကိုလျှောက်လျက်၊ ဧဒုံပြည်နှင့် မောဘပြည်ကို ဝိုင်း၍ မောဘပြည်အရှေ့ဘက်သို့ ရောက်ပြီးမှ အာနုန်မြစ်တစ်ဖက်၌ တပ်ချကြ၏။ ထိုအခါ မောဘပြည်နယ်အတွင်းသို့ မဝင်ကြ။ အာနုန်မြစ်သည် မောဘပြည်အပိုင်းအခြား ဖြစ်သတည်း။
11:19 တစ်ဖန် ဣသရေလအမျိုးသည် အာမောရိအမျိုး ဟေရှဘုန်ရှင်ဘုရင် ရှိဟုန်ထံသို့ သံတမန်ကိုစေလွှတ်၍၊ ငါတို့နေရာသို့ ရောက်အံ့သောငှာ မင်းကြီးပြည်ကို လျှောက်သွားပါရစေဟု အခွင့်တောင်းသော်လည်း၊
11:20 ရှိဟုန်သည် ဣသရေလအမျိုးကို မယုံ၊ မိမိပြည်ကို လျှောက်သွားစေခြင်းငှာ အခွင့်မပေးသည်သာမက၊ မိမိလူအပေါင်းတို့ကို စုဝေးစေ၍၊ ယာဟတ်မြို့၌ တပ်ချပြီးလျှင် ဣသရေလအမျိုးကို စစ်တိုက်လေ၏။
11:21 ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားသည်၊ ရှိဟုန်မင်းနှင့်တကွ သူ၏လူအပေါင်းတို့ ဣသရေလအမျိုးလက်၌ အပ်တော်မူ၍၊ သူတို့ကို လုပ်ကြံသဖြင့် ထိုပြည်၌နေသော အာမောရိလူတို့၏ မြေတစ်လျှောက်လုံးကို သိမ်းယူကြ၏။
11:22 အာမောရိပြည် နယ်မြေတစ်လျှောက်လုံးကို အာနုန်မြစ်မှစ၍ ယဗ္ဗုတ်ချောင်းတိုင်အောင်လည်းကောင်း၊ တောမှစ၍ ယော်ဒန်မြစ်တိုင်အောင်လည်းကောင်း သိမ်းယူကြ၏။
11:23 ထိုသို့ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားသည်၊ အာမောရိလူတို့ကို ဣသရေလအမျိုးရှေ့မှာ သူတို့ပြည်ကို နုတ်တော်မူသည်ဖြစ်၍၊ သင်သည် သိမ်းယူရမည်လော။
11:24 သင်၏ဘုရား ခေမုရှအပိုင်ပေးသောမြေကို သင်သိမ်းယူရသည် မဟုတ်လော။ ထိုအတူ ငါတို့ဘုရားသခင် ထာဝရဘုရား နှင်ထုတ်တော်မူသော သူတို့၏မြေကို ငါတို့သည်သိမ်းယူရ၏။
11:25 သင်သည် မောဘရှင်ဘုရင် ဇိဖော်မင်း၏သား ဗာလက်ထက်သာ၍ မြတ်သလော။ သူသည် ဣသရေလအမျိုးနှင့် ရန်တွေ့ဖူးသလော။ စစ်တိုက်ဖူးသလော။
11:26 ဣသရေလအမျိုးသည် ဟေရှဘုန်မြို့ရွာတို့၌လည်းကောင်း၊ အာရော်မြို့ရွာတို့၌လည်းကောင်း၊ အာနုန်မြစ်နားမှာရှိသော မြို့ရွာအလုံးစုံတို့၌လည်းကောင်း အနှစ်သုံးရာပတ်လုံးနေစဉ်တွင် အဘယ်ကြောင့် သင်တို့သည် မရပြန်သနည်း။
11:27 သင့်ကို ငါမပြစ်မှား။ သင်သည် စစ်တိုက်၍ ငါ့ကို ညှဉ်းဆဲ၏။ ထာဝရဘုရားသည် တရားသူကြီးလုပ်၍ ဣသရေလအမျိုးသား၊ အမ္မုန်အမျိုးသားတို့ စပ်ကြားမှာ ယနေ့ တရားစီရင် ဆုံးဖြတ်တော်မူပါစေသောဟု မှာလိုက်လေ၏။
11:28 သို့သော်လည်း ယေဖသမှာလိုက်သောစကားကို အမ္မုန်ရှင်ဘုရင်သည် နားမထောင်ဘဲနေ၏။
11:29 ထိုအခါ ထာဝရဘုရား၏ဝိညာဉ်တော်သည် ယေဖသအပေါ်မှာ သက်ရောက်၍၊ သူသည် ဂိလဒ်ပြည်၊ မနာရှေပြည်ကိုလျှောက်လျက် ဂိလဒ်ပြည် မိဇပါမြို့ကို လွန်၍ အမ္မုန်လူတို့ရှိရာသို့ ချီသွားလေ၏။
