Judges 5
5:1 ထိုနေ့၌ ဒေဗောရနှင့် အဘိနောင်၏သား ဗာရက်တို့ဆိုသော သီချင်းစကားဟူမူကား၊
5:2 ဣသရေလအမျိုး၌ မင်းတို့သည် အဦးပြုသောကြောင့်လည်းကောင်း၊ ဆင်းရဲသားတို့သည် စေတနာစိတ်နှင့် မိမိကိုယ်ကို လှူသောကြောင့်လည်းကောင်း၊ ထာဝရဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းကြလော့။
5:3 အိုရှင်ဘုရင်တို့ ကြားကြလော့။ အိုမင်းသားတို့ နားထောင်ကြလော့။ ငါသီချင်းဆိုမည်။ ထာဝရဘုရားအား သီချင်းဆိုမည်။ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းမည်။
5:4 အိုထာဝရဘုရား၊ ကိုယ်တော်သည် စိရတောင်ရိုးပေါ်မှကြွ၍ ဧဒုံတောမှ စစ်ချီတော်မူသောအခါ၊ မြေကြီးလှုပ်၍ မိုးရွာသဖြင့် မိုးတိမ်တို့မှ မိုးရေသည်စီးပါ၏။
5:5 တောင်ရိုးတို့သည် ထာဝရဘုရားရှေ့တော်၌လည်းကောင်း၊ သိနာတောင်သည်လည်း ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား ရှေ့တော်၌လည်းကောင်း တုန်လှုပ်ပါ၏။
5:6 အာနတ်သား ရှံဂါမင်းလက်ထက်၌လည်းကောင်း၊ ယေလမင်းလက်ထက်၌လည်းကောင်း၊ လမ်းမတို့သည် ဆိတ်ညံလျက်ရှိ၍ ခရီးသွားသောသူတို့သည် လမ်းကြားတို့၌ လိုက်သွားရကြ၏။
5:7 ဣသရေလအမျိုး၌ မင်းဆက်ပြတ်လျက်ရှိ၏။ ငါဒေဗောရသည် မပေါ်၊ ငါသည် ဣသရေလအမျိုး၌ အမိမပေါ်ထွန်းမီတိုင်အောင် မင်းဆက်ပြတ်လျက်ရှိ၏။
5:8 ဣသရေလအမျိုးသားတို့သည် ဘုရားသစ်တို့ကို ရွေးယူကြ၏။ ထိုအခါ သူတို့မြို့များကို ရန်သူတို့သည် တိုက်လာကြ၏။ ဣသရေလအမျိုးသား လေးသောင်းတွင် ဒိုင်းလွှားတစ်ခု၊ လှံတစ်စင်းမျှ မရှိ။
5:9 စေတနာစိတ်ရှိ၍ ဆင်းရဲသားတို့တွင် မိမိကိုယ်ကိုလှူသော ဣသရေလအမျိုး မင်းတို့အားငါစိတ်နူးညွတ်၏။ ထာဝရဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းကြလော့။
5:10 ဖြူသောမြည်းကို စီးသောသူ၊ တရားမှုကို စီရင်သောသူ၊ လမ်း၌သွားသောသူတို့၊
5:11 ရေကျင်းများအနားမှာ လက်ရဥစ္စာကို ဝေမျှသောသူတို့၏အသံကို ကြားသောအခါ သီချင်းဆိုကြလော့။ ထာဝရဘုရား၏ တရားသောအမှု၊ ဣသရေလမြို့ရွာတို့၌ တရားသဖြင့် ပြုတော်မူသောအမှုတို့ကို ထိုအရပ်တို့တွင် ချီးမွမ်းကြလိမ့်မည်။ ထိုအခါ ထာဝရဘုရား၏လူတို့သည် မိမိတို့နေသောမြို့သို့ ပြန်သွားကြလိမ့်မည်။
