Judges 4
4:1 ဧဟုဒသေသောနောက်၊ ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်၌ တစ်ဖန် ဒုစရိုက်ကိုပြုသောကြောင့်၊
4:2 ထာဝရဘုရားသည် ဟာဇော်မြို့၌ မင်းပြုသော ခါနာန်ရှင်ဘုရင် ယာဘိန်၌ ရောင်းတော်မူ၏။ သူခန့်ထားသော ဗိုလ်ချုပ်မင်းကား၊ ဂေါအိမ်ပြည် ဟာရောရှက်မြို့၌ နေသောသိသရတည်း။
4:3 ထိုမင်း၌ သံရထားကိုးရာရှိ၏။ ဣသရေလအမျိုးသားတို့ကို အနှစ်နှစ်ဆယ်ပတ်လုံး အလွန်ညှဉ်းဆဲသောကြောင့်၊ သူတို့သည် ထာဝရဘုရားကို အော်ဟစ်ကြ၏။
4:4 ထိုကာလအခါ လပိဒုတ်မယား ပရောဖက်မဒေဗောရသည် ဣသရေလအမျိုးကိုအုပ်စိုး၏။
4:5 သူသည် ဧဖရိမ်တောင်ပေါ်၊ ရာမမြို့နှင့် ဗေသလမြို့စပ်ကြား၊ ဒေဗောရ စွန်ပလွံပင်အောက်မှာနေ၍၊ ဣသရေလအမျိုးသားတို့သည် ထိုပရောဖက်မ၏ စီရင်ခြင်းကိုခံအံ့သောငှာ ရောက်လာတတ်ကြ၏။
4:6 တစ်ဖန် ဒေဗောရသည် လူကိုစေလွှတ်၍၊ နဿလိခရိုင် ကေဒေရှမြို့မှာနေသော အဘိနောင်၏သား ဗာရက်ကို ခေါ်ပြီးလျှင်၊ သင်သည် နဿလိအမျိုး၊ ဇာဗုလုန်အမျိုးထဲက လူတစ်သောင်းကိုသွေးဆောင်၍ တာဗော်တောင်သို့ သွားလော့။
4:7 ငါသည်လည်း ယာဘိန်မင်း၏ဗိုလ်ချုပ် သိသရနှင့် ရထားဗိုလ်ပါများကို သင်ရှိရာကိရှုန်မြစ်သို့ သွေးဆောင်၍ သင့်လက်၌အပ်မည်ဟု ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား မှာထားတော်မူသည်ဟု ဆင့်ဆိုလေ၏။
4:8 ဗာရက်ကလည်း၊ ကိုယ်တော်သည် အကျွန်ုပ်နှင့်အတူကြွလျှင် အကျွန်ုပ်သွားပါမည်။ ကြွတော်မမူလျှင်မူကား မသွားပါဟု လျှောက်သော်၊
4:9 ဒေဗောရက၊ ငါသည် သင်နှင့်အတူ အမှန်သွားမည်။ သို့သော်လည်း သင်သွားရာလမ်း၌ ဂုဏ်အသရေကို မရရာ။ ထာဝရဘုရားသည် သိသရကို မိန်းမ၌ ရောင်းတော်မူမည်ဟုဆိုပြီးမှ ထ၍ ဗာရက်နှင့်အတူ ကေဒေရှမြို့သို့ သွားလေ၏။
4:10 ဗာရက်သည် နဿလိအမျိုးသား၊ ဇာဗုလုန်အမျိုးသားတို့ကို ကေဒေရှမြို့သို့ခေါ်၍ လိုက်သောသူ တစ်သောင်းနှင့်တကွ ဒေဗောရပါလျက် တက်လေ၏။
4:11 မောရှေ၏ယောက္ခမ ဟောဗတ်၏သားမြေးအဝင်၊ ကေနိအမျိုးသားဟေဗာသည်၊ ကေနိလူတို့နှင့်ခွာ၍ ကေဒေရှမြို့အနား၊ ဇာနိမ်သပိတ်ပင်ခြေရင်း၌ တဲကိုဆောက်လျက် နေနှင့်သတည်း။
4:12 အဘိနောင်၏သား ဗာရက်သည် တာဗော်တောင်ပေါ်သို့ တက်ကြောင်းကို သိသရအား ကြားပြောလျှင်၊
