Judges 19
19:1 ဣသရေလရှင်ဘုရင် မရှိသည်ကာလ၊ ဧဖရိမ်တောင်ခါးပန်း၌ တည်းခိုသော လေဝိလူတစ်ယောက်သည်၊ ယုဒခရိုင် ဗက်လင်မြို့သူ မိန်းမတစ်ယောက်ကို သိမ်းယူ၏။
19:2 ထိုမိန်းမသည် လင်ကိုပြစ်မှား၍ ဗက်လင်မြို့ မိမိအဘအိမ်သို့သွားသဖြင့် လေးလနေလေ၏။
19:3 လင်သည် သူ့ကိုချော့မော့၍ ဆောင်ခဲ့ခြင်းငှာ ငယ်သားတစ်ယောက်နှင့် မြည်းနှစ်စီးပါလျက် ထသွား၍ ရောက်သောအခါ၊ မယားငယ်သည် မိမိအဘအိမ်ထဲသို့ ခေါ်သွင်း၍၊ အဘသည် သမက်ကိုတွေ့မြင်လျှင် ဝမ်းမြောက်သောစိတ်ရှိ၍ သိမ်းဆည်းလေ၏။
19:4 ထိုကြောင့် သမက်သည် စားသောက်လျက်၊ အိပ်လျက်၊ သုံးရက်ပတ်လုံး ယောက္ခမအိမ်၌နေ၏။
19:5 စတုတ္တနေ့ရက် နံနက်စောစောထ၍ ထွက်သွားအံ့သောငှာ ပြင်ဆင်သောအခါ၊ ယောက္ခမက၊ မုန့်အနည်းငယ်ကိုစား၍ အားဖြည့်ပြီးမှ သွားကြပါဟု သမက်အား ဆိုသည်အတိုင်း၊
19:6 နှစ်ယောက်လုံးထိုင်၍ စားသောက်လျက် နေကြ၏။ ယောက္ခမကလည်း၊ သဘောကျပါတော့။ ယနေ့ညကိုလည်း လွန်စေသဖြင့် ပျော်မွေ့လျက်နေပါတော့ဟု သမက်အားဆိုပြန်၍၊
19:7 သမက်သည် သွားအံ့သောငှာ ထသော်လည်း၊ ယောက္ခမသွေးဆောင်သဖြင့် သမက်သည် ထိုအရပ်၌ အိပ်ပြန်လေ၏။
19:8 ပဉ္စမနေ့ရက် နံနက်စောစောသွားအံ့သောငှာ ထသောအခါ၊ ယောက္ခမက၊ အားဖြည့်ပါဦးတော့ဟုဆို၍ မွန်းလွဲသည်တိုင်အောင် နှစ်ယောက်လုံး စားသောက်လျက်နေကြ၏။
19:9 ထိုသူသည် မယားငယ်နှင့် ငယ်သားကိုခေါ်၍ သွားအံ့သောငှာ ထပြန်သောအခါ၊ သူ၏ယောက္ခမဖြစ်သော ထိုမိန်းမ၏အဘက၊ ကြည့်ပါ၊ မိုးချုပ်လုပြီ။ ယနေ့ညကိုလည်း လွန်စေပါတော့။ နေ့အချိန် ကုန်လုပြီ။ ဤအရပ်၌ အိပ်၍ ပျော်မွေ့လျက်နေပါတော့။ နက်ဖြန်နံနက် စောစောထ၍ ကိုယ်နေရာအရပ်သို့ သွားတော့ဟု ဆိုသော်လည်း၊
19:10 သမက်သည် ထိုညကိုမလွန်စေဘဲ ထသွား၍ ကုန်းနှီးတင်သော မြည်းနှစ်စီးနှင့် မယားငယ်လည်းပါလျက် ယေရုရှလင်မြို့တည်းဟူသော ယေဗုတ်မြို့အနီးသို့ ရောက်လေ၏။
19:11 ထိုမြို့အနီးသို့ ရောက်သောအခါ၊ မိုးချုပ်သောကြောင့် ငယ်သားက၊ နားထောင်ပါတော့။ ယေဗုသိလူနေရာ ဤမြို့သို့ဝင်၍ အိပ်ကြကုန်အံ့ဟု သခင်အားဆိုသော်၊
19:12 သခင်က၊ ဣသရေလအမျိုးမဟုတ်၊ တစ်ပါးအမျိုးသားနေသော မြို့သို့မဝင်၊ ဂိဗာမြို့သို့သွားဦးမည်။
19:13 ဂိဗာမြို့၊ ရာမမြို့ အစရှိသော တစ်စုံတစ်ခုသောအရပ်၌ ညကိုလွန်စေခြင်းငှာ သွားကြကုန်အံ့ဟု ငယ်သားအားဆိုလျက်၊
19:14 ခရီးသွားပြန်၍ ဗင်္ယာမိန်ခရိုင် ဂိဗာမြို့အနီးသို့ ရောက်သောအခါ၊ နေဝင်လေ၏။
19:15 ဂိဗာမြို့မှာ ညကိုလွန်စေမည်အကြံနှင့် မြို့ထဲသို့ဝင်၍ အဘယ်သူမျှ ဧည့်မခံသေးသောကြောင့် လမ်းမှာထိုင်နေ၏။
19:16 ဂိဗာမြို့သားတို့သည် ဗင်္ယာမိန်အမျိုးသား ဖြစ်ကြ၏။ သို့ရာတွင် တည်းခိုသော ဧဖရိမ်တောင်သား လူအိုတစ်ယောက်ရှိသည်ဖြစ်၍၊ ထိုသူသည် ညဥ့်ဦးယံ၌ လယ်လုပ်ရာမှလာစဉ်၊
