1 Samuel 14
14:1 တစ်နေ့သ၌ ရှောလု၏ သားယောနသန်သည် ခမည်းတော်ထံ၌ အခွင့်မပန်ဘဲ၊ လက်နက်ဆောင်လုလင်ကိုခေါ်၍၊ တစ်ဖက်၌နေသော ဖိလိတ္တိတပ်သို့ သွားကြကုန်အံ့ဟု ဆိုလေ၏။
14:2 ရှောလုသည် ဂိဗာမြို့စွန်း၊ မိဂြုန်ရွာ၊ ရိမ္မုန်ကျောက်ဆောင်နားမှာ နေ၍၊ အထံတော်၌ လူခြောက်ရာခန့်မျှ ရှိ၏။
14:3 သင်တိုင်းဝတ်၍ ရှိလောမြို့၌ ထာဝရဘုရား၏ ယဇ်ပုရောဟိတ်ဖြစ်သောသူ ဧလိနှင့်ဖိနဟတ်တို့မှ ဆင်းသက်သော ဣခဗုဒ်၏အစ်ကို အဟိတုပ်၏သား အဟိယလည်းရှိ၏။ ယောနသန်သွားကြောင်းကို လူများမသိကြ။
14:4 ယောနသန်သည် ဖိလိတ္တိတပ်သို့ သွားစမ်းသော လမ်းကြားမှာ၊ တစ်ဖက်တစ်ချက်၌ ကျောက်ငူရှိ၏။ ကျောက်ငူတစ်ခုသည် ဗောဇက်၊ တစ်ခုသည်သေနေအမည်ရှိ၏။
14:5 တစ်ခုကား မြောက်ဘက်၌ မိတ်မတ်မြို့သို့လည်းကောင်း၊ တစ်ခုကား တောင်ဘက်၌ ဂိဗာမြို့သို့လည်းကောင်း မျက်နှာပြုသတည်း။
14:6 ယောနသန်က၊ အရေဖျားလှီးခြင်းကိုမခံသော တပ်သားတို့ဆီသို့သွားကြကုန်အံ့။ ထာဝရဘုရားသည် ငါတို့အမှုကို စောင့်ကောင်းစောင့်တော်မူလိမ့်မည်။ လူများသော်လည်းကောင်း၊ နည်းသော်လည်းကောင်း၊ ထာဝရဘုရား ကယ်တင်တော်မူခြင်းကို အဆီးအတားမရှိနိုင်ဟု လက်နက်ဆောင်လုလင်အားပြောဆိုလျှင်၊
14:7 လုလင်က၊ စိတ်တော်ရှိသည်အတိုင်းပြုပါ။ လှည့်သွားပါ။ အလိုတော်ရှိသည်အတိုင်း ကျွန်တော်လိုက်ပါမည်ဟု ပြန်ပြောသော်၊
14:8 ယောနသန်က၊ ထိုလူတို့ဆီသို့သွား၍ ကိုယ်ကို ပြကြကုန်အံ့။
14:9 သူတို့က နေကြ။ ငါတို့လာမည်ဟုဆိုလျှင် သူတို့ဆီသို့မသွားဘဲနေကြမည်။
14:10 သို့မဟုတ်၊ လာကြဟုဆိုလျှင် သွားကြမည်။ ထာဝရဘုရားသည် သူတို့ကို ငါတို့လက်သို့ အပ်တော်မူ၏။ ထိုသို့သော ပုပ္ပနိမိတ်ရှိရ၏ဟု ဆိုသည်နှင့်အညီ၊
14:11 နှစ်ယောက်တို့သည် ဖိလိတ္တိတပ်သားတို့အား ကိုယ်ကိုပြသောအခါ၊ ဖိလိတ္တိလူတို့က၊ ဟေဗြဲလူတို့သည် ပုန်းရှောင်ရာတွင်းထဲက ထွက်လာပါသည်တကားဟုဆိုလျက်၊