4:13 သိသရသည် မိမိရထားရှိသမျှတည်းဟူသော သံရထားကိုးရာနှင့် ဂေါအိမ်ပြည် ဟာရောရှက်မြို့မှစ၍ ကိရှုန်မြစ်တိုင်အောင် မိမိလူအပေါင်းတို့ကို စုဝေးစေ၏။
4:14 ဒေဗောရကလည်း ထလော့။ ယနေ့ကား ထာဝရဘုရားသည် သိသရကို သင့်လက်၌ အပ်တော်မူသောနေ့ ဖြစ်၏။ ထာဝရဘုရားသည် သင့်ရှေ့မှာ ကြွတော်မူပြီ မဟုတ်လောဟု ဆိုလေသော်၊ ဗာရက်သည် လူတစ်သောင်းနှင့်တကွ တာဗော်တောင်ပေါ်က ဆင်းလေ၏။
4:15 ထာဝရဘုရားသည် သိသရမှစ၍ သူ၏ရထားများနှင့် ဗိုလ်ပါစစ်သည်များ အပေါင်းတို့ကို ဗာရက်ရှေ့မှာ ဓားဖြင့် ရှုံးစေတော်မူသောကြောင့်၊ သိသရသည် မိမိရထားမှဆင်း၍ ခြေဖြင့်ပြေးလေ၏။
4:16 ဗာရက်သည် ရထားများ၊ ဗိုလ်ပါစစ်သည်များကို ဂေါအိမ်ပြည် ဟာရောရှက်မြို့တိုင်အောင် လိုက်၍၊ သိသရစစ်သူရဲအပေါင်းတို့သည် တစ်ယောက်မျှ မကျန်ကြွင်း ဓားနှင့် သေကြကုန်၏။
4:17 သိသရသည် ကေနိအမျိုးသား ဟေဗာ၏မယား ယေလ၏တဲသို့ ခြေဖြင့်ပြေး၏။ ထိုကာလ၌ ဟာဇော်ရှင်ဘုရင်ယာဘိန်သည် ဟေဗာအမျိုးသားချင်း ကေနိလူတို့နှင့် မိတ်သဟာယဖွဲ့လျက် ရှိသတည်း။
4:18 ယေလသည် သိသရကို ခရီးဦးကြိုပြုခြင်းငှာ ထွက်၍၊ သခင်ဝင်ပါ၊ ကျွန်မဆီသို့ ဝင်ပါ။ စိုးရိမ်တော်မမူပါနှင့်ဟု ခေါ်သည်အတိုင်း၊ သူသည် ယေလနေရာတဲထဲသို့ဝင်၍ ယေလသည် သူ့ကို စောင်နှင့်ခြုံလေ၏။
4:19 သူကလည်း၊ ငါရေငတ်သည်၊ ရေအနည်းငယ်ကိုပေးပါဟု တောင်းလျှင်၊ မိန်းမသည် နွားနို့ဘူးကိုဖွင့်၍ သောက်စေပြီးမှ တစ်ဖန် ခြုံလေ၏။
4:20 သူကလည်း၊ တဲတံခါးဝ၌ နေပါ။ လူတစ်စုံတစ်ယောက်က ယောက်ျားရှိသလောဟု လာ၍မေးလျှင် မရှိကြောင်းကို ပြောလော့ဟု မှာထားလေ၏။
4:21 ထိုအခါ ဟေဗာမယားယေလသည် သိသရမောလျက် အိပ်ပျော်စဉ်တွင်၊ တဲတံသင်တစ်ချောင်းနှင့် လက်ရိုက်ကိုကိုင်လျက် သူ့ထံသို့ တိတ်ဆိတ်စွာသွား၍ တံသင်ကို မြေ၌စွဲစေသည်တိုင်အောင် သူ၏နားပန်းထဲသို့ ရိုက်သွင်းသဖြင့် သိသရသည် သေ၏။
4:22 ဗာရက်သည် သိသရကို လိုက်ရှာသောအခါ၊ ယေလထွက်၍ ကျွန်မဆီသို့ ဝင်ပါ။ ရှာသောသူကို ပြပါမည်ဟု ကြိုဆိုလျှင်၊ ဗာရက်သည် တဲထဲသို့ဝင်၍ သိသရသေလျက်၊ နားပန်း၌ တံသင်စူးလျက်ရှိသည်ကို မြင်လေ၏။
4:23 ထိုနေ့၌ ထာဝရဘုရားသည် ခါနာန်ရှင်ဘုရင်ယာဘိန်ကို၊ ဣသရေလအမျိုးသားတို့ရှေ့မှာ နှိမ့်ချတော်မူသဖြင့်၊
4:24 သူတို့သည် ထိုရှင်ဘုရင်ကို မဖျက်ဆီးမီတိုင်အောင် အစဉ်အောင်လျက်နေကြ၏။