19:17 မျှော်ကြည့်၍၊ မြို့လမ်းမှာ ဧည့်သည်တစ်ယောက်ရှိသည်ကို မြင်လျှင်၊ သင်သည် အဘယ်အရပ်သို့ သွားသနည်း၊ အဘယ်အရပ်က လာသနည်းဟု မေးသော်၊
19:18 ကျွန်ုပ်တို့သည် ယုဒခရိုင်ဗက်လင်မြို့မှ ဧဖရိမ်တောင်ခါးပန်းသို့ သွား၏။ ကျွန်ုပ်သည် ဧဖရိမ်တောင်သား ဖြစ်၏။ ဗက်လင်မြို့သို့ ခဏသွားပြီးမှ ယခု ထာဝရဘုရား၏အိမ်တော်သို့သွား၏။ အဘယ်သူမျှ ဧည့်မခံသေး။
19:19 သို့ရာတွင် မြည်းဖို့ မြက်ခြောက်နှင့် အခြားကျွေးစရာရှိ၏။ ကိုယ်နှင့် ကိုယ်တော်ကျွန်မ လိုက်လာသော ငယ်သားဖို့ မုန့်နှင့်စပျစ်ရည်ရှိ၏။ တစ်စုံတစ်ခုမျှ မလိုပါဟု ပြောဆို၏။
19:20 လူအိုကလည်း၊ သင်၌ ချမ်းသာရှိပါစေသော။ သင်လိုသမျှသည် ငါ့တာရှိစေတော့။ လမ်းမှာညကို မလွန်စေနှင့်ဟုဆိုလျက်၊
19:21 မိမိအိမ်သို့ ခေါ်သွင်း၍ မြည်းတို့ကိုကျွေးလေ၏။ သူတို့သည် ခြေကိုဆေး၍ စားသောက်ကြ၏။
19:22 ထိုသို့ ပျော်မွေ့လျက်နေကြသောအခါ၊ ထိုမြို့သား အဓမ္မလူအချို့တို့သည် အိမ်ကိုဝိုင်း၍ တံခါးကိုရိုက်ကြ၏။ အိမ်ရှင် လူအိုကိုလည်းခေါ်၍၊ သင့်အိမ်သို့ ဝင်သောယောက်ျားနှင့် ငါတို့သည် ဆက်ဆံလိုသည်ဖြစ်၍၊ ထုတ်ခဲ့လော့ဟု ဆိုကြ၏။
19:23 အိမ်ရှင်သည်လည်း ထွက်၍၊ ညီအစ်ကိုတို့၊ ဆိုးသောအမှုကို မပြုပါနှင့်။ ဤသူသည် အကျွန်ုပ်အိမ်၌ တည်းခိုသောသူဖြစ်၍ အဓမ္မမပြုကြပါနှင့်။
19:24 အကျွန်ုပ်၌ သမီးကညာရှိပါ၏။ သူ၏ မယားငယ်လည်းရှိပါ၏။ သူတို့ကို ထုတ်၍ပေးပါမည်။ သူတို့ကို ရှုတ်ချကြပါ။ အလိုရှိသည်အတိုင်း ပြုကြပါ။ ဤယောက်ျား၌ ဤမျှလောက်ဆိုးသောအမှုကို မပြုပါနှင့်ဟု တောင်းပန်သော်လည်း၊
19:25 သူတို့သည် နားမထောင်သောကြောင့်၊ လေဝိလူသည် မိမိမယားငယ်ကို ထုတ်၍အပ်သဖြင့်၊ သူတို့သည် တစ်ညလုံးအဓမ္မပြု၍ နံနက်တိုင်အောင်ရှုတ်ချပြီးမှ အရုဏ်တက်မှ လွှတ်လိုက်ကြ၏။
19:26 အာရုဏ်တက်သောအခါ၊ မိန်းမသည်လာ၍ မိမိသခင်နေရာ အိမ်တံခါးရှေ့မှာ မိုးလင်းသည်တိုင်အောင် လဲနေ၏။
19:27 နံနက်အချိန်ရောက်မှ သူ၏သခင်သည်ထ၍ အိမ်တံခါးကို ဖွင့်သဖြင့်၊ ခရီးသွားအံ့သောငှာ ထွက်သောအခါ၊ မယားငယ်သည် အိမ်တံခါးရှေ့မှာလဲ၍ တံခါးခုံကိုလက်တင်လျက်ရှိသည် မြင်သော်၊
19:28 ထလော့။ သွားကြကုန်အံ့ဟု ဆိုသော်လည်း သူသည် ပြန်မပြောဘဲနေ၏။ ထိုအခါ ယောက်ျားသည် သူ့ကိုမြည်းပေါ်မှာ တင်သဖြင့် မိမိနေရာသို့ သွားလေ၏။
19:29 မိမိအိမ်သို့ ရောက်သောအခါ ဓားကိုယူ၍ မယားငယ်အကောင်ကို အရိုးနှင့်တကွ ဆယ်နှစ်ပိုင်းပိုင်း၍ ဣသရေလပြည်တစ်လျှောက်လုံးသို့ ပေးလိုက်လေ၏။
19:30 သိမြင်သောသူ အပေါင်းတို့က၊ ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်က ထွက်သောနေ့မှစ၍ ယနေ့တိုင်အောင် ဤကဲ့သို့သောအမှုကို အဘယ်သူမျှမပြု၊ တစ်ခါမျှ မဖြစ်စဖူး။ ဆင်ခြင်၍ တိုင်ပင်စီရင်ကြလော့ဟု ပြောဆိုကြ၏။