14:12 တပ်သားတို့က၊ လာကြ။ တစ်စုံတစ်ခုကို ပြမည်ဟု ယောနသန်နှင့် လက်နက်ဆောင်လုလင်အားဆိုလျှင်၊ ယောနသန်က၊ ငါ့နောက်သို့ လိုက်လော့။ ထာဝရဘုရားသည် သူတို့ကို ဣသရေလလူတို့လက်သို့ အပ်တော်မူပြီဟု လုလင်အားဆိုသဖြင့်၊
14:13 လေးဘက်တွားလျက် တက်၍၊ လုလင်လည်းလိုက်၏။ ယောနသန်ရှေ့မှာ ဖိလိတ္တိလူတို့သည် လဲ၍ လုလင်သည် သူ့သခင့်နောက်မှာ လုပ်ကြံလေ၏။
14:14 ယောနသန်နှင့် လုလင်ပြုသော ပထမလုပ်ကြံခြင်းအားဖြင့် နွားတစ်ရှဉ်းထွန်နိုင်သော မြေကွက်အတွင်းတွင် လူနှစ်ဆယ်ခန့်မျှ သေကြ၏။
14:15 စစ်သူရဲများ၊ လယ်လုပ်သူများ၊ အခြားသူများအပေါင်းတို့သည် တပ်သားများ၊ လုယူသောသူများနှင့်တကွ တုန်လှုပ်ကြ၍၊ မြေကြီးလည်း လှုပ်သဖြင့်၊ အလွန်ကြီးသောတုန်လှုပ်ခြင်းရှိ၏။
14:16 ဗင်္ယာမိန်ခရိုင် ဂိဗာမြို့၌ ရှောလု၏ကင်းစောင့်တို့သည် ကြည့်ရှုသောအခါ၊ ဖိလိတ္တိလူအလုံးအရင်းသည် လျော့၍ တစ်ယောက်ကိုတစ်ယောက် ထိုးရိုက်လျက်သွားကြ၏။
14:17 ရှောလုကလည်း၊ အဘယ်သူထွက်သွားသည်ကို သိခြင်းငှာ လူများကိုရေတွက်ကြလော့ဟု အထံတော်၌ ရှိသောသူတို့အား စီရင်သည်အတိုင်း ရေတွက်၍၊ ယောနသန်နှင့် သူ၏လက်နက်ဆောင်လုလင် မရှိ။
14:18 ထိုကာလအခါ ဘုရားသခင်၏သေတ္တာတော်သည် ဣသရေလအမျိုးသားတို့၌ ရှိသည်ဖြစ်၍၊ ရှောလုက၊ ဘုရားသခင်၏ သေတ္တာတော်ကိုယူခဲ့ပါဟု အဟိယအားဆို၏။
14:19 ရှောလုသည် ယဇ်ပုရောဟိတ်နှင့် စကားပြောစဉ်တွင်၊ ဖိလိတ္တိတပ်၌ အုတ်အုတ်ကျက်ကျက်သော အသံတိုးပွားသောကြောင့်၊ ရှောလုက နေဦးတော့ဟု ယဇ်ပုရောဟိတ်အား ဆိုသဖြင့်၊
14:20 မိမိနှင့်လူအပေါင်းတို့သည် တစ်ယောက်ကိုတစ်ယောက် နှိုးဆော်လျက် စစ်ချီ၍ရောက်သောအခါ၊ ဖိလိတ္တိလူတို့သည် တစ်ယောက်ကိုတစ်ယောက် ခုတ်သဖြင့် အလွန်တပ်ပျက်လေ၏။
14:21 အထက်ကာလ၌ ဖိလိတ္တိလူတို့ဘက်မှာနေ၍ အရပ်ရပ်တို့က တပ်သို့လိုက်လာသော ဟေဗြဲလူတို့သည်လည်း ရှောလုနှင့်ယောနသန်၌ ပါသော ဣသရေလလူတို့ဘက်သို့ ဝင်ကြ၏။
