1 Samuel 12
12:1 ရှမွေလကလည်း၊ သင်တို့ပြောသမျှသောစကားကို ငါနားထောင်၍၊ သင်တို့အပေါ်မှာ ရှင်ဘုရင်ကို ငါချီးမြှောက်လေပြီ။
12:2 ယခုမှာ ရှင်ဘုရင်သည် သင်တို့ရှေ့၌ ကြွနေတော်မူ၏။ ငါသည် အသက်ကြီး၍ ဆံပင်ဖြူပြီ။ ငါ့သားတို့သည် သင်တို့၌ရှိကြ၏။ ငါသည် ငယ်သောအရွယ်မှစ၍ ယနေ့တိုင်အောင် သင်တို့ရှေ့၌ သွားပြီ။
12:3 ဤအရပ်၌ ယခု ငါရှိ၏။ အဘယ်သူ၏နွားကို ငါယူဖူးပြီနည်း။ အဘယ်သူ၏ မြည်းကိုယူဖူးပြီနည်း။ အဘယ်သူကို လှည့်စားဖူးပြီနည်း။ အဘယ်သူကို ညှဉ်းဆဲဖူးပြီနည်း။ ကိုယ်မျက်စိကို ကွယ်စေခြင်းငှာ အဘယ်သူလက်မှ တံစိုးကိုခံဖူးပြီနည်း။ ထာဝရဘုရားရှေ့၊ ဘိသိက်တော်ကို ခံသောသူရှေ့မှာ ငါ့တစ်ဖက်၌ သက်သေခံကြလော့။ သူ့ဥစ္စာကို ငါယူမိလျှင် ပြန်ပေးပါမည်ဟု ဣသရေလ လူအပေါင်းတို့အား ပြောဆိုသော်၊
12:4 သူတို့က၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို မလှည့်စားပါ။ မညှဉ်းဆဲပါ။ အဘယ်သူ၏ဥစ္စာကိုမျှမယူပါဟု ပြောဆိုကြ၏။
12:5 ရှမွေလကလည်း၊ သင်တို့သည် ငါ့လက်၌ သူတစ်ပါး၏ဥစ္စာကို ရှာ၍မတွေ့ကြောင်းကို ထာဝရဘုရားသည် သင်တို့တစ်ဖက်၌ သက်သေဖြစ်တော်မူ၏။ ဘိသိက်တော်ကို ခံသောသူလည်း သက်သေဖြစ်၏ဟုဆိုလျှင်၊ သူတို့က၊ သက်သေဖြစ်ပါသည်ဟု ဝန်ခံကြ၏။
12:6 တစ်ဖန် ရှမွေလက၊ ထာဝရဘုရားသည် မောရှေနှင့်အာရုန်ကို ချီးမြှောက်၍၊ သင်တို့ဘိုးဘေးများကို အဲဂုတ္တုပြည်မှ ဆောင်ခဲ့တော်မူ၏။
12:7 ယခုတွင် တိတ်ဆိတ်စွာနေကြလော့။ ထာဝရဘုရားသည် သင်တို့နှင့် သင်တို့ဘိုးဘေးများ၌ တရားသဖြင့် ပြုတော်မူသောအမှုတို့ကို ထာဝရဘုရားရှေ့တော်မှာ သင်တို့အား ငါဆွေးနွေးဟောပြောမည်။
12:8 ယာကုပ်သည် အဲဂုတ္တုပြည်သို့ရောက်၍၊ သင်တို့ဘိုးဘေးတို့သည် ထာဝရဘုရားအား အော်ဟစ်သောအခါ၊ မောရှေနှင့် အာရုန်ကိုစေလွှတ်သဖြင့် ဘိုးဘေးတို့ကို အဲဂုတ္တုပြည်မှ နုတ်ဆောင်၍ ဤပြည်၌ နေရာချတော်မူ၏။
12:9 သူတို့၏ ဘုရားသခင် ထာဝရဘုရားကိုမေ့လျော့သောအခါ၊ ဟာဇော်ဗိုလ်ချုပ်မင်း သိသရလက်သို့လည်းကောင်း၊ ဖိလိတ္တိလူတို့ လက်သို့လည်းကောင်း၊ မောဘရှင်ဘုရင်လက်သို့လည်းကောင်း ရောက်စေတော်မူသဖြင့်၊ ထိုရန်သူတို့၏ တိုက်ဖျက်ခြင်းကို ခံရကြ၏။
12:10 တစ်ဖန် သူတို့သည် ထာဝရဘုရားအား အော်ဟစ်လျက်၊ အကျွန်ုပ်တို့သည် ကိုယ်တော်ကိုစွန့်၍၊ ဗာလဘုရားနှင့် အာရှတရက်ဘုရားတို့ကို ဝတ်ပြုသဖြင့် ပြစ်မှားပါပြီ။ သို့ရာတွင် ရန်သူလက်မှ ကယ်ချွတ်တော်မူပါ။ ကိုယ်တော်ကို ဝတ်ပြုပါမည်ဟု လျှောက်ကြသောအခါ၊
12:11 ထာဝရဘုရားသည် ယေရုဗ္ဗာလ၊ ဗာရက်၊ ယေဖသ၊ ရှမွေလတို့ကို စေလွှတ်၍၊ ပတ်ဝန်းကျင် ရန်သူတို့လက်မှ ကယ်နုတ်တော်မူသဖြင့် သင်တို့သည် ဘေးလွတ်ရကြ၏။
12:12 နောက်တစ်ဖန် အမ္မုန်အမျိုးသား ရှင်ဘုရင်နာဟတ်သည် စစ်ချီမည်အကြောင်းကို သိသောအခါ၊ အကျွန်ုပ်တို့သည် အရင်ကဲ့သို့မဟုတ်၊ ရှင်ဘုရင်သည် အကျွန်ုပ်တို့ကို အုပ်စိုးရမည်ဟု သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် ရှင်ဘုရင် လုပ်လျက်ပင် ငါ့အားလျှောက်ထားကြ၏။
