1 Samuel 10
10:1 ဆီဘူးကိုယူ၍ ရှောလု၏ခေါင်းပေါ်မှာလောင်းလေ၏။ တစ်ဖန်သူ့ကိုနမ်းသဖြင့်၊ ထာဝရဘုရားသည် သင့်ကို အမွေတော်လူမျိုး၏ မင်းအရာ၌ခန့်ထား၍ ဆီလောင်းခြင်းဘိသိက်ကိုပေးတော်မူ၏။
10:2 ယနေ့ ငါနှင့်ကွာ၍ သွားသောအခါ၊ ဗင်္ယာမိန်ခရိုင်စွန်း၊ ဇေလဇရွာ၊ ရာခေလသင်္ချိုင်းအနားမှာ လူနှစ်ယောက်ကို တွေ့လိမ့်မည်။ သူတို့က၊ သင်သွား၍ ရှာသောမြည်းတို့ကို တွေ့ပြီ။ သင်၏အဘသည် မြည်းတို့ကို အမှုမထား၊ ငါ့သားအဖို့ အဘယ်သို့ ပြုရပါမည်နည်းဟုဆိုလျက် စိုးရိမ်ကြောင်းကို ပြောကြလိမ့်မည်။
10:3 ထိုအရပ်မှလွန်၍ တာဗော်လွင်ပြင်သို့ ရောက်လျှင်၊ ဆိတ်သငယ်သုံးကောင်ကို ဆောင်သောသူတစ်ယောက်၊ မုန့်သုံးလုံးကို ဆောင်သောသူ တစ်ယောက်၊ စပျစ်ရည်ဘူးကိုဆောင်သောသူ တစ်ယောက်တည်းဟူသော ဗေသလမြို့ ဘုရားသခင့်ထံတော်သို့ သွားသောသူ သုံးယောက်တို့နှင့် သင်သည်တွေ့ကြုံလိမ့်မည်။
10:4 ထိုသူတို့သည် နှုတ်ဆက်ပြီးလျှင် မုန့်နှစ်လုံးကိုပေး၍၊ သင်သည် သူတို့လက်မှခံယူရလိမ့်မည်။
10:5 ထိုနောက်မှ ဖိလိတ္တိတပ်ရှိရာ ဘုရားသခင်၏တောင်သို့ရောက်၍ မြို့သို့ချဉ်းကပ်သောအခါ၊ ပရောဖက် အပေါင်းအသင်းသည် တယော၊ ပတ်သာ၊ ပုလွေ၊ စောင်းပါလျက် ပရောဖက်ပြုလျက်၊ မြင့်သောအရပ်မှ ဆင်းလာကြသည်ကို တွေ့လိမ့်မည်။
10:6 ထိုအခါ ထာဝရဘုရား၏ဝိညာဉ်တော်သည် သင့်အပေါ်မှာ သက်ရောက်သဖြင့်၊ သင်သည် သူတို့နှင့်အတူ ပရောဖက်ပြု၍ ခြားနားသောသူ ဖြစ်လိမ့်မည်။
10:7 ဤနိမိတ်လက္ခဏာတို့သည် သင်၌ဖြစ်သောအခါ၊ အဆင်သင့်သည်အတိုင်း ပြုလော့။ ဘုရားသခင်သည် သင်နှင့်အတူ ရှိတော်မူ၏။
10:8 သင်သည်လည်း ငါ့ရှေ့မှာ ဂိလဂါလမြို့သို့ သွားရမည်။ ငါသည်လည်း မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်ခြင်းငှာ သင်ရှိရာသို့လာမည်။ ငါလာ၍ သင်ပြုရသော အမှုကိုမပြမီတိုင်အောင် သင်သည်ငံ့နေရမည်ဟု ဆို၏။
10:9 ရှောလုသည် ရှမွေလထံမှထွက်သွားမည်ဟု လှည့်သောအခါ၊ ခြားနားသော စိတ်နှလုံးကို ဘုရားသခင်ပေးတော်မူ၍၊ ထိုနိမိတ်လက္ခဏာအလုံးစုံတို့သည် ထိုနေ့ချင်းတွင်ဖြစ်လေ၏။
10:10 တောင်တော်သို့ ရောက်သောအခါ၊ ပရောဖက် အပေါင်းအသင်းတို့သည် ဆီး၍ ကြိုကြစဉ်တွင်၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ရှောလုအပေါ်သို့ သက်ရောက်တော်မူသဖြင့်၊ သူတို့နှင့်အတူ ပရောဖက်ပြုလေ၏။
10:11 ရှောလုသည် ပရောဖက်တို့နှင့်အတူ ပရောဖက်ပြုသည်ကို အထက်က သိကျွမ်းသောသူတို့သည် မြင်သောအခါ၊ ကိရှ၏သား၌ အဘယ်သို့ဖြစ်သနည်း။ ရှောလုသည်လည်း ပရောဖက်တို့၌ ပါသလောဟု တစ်ယောက်ကိုတစ်ယောက် မေးမြန်းကြ၏။
10:12 ထိုအရပ်သား တစ်ယောက်က၊ သူတို့အဘကား အဘယ်သူနည်းဟုဆို၍၊ ရှောလုသည်လည်း ပရောဖက်တို့၌ ပါသလောဟူသောစကားသည် ပုံစကားဖြစ်လေ၏။