14:22 ဧဖရိမ်တောင်၌ ပုန်းရှောင်၍နေသော ဣသရေလလူအပေါင်းတို့သည်လည်း၊ ဖိလိတ္တိလူပြေးကြောင်းကို ကြားသောအခါ စစ်ချီ၍ ကျပ်ကျပ်လိုက်ကြ၏။
14:23 ထိုသို့ ထာဝရဘုရားသည် ဣသရေလအမျိုးကို ထိုနေ့၌ ကယ်တင်တော်မူသဖြင့်၊ စစ်မှုသည် ဗေသဝင်မြို့သို့ လွန်သွားလေ၏။
14:24 ထိုနေ့၌ ဣသရေလလူတို့သည် ဆင်းရဲခံရကြ၏။ အကြောင်းမူကား၊ ရှောလုက၊ ငါသည် ငါ့ရန်သူတို့၌ ငါ့စိတ်ပြေမည်အကြောင်း၊ ညဥ့်ဦးချိန်မရောက်မီ အစာစားသောသူတိုင်း ကျိန်ဆဲအပ်စေဟု လူတို့အား အကျိန်ပေးသောကြောင့် အဘယ်သူမျှ အစာမစားရ။
14:25 လူအပေါင်းတို့သည် မြေပေါ်၌ ပျားရည်ရှိရာတောသို့ ရောက်သဖြင့်၊
14:26 တောထဲသို့ဝင်သောအခါ ပျားရည်စက်စက်ကျလျက် ရှိသော်လည်း၊ အကျိန်တော်ကို ကြောက်သောကြောင့်၊ အဘယ်သူမျှ မိမိလက်ကို မိမိပါးစပ်၌မထည့်။
14:27 သို့ရာတွင် ခမည်းတော်သည် လူများတို့အား အကျိန်ပေးသည်ကို ယောနသန်မကြားသောကြောင့်၊ မိမိကိုင်သော လှံတံဖျားကို ပျားလပို့၌နှစ်၍ မိမိလက်နှင့် ယူစားသဖြင့် မျက်စိကြည်လင်လေ၏။
14:28 ခမည်းတော်က၊ ယနေ့ အစာစားသောသူတိုင်း ကျိန်ဆဲအပ်စေဟု လူများတို့အား ကျပ်ကျပ် အကျိန်ပေးတော်မူပြီဟု လူတစ်ယောက် ကြားလျှောက်၏။ လူတို့သည်လည်း မောလျက်နေကြ၏။
14:29 ယောနသန်ကလည်း၊ ငါ့အဘသည် ပြည်သားတို့ကို နှောင့်ယှက်လေပြီ။ ဤပျားရည် အနည်းငယ်ကို ငါစားသောကြောင့် ငါ့မျက်စိကြည်လင်သည်ကို ကြည့်ပါတော့။
14:30 လူများတို့သည် ယနေ့တွေ့မိသော ရန်သူ၏ဥစ္စာကိုစားချင်တိုင်းစားလျှင်၊ အဘယ်မျှလောက် အကျိုးကြီးလိမ့်မည် တကား။ ဖိလိတ္တိလူတို့ကိုသာ၍ လုပ်ကြံကြလိမ့်မည်တကားဟု ဆိုလေ၏။
14:31 ထိုနေ့၌ ဖိလိတ္တိလူတို့ကို မိတ်မတ်မြို့မှ အာဇလုန်မြို့တိုင်အောင်လုပ်ကြံကြ၏။ ဣသရေလလူတို့သည် အလွန်ပင်ပန်းသဖြင့်၊
14:32 ရန်သူ၏ဥစ္စာကို လုယူ၍၊ သိုး၊ နွား၊ နွားသငယ်တို့ကို မြေပေါ်မှာသတ်ပြီးလျှင် အသွေးနှင့်တကွ စားကြ၏။