12:13 ယခုမှာ သင်တို့လိုချင်၍ ရွေးချယ်သောရှင်ဘုရင်ကို ကြည့်ရှုကြလော့။ ထာဝရဘုရားသည် သင်တို့အပေါ်မှာ ရှင်ဘုရင်ဖြစ်စေခြင်းငှာ ချီးမြှောက်တော်မူပြီ။
12:14 သင်တို့သည် ထာဝရဘုရားကိုကြောက်ရွံ့၍ ဝတ်ပြုခြင်းနှင့်တကွ အာဏာတော်ကို မဆန်၊ စကားတော်ကို နားထောင်လျှင် သင်တို့နှင့် သင်တို့ကိုအုပ်စိုးသော ရှင်ဘုရင်သည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားနောက်တော်သို့ အမြဲလိုက်ကြလိမ့်မည်။
12:15 သို့မဟုတ် ထာဝရဘုရား၏ စကားတော်ကို နားမထောင်၊ အာဏာတော်ကိုဆန်လျှင်၊ ထာဝရဘုရား၏ လက်တော်သည် ဘိုးဘေးတို့ကို ဆီးတားသကဲ့သို့ သင်တို့ကို ဆီးတားတော်မူလိမ့်မည်။
12:16 ယခုမှာ သင်တို့မျက်မှောက်၌ ထာဝရဘုရား ပြုတော်မူလတ္တံ့သောအမှုကြီးကို ငြိမ်ဝပ်စွာနေ၍ ကြည့်ရှုလော့။
12:17 ယနေ့ ဂျုံစပါးရိတ်ရာကာလဖြစ်သည် မဟုတ်လော။ သို့သော်လည်း ထာဝရဘုရားကို ငါဆုတောင်း၍ မိုးချုန်းခြင်းနှင့်တကွ မိုးရွာစေတော်မူမည်။ သို့ဖြစ်၍ သင်တို့သည် ရှင်ဘုရင်ကို တောင်းသောအားဖြင့် ထာဝရဘုရားရှေ့တော်၌ ပြစ်မှားမိသောအပြစ်သည် ကြီးကြောင်းကို ရိပ်မိသိမြင်ရကြမည်ဟု လူများတို့အား ပြောဆိုပြီးလျှင်၊
12:18 ထာဝရဘုရားကိုဆုတောင်း၍၊ ထိုနေ့၌ ထာဝရဘုရားသည် မိုးချုန်းခြင်းနှင့်တကွ မိုးရွာစေတော်မူ၍၊ လူအပေါင်းတို့သည် ထာဝရဘုရားနှင့် ရှမွေလကို အလွန်ကြောက်ရွံ့ကြ၏။
12:19 လူအပေါင်းတို့က၊ ကိုယ်တော်၏ကျွန်တို့သည် မသေရမည်အကြောင်း၊ ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားအား ကိုယ်တော်ကျွန်တို့အဖို့ ဆုတောင်းတော်မူပါ။ အကျွန်ုပ်တို့သည် ရှင်ဘုရင်ကို တောင်းသောအားဖြင့် အထက်အပြစ်များတို့အပေါ်မှာထပ်၍ ဒုစရိုက်ကို ပြုမိပါပြီဟု ရှမွေလအား တောင်းပန်ကြ၏။
12:20 ရှမွေလကလည်း မစိုးရိမ်ကြနှင့်။ ဤဒုစရိုက်အပေါင်းကို ပြုမိသော်လည်း၊ ထာဝရဘုရားနောက်တော်သို့ လိုက်ရာမှ မလွှဲကြနှင့်။ ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ဝတ်ပြုကြလော့။
12:21 ကျေးဇူးမပြု မကယ်တင်နိုင်၊ အချည်းနှီးဖြစ်သော အရာတို့နောက်သို့ လမ်းလွှဲ၍ မလိုက်ကြနှင့်။ ထိုသို့သောအရာသည် အချည်းနှီးသက်သက်ဖြစ်၏။
12:22 ထာဝရဘုရားသည် မဟာနာမတော်ကိုထောက်၍ မိမိလူတို့ကို စွန့်တော်မမူ။ ထာဝရဘုရားသည် သင်တို့ကို မိမိလူအရာ၌ ခန့်ထားခြင်းငှာအလိုရှိတော်မူပြီ။
12:23 ငါမူကား သင်တို့အဖို့ ဆုမတောင်းဘဲနေသဖြင့်၊ ထာဝရဘုရားကို ပြစ်မှားခြင်းအမှုသည် ငါနှင့်ဝေးပါစေသော။ ကောင်းမွန်ဖြောင့်မတ်သော လမ်းကိုလည်း သင်တို့အား ငါပြသဦးမည်။
12:24 သို့ရာတွင် ထာဝရဘုရားကိုကြောက်ရွံ့၍ သစ္စာနှင့်တကွ စိတ်နှလုံးအကြွင်းမဲ့ ဝတ်ပြုကြလော့။ သင်တို့အဖို့ အဘယ်မျှလောက် ပြုတော်မူပြီးသည်ကို အောက်မေ့ကြလော့။
12:25 သို့မဟုတ် သင်တို့သည် ဒုစရိုက်ပြုမြဲပြုလျှင်၊ ရှင်ဘုရင်နှင့်တကွ ပျက်စီးခြင်းသို့ ရောက်ရကြလိမ့်မည်ဟု လူများတို့အား ပြောဆိုလေ၏။