Judges 18
18:1 ထိုကာလအခါ ဣသရေလရှင်ဘုရင် မရှိစဉ်၊ ဒန်အမျိုးသားတို့သည် အမွေခံစရာမြေကို ရှာကြ၏။ ထိုကာလတိုင်အောင် အခြားသော ဣသရေလအမျိုးတို့တွင်၊ အမွေခံထိုက်သည်အတိုင်း မခံရသေး။
18:2 သို့ဖြစ်၍ ဒန်အမျိုးသားတို့သည် ပြည်ကို ကြည့်ရှုစူးစမ်းစေခြင်းငှာ မိမိတို့အမျိုးသား ခွန်အားကြီးသော သူရဲငါးယောက်တို့ကို သူတို့နေရာအရပ် ဇောရာမြို့၊ ဧရှတောလမြို့မှ စေလွှတ်လျက်၊ ပြည်ကိုသွား၍ စူးစမ်းကြလော့ဟု မှာလိုက်ကြသည်အတိုင်း၊ သူတို့သည် ဧဖရိမ်တောင်၊ မိက္ခာအိမ်သို့ ရောက်ပြီးလျှင် တည်းခို၍ နေကြ၏။
18:3 မိက္ခာအိမ်၌ ရှိစဉ်အခါ၊ လေဝိလုလင်၏ စကားသံကိုမှတ်မိ၍၊ သူ့နေရာသို့ဝင်လျှင်၊ သင်သည် ဤအရပ်သို့ အဘယ်ကြောင့် ရောက်သနည်း။ ဤသူနှင့် အဘယ်သို့ ဆိုင်သနည်း။ အဘယ်သို့လုပ်၍ နေသနည်းဟုမေးသော်၊
18:4 ထိုသူက၊ မိက္ခာသည် ဤမည်သောအမှု ဤမည်သောအရာကို ပေး၍ ငါ့ကိုငှားသဖြင့်၊ ငါသည် သူ၏ယဇ်ပုရောဟိတ် လုပ်နေသည်ဟု ပြန်ပြော၏။
18:5 သူတို့ကလည်း၊ အကျွန်ုပ်တို့သည် ယခုခရီးသွားရာတွင် အကြံမြောက်မည် မမြောက်မည်ကို သိမည်အကြောင်း ဘုရားသခင်ကို မေးမြန်းပါလော့ဟု တောင်းပန်သည်အတိုင်း၊
18:6 ယဇ်ပုရောဟိတ်က ငြိမ်ဝပ်စွာသွားကြလော့။ သင်တို့သွားရာလမ်းကို ထာဝရဘုရား ကြည့်ရှုတော်မူသည်ဟု ပြန်ပြော၏။
18:7 ထိုလူငါးယောက်တို့သည် ထွက်သွား၍ လဲရှမြို့သို့ ရောက်သဖြင့်၊ မြို့သားတို့သည် ဇိဒုန်အမျိုးသားတို့ သတိမရှိသကဲ့သို့ သတိမရှိ၊ မစိုးရိမ်ဘဲ ငြိမ်ဝပ်စွာ နေကြောင်းကိုလည်းကောင်း၊ ဆုံးမပိုင်သောမင်းမရှိကြောင်းကိုလည်းကောင်း၊ ဇိဒုန်အမျိုးသားတို့နှင့်ဝေး၍ အဘယ်သူနှင့်မျှ အမှုမဆိုင်ကြောင်းကိုလည်းကောင်းကြည့်ရှုပြီးမှ၊
18:8 အမျိုးသားချင်းရှိရာ ဇောရာမြို့၊ ဧရှတောလမြို့သို့ ပြန်လာ၍ အမျိုးသားချင်းတို့က၊ သင်တို့သည် အဘယ်သို့ ပြောကြမည်နည်းဟု မေးသော်၊
18:9 သူတို့က၊ ထ၍ သွားတိုက်ကြကုန်အံ့၊ ထိုပြည်သည် ကောင်းမွန်သော ပြည်ဖြစ်သည်ကို ငါတို့မြင်ပြီ။ ငြိမ်ဝပ်စွာ နေကြသေးသလော။ ထိုပြည်ကို သိမ်းယူဝင်စားခြင်းငှာ မဖင့်နွှဲကြနှင့်။