11:30 ယေဖသသည် ထာဝရဘုရားအား သစ္စာကတိထားလျက်၊ အကယ်၍ ကိုယ်တော်သည် အမ္မုန်အမျိုးသားတို့ကို အကျွန်ုပ်လက်၌ အပ်တော်မူလျှင်၊
11:31 အကျွန်ုပ်သည် အမ္မုန်အမျိုးသားတို့ရှိရာမှ ငြိမ်ဝပ်စွာ ပြန်လာသောအခါ၊ အကျွန်ုပ်ကို ခရီးဦးကြို ပြုအံ့သောငှာ အကျွန်ုပ်အိမ်တံခါးဝမှ ထွက်လာသောသူ မည်သည်ကို ထာဝရဘုရားအား အမှန်ဆက်သ၍ မီးရှို့ရာယဇ် ပူဇော်ပါမည်ဟု သစ္စာကတိထားပြီးမှ၊
11:32 အမ္မုန်အမျိုးသားတို့ကို တိုက်ခြင်းငှာ ချီသွား၍၊ ထာဝရဘုရားသည် သူတို့ကို ယေဖသလက်၌ အပ်တော်မူသဖြင့်၊
11:33 အာရော်မြို့မှစ၍ မိန္နိတ်မြို့တိုင်အောင်လည်းကောင်း၊ အာဗေလခေရမိမ်မြို့တိုင်အောင်လည်းကောင်း၊ မြို့နှစ်ဆယ်တို့ကို ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် သူတို့ကို တိုက်သတ်လေ၏။ ထိုသို့ အမ္မုန်အမျိုးသားတို့သည် ဣသရေလအမျိုးသားတို့ ရှေ့မှာ ရှုံးရကြ၏။
11:34 ယေဖသသည် မိဇပါမြို့ မိမိအိမ်သို့ ရောက်လာသောအခါ၊ မိမိသမီးသည် ပတ်သာတီးလျက်၊ ကလျက် ခရီးဦးကြိုပြုအံ့သောငှာ ထွက်လာ၏။ သူသည် တစ်ယောက်တည်းသောသမီးဖြစ်၍၊ သူမှတစ်ပါး သားသမီးမရှိ။
11:35 ယေဖသသည် သူ့ကိုမြင်လျှင်၊ မိမိအဝတ်ကိုဆုတ်၍၊ အို ငါ့သမီး၊ သင်သည် ငါ့ကို အလွန်နှိမ့်ချပြီတကား။ ငါ့ကို နှောင့်ယှက်သောသူတစ်ယောက် ဖြစ်ပါသည်တကား။ ထာဝရဘုရားအား ငါလျှောက်ထားပြီ။ နုတ်ရသောအခွင့်မရှိဟု ဆိုသော်၊
11:36 သမီးက၊ ခမည်းတော်သည် ထာဝရဘုရားအား လျှောက်ထားလျှင်၊ လျှောက်ထားသည်အတိုင်း ကျွန်မ၌ပြုပါ။ အကြောင်းမူကား၊ ထာဝရဘုရားသည် ခမည်းတော်၏ရန်သူ အမ္မုန်အမျိုးသားတို့၌ ခမည်းတော်၏စိတ်ပြေစေခြင်းငှာ အပြစ်ပေးတော်မူပြီ။
11:37 သို့ရာတွင် ကျွန်မသည် အပေါင်းအဖော်တို့နှင့်တကွ တောင်ရိုးပေါ်မှာ လှည့်လည်၍၊ ကျွန်မ၏ အပျိုကညာဖြစ်ခြင်းကို ငိုကြွေးမြည်တမ်းရမည်အကြောင်း၊ နှစ်လပတ်လုံး အလွတ်နေပါရစေဟု အဘအား အခွင့်တောင်းသည်အတိုင်း၊
11:38 အဘက၊ သွားလေတော့ဟုဆိုလျက် နှစ်လကိုချိန်းချက်၍ လွှတ်လိုက်လျှင်၊ အပေါင်းအဖော်တို့နှင့်တကွသွား၍ တောင်ရိုးပေါ်မှာ မိမိအပျိုကညာဖြစ်ခြင်းကို ငိုကြွေးမြည်တမ်းလေ၏။
11:39 နှစ်လစေ့သောအခါ အဘထံသို့ ပြန်လာ၍၊ အဘသည် သစ္စာကတိရှိသည်အတိုင်းပြုလေ၏။ ထိုမိန်းမသည် ယောက်ျားနှင့် မဆက်ဆံသောသူဖြစ်၏။
11:40 ထိုနောက်မှ ဣသရေလအမျိုးသမီးတို့သည်၊ ဂိလဒ်အမျိုးသား ယေဖသ၏သမီးကြောင့် တစ်နှစ်တစ်နှစ်လျှင် လေးရက်ပတ်လုံး ငိုကြွေးမြည်တမ်းခြင်းငှာသွားရသော ဣသရေလထုံးစံဓလေ့ဖြစ်လေ၏။