Judges 12
12:1 ဧဖရိမ်အမျိုးသားတို့သည် စည်းဝေး၍ မြောက်သို့ချီသွားလျှင်၊ ယေဖသအား သင်သည် ငါတို့ကိုမခေါ်ဘဲ၊ အမ္မုန်အမျိုးသားတို့ကို အဘယ်ကြောင့် တိုက်ခြင်းငှာသွားသနည်း။ သင့်အိမ်ကို သင့်အပေါ်မှာ မီးရှို့မည်ဟု ဆိုကြသော်၊
12:2 ယေဖသက၊ ငါနှင့် ငါ၏လူတို့သည် အမ္မုန်အမျိုးသားတို့နှင့် ကြီးသောအမှု ရှိစဉ်အခါ၊ သင်တို့ကို ငါခေါ်သော်လည်း၊ သင်တို့သည် အမ္မုန်လူတို့လက်မှ ငါ့ကို မကယ်မနုတ်ဘဲ နေကြ၏။
12:3 မကယ်မနုတ်ကြောင်းကို ငါသည် သိမြင်သောအခါ၊ ကိုယ်အသက်ကိုစွန့်စားလျက် အမ္မုန်အမျိုးသားတို့ကို တိုက်ခြင်းငှာသွား၍ ထာဝရဘုရားသည် သူတို့ကို ငါ့လက်၌ အပ်တော်မူ၏။ သင်တို့သည် ငါ့ကို တိုက်ခြင်းငှာ အဘယ်ကြောင့် ယနေ့ လာကြသနည်းဟု ပြောဆိုပြီးလျှင်၊
12:4 ဂိလဒ်ပြည်သားအပေါင်းတို့ကို စုဝေးစေ၍ ဧဖရိမ်အမျိုးကို တိုက်ကြ၏။ ဧဖရိမ်လူတို့က၊ သင်တို့သည် ဧဖရိမ်အမျိုး၊ မနာရှေအမျိုးထဲက ထွက်ပြေး၍ အမျိုးမစစ်သောသူ ဖြစ်သည်ဟု ဂိလဒ်ပြည်သားတို့ကို ကဲ့ရဲ့ဖူးသောကြောင့်၊ ဧဖရိမ်လူတို့ကို လုပ်ကြံကြ၏။
12:5 ဂိလဒ်လူတို့သည် ဧဖရိမ်လူတို့ရှေ့မှာ ယော်ဒန်မြစ်ကူးရာအရပ်တို့ကို ဆီးတား၍ ပြေးလွတ်သော ဧဖရိမ်လူက၊ ကူးပါရစေဟု အခွင့်တောင်းသောအခါ၊ ဂိလဒ်လူတို့က၊ သင်သည် ဧဖရိမ်အမျိုးသား ဖြစ်သလောဟု မေးစစ်သော်၊ သူက မဟုတ်ပါဟု ဆိုလျှင်၊
12:6 သူတို့က၊ ရှိဗောလက်ဟူသော စကားကို ပြောတော့ဟုဆိုသော်၊ ဧဖရိမ်လူသည် ထိုစကားကို ပီအောင် မပြောတတ်ဘဲ သိဗောလက်ဟု ပြော၏။ ထိုသို့ပြောသောသူကို ဖမ်းဆီး၍ ယော်ဒန်မြစ်ကူးရာအရပ်၌ သတ်ကြ၏။ ထိုအခါ ဧဖရိမ်အမျိုးသား လေးသောင်းနှစ်ထောင်သေကြ၏။
12:7 ဂိလဒ်ပြည်သားယေဖသသည် ဣသရေလအမျိုးကို ခြောက်နှစ်အုပ်စိုးပြီးမှသေ၍ ဂိလဒ်မြို့တစ်မြို့၌ သင်္ဂြိုဟ်လေ၏။
12:8 ယေဖသနောက်မှ ဗက်လင်မြို့သား ဣဗဇန်သည်၊ ဣသရေလအမျိုးကို အုပ်စိုး၏။
12:9 ထိုမင်းသည် သားသုံးဆယ်၊ သမီးသုံးဆယ်ရှိ၏။ သမီးများကို အခြားတစ်ပါးသို့ စေလွှတ်၍ ချွေးမသုံးဆယ်ကို သိမ်းထား၏။
12:10 ဣဗဇန်သည် ဣသရေလအမျိုးကို ခုနစ်နှစ်အုပ်စိုးပြီးမှ သေ၍ ဗက်လင်မြို့၌ သင်္ဂြိုဟ်လေ၏။
12:11 ဣဗဇန်နောက်မှ ဇာဗုလုန်အမျိုးသား ဧလုန်သည်၊ ဣသရေလအမျိုးကို ဆယ်နှစ်အုပ်စိုး၏။
12:12 ထိုမင်းသေ၍ ဇာဗုလုန်ခရိုင်၊ အာဇလုန်မြို့၌ သင်္ဂြိုဟ်လေ၏။
12:13 ဧလုန်နောက်မှ ပိရသုန်မြို့နေ ဟိလေလ၏သား အာဗဒုန်သည်၊ ဣသရေလအမျိုးကို အုပ်စိုး၏။
12:14 ထိုမင်းသည် သားလေးဆယ်၊ မြေးသုံးဆယ်ရှိ၍ သားမြေးတို့သည် ခုနစ်ဆယ်သော မြည်းသငယ်တို့ကို စီးကြ၏။
12:15 ပိရသုန်မြို့ နေဟိလေလသား အာဗဒုန်သည်၊ ဣသရေလအမျိုးကို ရှစ်နှစ်အုပ်စိုးပြီးမှသေ၍ ဧဖရိမ်ခရိုင်၊ ပိရသုန်မြို့၊ အာမလက်တောင်ပေါ်မှာ သင်္ဂြိုဟ်လေ၏။