18:10 သွားလျှင် သတိမရှိသောလူမျိုးနှင့် ကျယ်ဝန်းသောပြည်ကို တွေ့ကြလိမ့်မည်။ ဘုရားသခင်သည် သင်တို့လက်၌ အပ်တော်မူမည်။ ထိုပြည်၌ မြေကြီးဥစ္စာ စုံလင်လျက်ရှိသည်ဟု ပြောဆိုကြ၏။
18:11 ထိုအခါ ဇောရာမြို့၊ ဧရှတောလမြို့မှ ဒန်အမျိုးသားလူခြောက်ရာတို့သည် စစ်တိုက်လက်နက်ပါလျက် ချီသွားကြ၏။
18:12 သွားရာတွင်၊ ယုဒခရိုင် ကိရယတ်ယာရိမ်မြို့မှာ စခန်းချကြ၏။ ထိုအရပ်ကို ယနေ့တိုင်အောင် ဒန်အမျိုးတပ်ဟူ၍ တွင်သတည်း။ ကိရယတ်ယာရိမ်မြို့ နောက်မှာရှိ၏။
18:13 ထိုအရပ်မှသွား၍ ဧဖရိမ်တောင်၌ မိက္ခာအိမ်သို့ ရောက်ကြ၏။
18:14 ထိုအခါ လဲရှမြို့ကို စူးစမ်းခြင်းငှာသွားသော သူငါးယောက်တို့က၊ ဤအိမ်တို့၌ သင်တိုင်းတော်၊ တေရပ်ရုပ်တု၊ ထုသောရုပ်တု၊ သွန်းသောရုပ်တုရှိကြောင်းကို သိသလော။ အဘယ်သို့ပြုရမည်ကို ဆင်ခြင်ကြလော့ဟု အမျိုးသားချင်းတို့အားဆိုသော်၊
18:15 သူတို့သည် ထိုအရပ်သို့ လှည့်သွားသဖြင့်၊ လေဝိလုလင်နေရာ မိက္ခာအိမ်သို့ရောက်၍ သူ့ကိုနှုတ်ဆက်ကြ၏။
18:16 စစ်တိုက်လက်နက်ပါသော ဒန်အမျိုးသားခြောက်ရာတို့သည် တံခါးဝ၌ နေကြ၏။
18:17 လဲရှမြို့ကို စူးစမ်းသော လူငါးယောက်တို့သည် မိက္ခာအိမ်သို့ဝင်၍၊
18:18 ထုသောရုပ်တု၊ သင်တိုင်းတော်၊ တေရပ်ရုပ်တု၊ သွန်းသောရုပ်တုတို့ကို ယဇ်ပုရောဟိတ်ရှေ့မှာ ယူကြ၏။ ယဇ်ပုရောဟိတ်ကလည်း၊ အဘယ်သို့ပြုကြသနည်းဟု မေးသော်၊
18:19 သူတို့က တိတ်ဆိတ်စွာနေပါ။ ကိုယ်တော်နှုတ်ကို လက်နှင့်ပိတ်၍ အကျွန်ုပ်တို့နှင့် ကြွပါ။ အကျွန်ုပ်တို့အဘ လုပ်ပါ။ ယဇ်ပုရောဟိတ် လုပ်ပါ။ တစ်အိမ်ထောင်၌သာ ယဇ်ပုရောဟိတ် လုပ်ကောင်းသလော။ ဣသရေလအမျိုးအနွယ်တို့တွင် တစ်မျိုးတစ်နွယ်လုံး၌ ယဇ်ပုရောဟိတ် မလုပ်ကောင်းသလောဟု ဆိုကြသော်၊
18:20 ယဇ်ပုရောဟိတ်သည် ဝမ်းမြောက်၍ သင်တိုင်းတော်၊ တေရပ်ရုပ်တု၊ ထုသောရုပ်တုကို ယူလျက်၊ ထိုလူစုထဲသို့ ဝင်သွားလေ၏။
