1 Samuel 11
11:1 ထိုနောက်မှ အမ္မုန်အမျိုးသားနာဟတ်သည်လာ၍ ဂိလဒ်ပြည် ယာဗက်မြို့အနားမှာတပ်ချလျှင်၊ မြို့သားအပေါင်းတို့က အကျွန်ုပ်တို့နှင့် မိတ်သဟာယဖွဲ့တော်မူပါ။ ကိုယ်တော်ထံ၌ကျွန်ခံပါမည်ဟု နာဟတ်မင်းအား လျှောက်သော်လည်း၊
11:2 အမ္မုန်အမျိုးသား နာဟတ်က၊ သင်တို့၌ လက်ယာမျက်စိရှိသမျှကိုဖောက်၍ ဣသရေလအမျိုးတစ်မျိုးလုံး၌ ငါကဲ့ရဲ့ရသောအခွင့်ကို ပေးမှသာ မိတ်သဟာယဖွဲ့မည်ဟု ပြန်ပြောသော်၊
11:3 ယာဗက်မြို့သား အသက်ကြီးသူတို့က၊ အကျွန်ုပ်တို့သည် ဣသရေလပြည် တစ်လျှောက်လုံးသို့ တမန်တို့ကို စေလွှတ်ခြင်းငှာ ခုနစ်ရက်မျှ ငံ့လင့်ပါ။ ထိုအခါ ကယ်တင်သောသူ မပေါ်မရှိလျှင် မင်းကြီးထံသို့ ထွက်ပါမည်ဟု ဆိုကြ၏။
11:4 တမန်တို့သည် ရှောလုနေရာ ဂိဗာမြို့သို့လာ၍ လူများတို့အားသတင်းကြားပြောသော်၊ လူအပေါင်းတို့သည် အသံကိုလွှင့်၍ ငိုကြွေးကြ၏။
11:5 ရှောလုသည် နွားစုနောက်သို့လိုက်လျက် လယ်လုပ်ရာမှ ရောက်လာသောအခါ၊ လူတို့သည် အဘယ်ကြောင့် ငိုကြွေးကြသနည်းဟု မေးလျှင်၊ ယာဗက်မြို့သားတို့၏သတင်းကို ပြောကြ၏။
11:6 ထိုသတင်းကို ရှောလုကြားသောအခါ၊ ဘုရားသခင်၏ဝိညာဉ်တော်သက်ရောက်၍ ထိုသူသည် ပြင်းစွာအမျက်ထွက်လျက်၊
11:7 နွားတစ်ရှဉ်းကိုယူ၍ ခုတ်ဖြတ်ပြီးမှ၊ သံတမန်တို့လက်တွင် ဣသရေလပြည် တစ်လျှောက်လုံးသို့ ပေးလိုက်၍၊ ရှောလုနှင့် ရှမွေလနောက်သို့ ထွက်၍မလိုက်သောသူ၏နွားတို့ကို ဤကဲ့သို့ပြုမည်ဟုကြော်ငြာစေသဖြင့်၊ လူတို့သည် ထာဝရဘုရားကို ကြောက်၍ တညီတညွတ်တည်း ထွက်လာကြ၏။
11:8 ဗေဇက်မြို့၌ တပ်စာရင်းယူသောအခါ၊ ဣသရေလအမျိုးသား သုံးသိန်း၊ ယုဒအမျိုးသား သုံးသောင်းရှိကြ၏။
11:9 ဂိလဒ်ပြည် ယာဗက်မြို့မှလာသော တမန်တို့အား နက်ဖြန်နေ့ နေပူချိန်ရောက်သောအခါ ချမ်းသာရမည်အကြောင်းကို၊ မြို့သားတို့အား ကြားပြောလော့ဟု မှာလိုက်သည်အတိုင်း၊ တမန်တို့သည်သွား၍ သတင်းကြားပြောသဖြင့် ယာဗက်မြို့သားတို့သည် ဝမ်းမြောက်ကြ၏။
11:10 အကျွန်ုပ်တို့သည် နက်ဖြန်နေ့၌ ကိုယ်တော်ထံသို့ ထွက်ပါမည်။ ကိုယ်တော်အလိုရှိသမျှအတိုင်း ပြုတော်မူပါဟု နာဟတ်မင်းအားလျှောက်ကြ၏။
11:11 နက်ဖြန်နေ့၌ ရှောလုသည် လူတို့ကိုသုံးတပ်ခွဲပြီးမှ၊ နံနက်ယံအချိန်၌ ရန်သူအလုံးအရင်းထဲသို့ဝင်၍ နေပူချိန်တိုင်အောင် အမ္မုန်အမျိုးသားတို့ကို လုပ်ကြံသဖြင့်၊ ကျန်ကြွင်းသောသူ တစ်ယောက်နှင့် တစ်ယောက်ပေါင်း၍ မနေရသည်တိုင်အောင် လူအပေါင်းတို့သည် ကွဲပြားလျက်ရှိကြ၏။
11:12 ဣသရေလလူတို့ကလည်း၊ ရှောလုသည် ငါတို့ကို အုပ်စိုးရမည်လောဟု ဆိုမိသောသူကား အဘယ်သူနည်း။ ထိုသို့ဆိုမိသောသူတို့ကိုခေါ်၍ သတ်ကြကုန်အံ့ဟု ရှမွေလအားဆိုကြသော်၊
11:13 ရှောလုက၊ လူတစ်ယောက်ကိုမျှ ယနေ့မသတ်ရ၊ ထာဝရဘုရားသည် ယနေ့ ဣသရေလအမျိုးကို ကယ်တင်တော်မူပြီဟု ဆို၏။
11:14 ရှမွေလကလည်း၊ ဂိလဂါလမြို့သို့သွား၍ နိုင်ငံတော်ကို ပြုပြင်ကြကုန်အံ့ဟု လူများတို့အားပြောဆိုသည်အတိုင်း၊
11:15 လူအပေါင်းတို့သည် ဂိလဂါလမြို့သို့သွား၍၊ ထိုမြို့၌ ထာဝရဘုရားရှေ့တော်မှာ ရှောလုကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ကြ၏။ ထိုမြို့၌လည်း၊ ထာဝရဘုရားရှေ့တော်မှာ မိတ်သဟာယယဇ်ကို ပူဇော်သဖြင့်၊ ရှောလုနှင့် ဣသရေလ အမျိုးသားအပေါင်းတို့သည် အလွန်ပျော်မွေ့ခြင်းကို ပြုကြ၏။