10:13 ရှောလုသည်ပရောဖက်ပြုပြီးမှ မြင့်သောအရပ်သို့ သွား၏။
10:14 ရှောလု၏ဘထွေးက၊ သင်တို့သည် အဘယ်အရပ်သို့ သွားသနည်းဟု ရှောလုနှင့်ငယ်သားကို မေးလျှင်၊ ရှောလုက၊ မြည်းတို့ကိုရှာရအောင် သွား၏။ မတွေ့သောအခါ ရှမွေလထံသို့ ရောက်သည်ဟု ပြန်ပြော၏။
10:15 ဘထွေးကလည်း၊ ရှမွေလသည် အဘယ်သို့ပြောသနည်း။ ငါ့အား ပြန်ပြောပါဟု တောင်းပန်သော်၊
10:16 မြည်းတို့ကိုတွေ့ပြီဟု ရှမွေလသည် အတပ်ပြောကြောင်းကိုသာ ရှောလုသည် ဘထွေးအားပြန်ပြော၍၊ ရှမွေလပြောသော နိုင်ငံအမှုအရေးကို ဘထွေးအားမကြားမပြောဘဲနေ၏။
10:17 တစ်ဖန် ရှမွေလသည် လူများတို့ကို မိဇပါမြို့ ထာဝရဘုရားထံတော်သို့ခေါ်၍ စည်းဝေးစေပြီးလျှင်၊
10:18 ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရေလအမျိုးဖြစ်သော သင်တို့ကို အဲဂုတ္တုပြည်မှ ငါဆောင်ခဲ့၍၊ အဲဂုတ္တုမင်းအစရှိသော သင်တို့ကို ညှဉ်းဆဲသော မင်းအပေါင်းတို့လက်မှ ကယ်နုတ်သော်လည်း၊
10:19 သင်တို့ကို ဒုက္ခဆင်းရဲ ဘေးဥပဒ်ရှိသမျှတို့အထဲက ကယ်တင်သော သင်တို့၏ဘုရားသခင်ကို ယနေ့ သင်တို့သည်ပယ်ကြပြီ။ အကျွန်ုပ်တို့အပေါ်မှာ ရှင်ဘုရင်ရှိစေခြင်းငှာ ချီးမြှောက်တော်မူပါဟု လျှောက်ကြပြီ။ သို့ဖြစ်၍ အမျိုးအသီးအသီး၊ အဆွေအသီးအသီးအလိုက် ထာဝရဘုရားရှေ့တော်သို့ ချည်းကပ်ကြလော့ဟု ဣသရေလအမျိုးသားတို့အား ဆိုသဖြင့်၊
10:20 အမျိုးအနွယ်အပေါင်းတို့ကို ချဉ်းကပ်စေပြီးမှ၊ ဗင်္ယာမိန်အမျိုးကို မှတ်တော်မူ၏။
10:21 ဗင်္ယာမိန်အဆွေအမျိုးအလိုက် ချည်းကပ်စေပြီးမှ၊ မာတရိ အဆွေအမျိုးကိုလည်းကောင်း၊ ကိရှ၏သား ရှောလုကိုလည်းကောင်း မှတ်တော်မူသဖြင့် သူ့ကိုရှာ၍မတွေ့ကြ။
10:22 ထိုသူသည် လာရပါမည်လောဟု ထာဝရဘုရားအား မေးလျှောက်လျှင်၊ ထာဝရဘုရားက၊ လှည်းများ အစရှိသည်တို့၌ ပုန်း၍နေသည်ဟု မိန့်တော်မူ၏။
10:23 သူတို့သည် ပြေး၍ ခေါ်ခဲ့ကြ၏။ ရှောလုသည် လူများတို့တွင် ရပ်သောအခါ၊ ပခုံးအထက်မှာ အခြားသောသူထက် အရပ်သာ၍မြင့်၏။
10:24 ရှမွေလကလည်း၊ ထာဝရဘုရား ရွေးချယ်တော်မူသောသူကို ကြည့်ကြလော့။ လူခပ်သိမ်းတို့တွင် သူနှင့်တူသောသူ တစ်စုံတစ်ယောက်မျှမရှိဟု လူအပေါင်းတို့အား ပြောဆိုလျှင်၊ လူအပေါင်းတို့က၊ ရှင်ဘုရင်အသက်တော်မြဲပါစေဟု ကြွေးကြော်ကြ၏။
10:25 ရှမွေလသည်လည်း မင်းကျင့်တရားကို လူများတို့အား ဟောပြော၍ စာ၌ရေးမှတ်သဖြင့်၊ ထာဝရဘုရားရှေ့တော်၌ ထားပြီးမှ၊ လူအပေါင်းတို့ကို အသီးအသီး မိမိတို့အိမ်သို့ လွှတ်လိုက်လေ၏။
10:26 ရှောလုသည်လည်း ဂိဗာမြို့ မိမိအိမ်သို့သွား၍၊ ဘုရားသခင် သွေးဆောင်တော်မူသော လူအပေါင်းအသင်းသည် သူနှင့်အတူ လိုက်သွားကြ၏။
10:27 အဓမ္မလူတို့က၊ ဤသူသည် ငါတို့ကို အဘယ်သို့ ကယ်တင်လိမ့်မည်နည်းဟု ဆိုလျက်၊ လက်ဆောင်ကို မဆက်ဘဲ မထီမဲ့မြင်ပြုသော်လည်း၊ ရှောလုသည် အမှုမထားဘဲနေ၏။