14:33 ထိုသို့ လူများတို့သည် အသွေးနှင့်တကွစား၍ ထာဝရဘုရားကို ပြစ်မှားသည်ဟု ရှောလုအား ကြားလျှောက်လျှင်၊ သင်တို့သည် သစ္စာပျက်ကြပြီ။ ကြီးစွာသောကျောက်ကို ငါ့ထံသို့ယနေ့လှိမ့်ခဲ့။
14:34 လူများတို့တွင် အရပ်ရပ်သွား၍ လူအသီးအသီး မိမိတို့သိုးနွားကို ဤအရပ်သို့ ယူခဲ့ပြီးလျှင်၊ ဤအရပ်၌ သတ်စားကြစေ။ အသွေးနှင့်တကွစား၍ ထာဝရဘုရားကိုမပြစ်မှားစေနှင့်ဟု မိန့်တော်မူသည်အတိုင်း၊ လူများတို့သည် အသီးအသီး မိမိတို့သိုးနွားကို ထိုည၌ယူခဲ့၍ ထိုအရပ်၌သတ်ကြ၏။
14:35 ရှောလုသည်လည်း ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်လေ၏။ ထိုပလ္လင်ကား ထာဝရဘုရားအဖို့ တည်သော ပထမပလ္လင် ဖြစ်သတည်း။
14:36 တစ်ဖန် ရှောလုက၊ ညအခါ ငါတို့သည် ဖိလိတ္တိလူတို့ကိုလိုက်၍ တစ်ယောက်ကိုမျှ မကျန်ကြွင်းစေဘဲ၊ မိုးလင်းသည်တိုင်အောင် ဖျက်ဆီးကြကုန်အံ့ဟုစီရင်၍၊ လူများတို့က စိတ်တော်ရှိသည်အတိုင်း ပြုတော်မူပါဟု ဝန်ခံကြသော်၊ ယဇ်ပုရောဟိတ်က၊ ဘုရားသခင့်အထံတော်သို့ ချဉ်းကပ်ကြကုန်အံ့ဟု ဆိုလေ၏။
14:37 ရှောလုကလည်း၊ အကျွန်ုပ်သည် ဖိလိတ္တိလူတို့ကို လိုက်ရပါမည်လော။ သူတို့ကို ဣသရေလလူတို့လက်သို့ အပ်တော်မူမည်လောဟု ဘုရားသခင့်ထံ အခွင့်ပန်သော်လည်း၊ ထိုနေ့တွင် ပြန်တော်မမူ။
14:38 ရှောလုကလည်း၊ လူတို့တွင် အရာရှိအပေါင်းတို့၊ ယနေ့ အဘယ်သူပြစ်မှားမိသည်ကို သိမြင်အံ့သောငှာ ချဉ်း၍လာကြလော့။
14:39 ဣသရေလအမျိုးကို ကယ်တင်သော ထာဝရဘုရားအသက်ရှင်တော်မူသည်အတိုင်း၊ ငါ့သား ယောနသန် ဖြစ်သော်လည်း၊ ဆက်ဆက် သေရမည်ဟုဆိုသော်၊ အဘယ်သူမျှ ပြန်၍မလျှောက်ဝံ့။
14:40 ရှောလုကလည်း၊ သင်တို့သည် တစ်ဖက်၊ ငါနှင့် ငါ့သားယောနသန်သည် တစ်ဖက်နေရကြမည်ဟုဆိုလျှင်၊ လူများတို့က စိတ်တော်ရှိသည်အတိုင်း ပြုတော်မူပါဟု လျှောက်ကြသော်၊
14:41 ရှောလုက၊ ဖြောင့်မတ်စွာ စီရင်တော်မူပါဟု ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားအား ဆုတောင်းသဖြင့်၊ လူများတို့သည်လွတ်ကြ၍၊ ရှောလုနှင့် ယောနသန်ကို မှတ်တော်မူ၏။