5:12 နိုးပါ၊ နိုးပါ၊ ဒေဗောရ။ နိုးပါ၊ နိုးပါ၊ သီချင်းဆိုပါ၊ အိုဗာရက်၊ ထပါ၊ အဘိနောင်သား၊ သင်ဖမ်းဆီးချုပ်ထားသော သူတို့ကို ထုတ်ပြပါ။
5:13 ထိုအခါ ကျန်ကြွင်းသောသူတို့သည် သူရဲကြီးတို့ထံသို့ ဆင်းကြ၏။ ထာဝရဘုရား၏လူတို့သည် အစွမ်းတန်ခိုးကြီးသော သူတို့ထံသို့ ငါ့အဖို့ဆင်းကြ၏။
5:14 အာမလက်လူနေရာအနားမှာ နေရာကျသောသူတို့သည် ဧဖရိမ်ခရိုင်ထဲက ထွက်လာကြ၏။ သူတို့နောက်မှာ သင်၏ဗိုလ်ခြေတို့တွင် ဗင်္ယာမိန်အမျိုးသားတို့သည် လိုက်ကြ၏။ မာခိရအမျိုးထဲကမင်းများ၊ ဇာဗုလုန်အမျိုးထဲက စီရင်တတ်သော သူများတို့သည် ထွက်လာကြ၏။
5:15 ဣသခါမင်းတို့သည်လည်း၊ ဒေဗောရ၌ပါ၍ ဣသခါအမျိုးသည် ဗာရက်၏လက်ရုံး ဖြစ်၏။ ဗာရက်နောက်မှာ ချိုင့်ထဲသို့ပြေးလိုက်ကြ၏။ ရုဗင်အမျိုးနေရာ ချောင်းအသွယ်သွယ်၌ စိတ်နှလုံးပြဌာန်းခြင်း များကြ၏။
5:16 နောက်တစ်ဖန် သင်သည် သိုးမြည်သံကို နားထောင်ခြင်းငှာ တောင်ကြားမှာ အဘယ်ကြောင့် ထိုင်နေသနည်း။ ရုဗင်အမျိုးနေရာ ချောင်းအသွယ်သွယ်၌ စိတ်နှလုံးတွန့်တိုခြင်းများကြသည်တကား။
5:17 ဂိလဒ်ပြည်သားတို့သည် ယော်ဒန်မြစ်တစ်ဖက်၌ ငြိမ်ဝပ်စွာနေကြ၏။ ဒန်အမျိုးသည် သင်္ဘောဆိပ်အနားမှာ အဘယ်ကြောင့် နေရစ်သနည်း။ အာရှာအမျိုးသည်လည်း ပင်လယ်ကမ်းနား သင်္ဘောဆိုက်ရာကွေ့တို့၌ မလှုပ်ဘဲငြိမ်ဝပ်စွာနေသည်တကား။
5:18 ဇာဗုလုန်အမျိုးသည် အသက်ကို စွန့်စားသည်တိုင်အောင် ရဲရင့်၍ နဿလိအမျိုးသည် မြင့်သောတောအရပ်၌ ထိုနည်းတူပြု၏။
5:19 ရှင်ဘုရင်တို့သည် လာ၍ စစ်တိုက်ကြ၏။ ခါနနိရှင်ဘုရင်တို့သည် မေဂိဒ္ဒေါအိုင်၊ တာနက်မြို့အနားမှာ တိုက်သော်လည်း၊ ငွေကို လုယူ၍မရကြ။
5:20 ကောင်းကင်မှ စစ်ကူကြ၏။ ကြယ်တို့သည် လှည့်ပတ်စဉ်အခါ သိသရကို စစ်တိုက်ကြ၏။
5:21 ကိရှုန်မြစ်၊ စစ်မှုကြောင့် ကျော်စောသောမြစ်၊ ကိရှုန်မြစ်သည် ရန်သူတို့ကို ပယ်သွား၏။ အိုငါ့ဝိညာဉ်၊ သင်သည် ခွန်အားကြီးသောသူကို နှိပ်နင်းပြီ။