18:21 ထိုသူတို့သည် သူငယ်များ၊ တိရစ္ဆာန်များ၊ ဝန်စလယ်များကို အဦးသွားစေသဖြင့် ကိုယ်တိုင်လိုက်လျက် လှည့်သွားကြ၏။
18:22 မိက္ခာအိမ်နှင့် ဝေးသောအခါ၊ မိက္ခာ၏ အိမ်နီးချင်းတို့သည် စည်းဝေး၍၊ ဒန်အမျိုးသားတို့ကို မီအောင်လိုက်ကြ၏။
18:23 ကြွေးကြော်သောအခါ၊ ဒန်အမျိုးသားတို့သည် လှည့်ကြည့်လျက် သင်သည် အဘယ်အခင်းရှိ၍ လူအပေါင်းတို့နှင့် လိုက်လာသနည်းဟု မိက္ခာအားမေးသော်၊
18:24 မိက္ခာက၊ သင်တို့သည် ငါလုပ်သောဘုရားတို့နှင့် ယဇ်ပုရောဟိတ်ကို ယူသွားကြသည်တကား။ ထိုအရာမှတစ်ပါး ငါ၌ အဘယ်အရာရှိသနည်း။ သို့သော်လည်း သင်တို့က၊ အဘယ်အခင်းရှိသနည်းဟု ငါ့ကိုမေးကြသည်တကားဟု ဆိုလေသော်၊
18:25 ဒန်အမျိုးသားတို့က၊ ငါတို့တွင် သင့်စကားကို မကြားပါစေနှင့်။ သို့မဟုတ် စိတ်ဆိုးသောသူတို့သည် သင့်ကိုတိုက်၍ သင့်အသက်နှင့် သင့်အိမ်သားတို့အသက် ဆုံးကောင်းဆုံးလိမ့်မည်ဟု ဆိုလျက် ခရီးသွားကြ၏။
18:26 မိက္ခာသည် သူတို့ကို မိမိမနိုင်သည်ကိုသိ၍ မိမိအိမ်သို့ ပြန်သွားလေ၏။
18:27 ဒန်အမျိုးသားတို့သည်၊ မိက္ခာလုပ်သောအရာတို့နှင့် သူ၌နေသော ယဇ်ပုရောဟိတ်ကို ယူသွား၍၊ သတိမရှိ ငြိမ်ဝပ်စွာနေသော လဲရှမြို့သားတို့ဆီသို့ရောက်သဖြင့် ဓားနှင့်လုပ်ကြံ၍ မြို့ကိုမီးရှို့ကြ၏။
18:28 ဇိဒုန်မြို့နှင့်ဝေးသောကြောင့်လည်းကောင်း၊ အဘယ်သူနှင့်မျှ အမှုမဆိုင်သောကြောင့်လည်းကောင်း၊ ကယ်နုတ်သောသူ မရှိ။ ထိုမြို့သည် ဗက်ရဟောဘမြို့အနားမှာရှိသော ချိုင့်၌တည်၏။ ထိုအရပ်၌ မြို့သစ်ကိုတည်၍ နေကြ၏။
18:29 ထိုမြို့ကို သူတို့အမျိုး၏အဘ ဣသရေလ၏သား ဒန်အမည်ကိုမှီသဖြင့် ဒန်မြို့ဟူ၍ တွင်ကြ၏။ ထိုမြို့အမည်ဟောင်းကား လဲရှတည်း။
18:30 ဒန်အမျိုးသားတို့သည် မိက္ခာထုသောရုပ်တုကို တည်ထောင်၍ မနာရှေသား ဂေရရှုံ၏သားယောနသန်နှင့် သူ၏သားတို့သည် သေတ္တာတော်ကို သိမ်းသွားသည်နေ့တိုင်အောင် ဒန်အမျိုး၌ ယဇ်ပုရောဟိတ်လုပ်ကြ၏။
18:31 ဘုရားသခင်၏အိမ်တော်သည် ရှိလောမြို့၌ ရှိသည်ကာလပတ်လုံး၊ မိက္ခာသွန်းသောရုပ်တုကိုလည်း တည်ထောင်ကြ၏။