14:42 ရှောလုကလည်း၊ ငါနှင့်ငါ့သား ယောနသန်အဖို့ စာရေးတံပြုလော့ဟု ဆိုသဖြင့်၊ ယောနသန်ကို မှတ်တော်မူ၏။
14:43 ရှောလုကလည်း၊ သင်ပြုသောအမှုကိုပြောလော့ဟု ယောနသန်အားဆိုလျှင်၊ ယောနသန်က၊ အကျွန်ုပ်ကိုင်သော လှံဖျားနှင့် ပျားရည်အနည်းငယ်ကို ယူ၍ မြည်းစမ်းမိပါပြီ။ ထိုအမှုကြောင့်သာ သေရပါမည်ဟု ပြန်ပြော၏။
14:44 ရှောလုကလည်း၊ ယောနသန်၊ သင်သည်ဆက်ဆက်မသေလျှင်၊ ဘုရားသခင်သည် ထိုမျှမက ငါ၌ ပြုတော်မူပါစေသောဟု ဆိုသော်လည်း၊
14:45 လူများတို့က၊ ဣသရေလအမျိုး၌ ဤကယ်တင်ခြင်းကျေးဇူးကို ပြုပြီးသော ယောနသန်သည် သေရမည်လော။ ထိုသို့ မဖြစ်ပါစေနှင့်။ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း သူ၏ဆံခြည်တစ်ပင်မျှ မြေပေါ်မှာမကျရ။ သူသည် ဘုရားသခင်နှင့်အတူ ယနေ့ ဝိုင်း၍ပြုပါပြီဟုဆိုသဖြင့်၊ အသက်ချမ်းသာစေခြင်းငှာ ယောနသန်ကို ကယ်နုတ်ကြ၏။
14:46 ထိုနောက် ရှောလုသည် ဖိလိတ္တိလူတို့ကိုမလိုက်။ သူတို့သည် နေရင်းအရပ်သို့ ပြန်သွားကြ၏။
14:47 ထိုသို့ ရှောလုသည် ဣသရေလအမျိုးကို စိုးစံ၍ ပတ်ဝန်းကျင် ရန်သူ၊ မောဘပြည်သား၊ အမ္မုန်ပြည်သား၊ ဧဒုံပြည်သား၊ ဇောဘမင်းများ၊ ဖိလိတ္တိလူများတို့ကိုစစ်တိုက်၍ စစ်ချီလေရာရာ၌ သူတို့ကိုအောင်လေ၏။
14:48 ဗိုလ်ခြေများကို နှိုးဆော်၍ အာမလက်အမျိုးသားတို့ကို လုပ်ကြံသဖြင့်၊ ဣသရေလအမျိုးသားတို့ကို လုယက်ဖျက်ဆီးသော သူတို့လက်မှ ကယ်နုတ်လေ၏။
14:49 သားတော်ကား ယောနသန်၊ ဣရွှိ၊ မေလခိရွှတည်း။ သမီးတော်နှစ်ယောက်တွင် အကြီးကား မေရပ်။ အငယ်ကား၊ မိခါလတည်း။
14:50 မြောက်သားတော်ကား အဟိမတ်၏သမီး အဟိနောင်တည်း။ ဗိုလ်ချုပ်မင်းကား၊ ဘထွေးတော်နေရသား အာဗနာတည်း။
14:51 ခမည်းတော် ကိရှနှင့် အာဗနာ၏အဘနေရသည် အဗျေလ၏သားဖြစ်၏။
14:52 ရှောလုလက်ထက် ကာလပတ်လုံး၊ ဖိလိတ္တိလူတို့ကို ကျပ်ကျပ်စစ်တိုက်ရကြ၏။ ခွန်အားကြီးသောသူ၊ ရဲရင့်သောသူ တွေ့သမျှတို့ကို ရှောလုသည် ရွေးကောက်ခန့်ထားလေ့ရှိ၏။