5:22 ထိုအခါ မြင်းစီးသူရဲတို့သည် မြင်းကိုနှင်လျက် နှင်လျက်စီးသောကြောင့်၊ မြင်းတို့သည် မြေကို ခွာနှင့်ထိခိုက်လျက် ပြေးကြ၏။
5:23 မေရောဇမြို့သားတို့သည် ထာဝရဘုရားဘက်၊ စစ်သူရဲတို့နှင့်ဝိုင်း၍ ထာဝရဘုရားဘက်သို့ မကူကြသောကြောင့်၊ မေရောဇမြို့ကို ကျိန်ကြလော့။ မြို့သားတို့ကို ပြင်းစွာ ကျိန်ကြလော့ဟု ထာဝရဘုရား၏ကောင်းကင်တမန်သည် မှာထား၏။
5:24 ကေနိအမျိုးသား ဟေဗာ၏မယားယေလသည်၊ မိန်းမတကာတို့ထက် မြတ်စွာသောမင်္ဂလာရှိ၏။ တဲ၌နေသော မိန်းမတကာတို့ထက် မြတ်စွာသော မင်္ဂလာရှိ၏။
5:25 ထိုသူသည် ရေကိုတောင်း၍ ယေလသည် နို့ကိုပေး၏။ မင်းသုံးသော ဖလားနှင့် နို့ဓမ်းကို ဆက်လေ၏။
5:26 တဲတံသင်ကို ယူ၍ လက်ယာလက်နှင့် လက်ရိုက်ကိုကိုင်လျက် သိသရကို ရိုက်လေ၏။ သူ၏ခေါင်းကို ထိုးရိုက်၍ နားပန်းကို ထုတ်ချင်းခွင်းဖောက်လေ၏။
5:27 သူသည် ယေလခြေရင်း၌ကျ၍ လဲလျက် တုံးလုံးနေ၏။ ခြေရင်း၌ ကျလဲ၍ ကျရာအရပ်၌သေလျက် လဲနေ၏။
5:28 သိသရအမိသည် ပြူတင်းပေါက်ဝဖြင့် ကြည့်၍ ကုလားကာအတွင်း၌ နေလျက်၊ သူ၏ရထားသည် အဘယ်ကြောင့် လာခဲသနည်း။ ရထားဘီးတို့သည် အဘယ်ကြောင့် နှေးသနည်းဟု မြည်တမ်းလေ၏။
5:29 ပညာရှိသော မင်းသမီးတို့သည် ပြန်လျှောက်သည်သာမက၊ သူ့ကိုယ်တိုင် ပြန်ပြောသည်ကား၊
5:30 သူတို့သည် တွေ့၍ရသော ဥစ္စာကိုဝေဖန်လျက် နေကြသည်မဟုတ်လော။ စစ်သူရဲတို့အား အပျိုကညာ တစ်ယောက်နှစ်ယောက်စီ၊ သိသရဖို့ ပန်းဆိုးသောအဝတ်၊ ပန်းဆိုး၍ ချယ်လှယ်သော အဝတ်တန်ဆာ၊ အောင်သောသူတို့၏ လည်ပင်း၌ ဆင်စရာဖို့ ပန်းဆိုး၍ချယ်လှယ်လျက် အဆင်းအရောင် ထူးခြားသော အဝတ်တန်ဆာကို လုယူ၍ ဝေဖန်လျက် နေကြသည်မဟုတ်လောဟု သိသရ၏အမိသည် ဆိုတတ်၏။
5:31 အိုထာဝရဘုရား၊ ကိုယ်တော်၏ ရန်သူအပေါင်းတို့သည် ထိုသို့ပျက်စီးခြင်းသို့ ရောက်ကြပါစေသော။ ထာဝရဘုရားကိုချစ်သောသူတို့သည် အရှိန်တန်ခိုးနှင့် ထွက်သွားသော နေမင်းကဲ့သို့ဖြစ်ပါစေသောဟု သီချင်းဆိုကြ၏။ ထိုနောက် အနှစ်လေးဆယ်တိုင်တိုင် တစ်ပြည်လုံးငြိမ်းလေ၏။