1 Samuel 15
15:1 တစ်ဖန် ရှမွေလက၊ ထာဝရဘုရား၏လူ ဣသရေလအမျိုးကို အုပ်စိုးစေခြင်းငှာ သင့်ကို ဘိသိက်ပေးမည်အကြောင်း၊ ငါ့ကို အထက်ကစေလွှတ်တော်မူသည်ဖြစ်၍၊ ယခုမှာ ထာဝရဘုရား၏စကားတော်ကို နားထောင်လော့။
15:2 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ အဲဂုတ္တုပြည်မှ ထွက်လာသော ဣသရေလအမျိုး၌၊ အာမလက်အမျိုးပြုသော ဆီးတားခြင်းအမှုကို ငါမှတ်လျက်ရှိ၏။
15:3 ယခုသွား၍ ထိုအမျိုးကိုလုပ်ကြံလော့။ နှမြောခြင်းမရှိဘဲ၊ ရှင်းရှင်းဖျက်ဆီး၍၊ ယောက်ျား၊ မိန်းမ၊ သူငယ်၊ နို့စို့မှစ၍၊ သိုး၊ နွား၊ ကုလားအုတ်၊ မြည်းတို့ကိုသတ်လော့ဟု ရှောလုအား ဆင့်ဆိုသည်အတိုင်း၊
15:4 ရှောလုသည် လူတို့ကိုစုဝေးစေ၍ တေလိမ်မြို့မှာ စာရင်းယူသဖြင့်၊ ခြေသည်သူရဲ နှစ်သိန်း၊ ယုဒစစ်သူရဲ တစ်သောင်းရှိကြ၏။
15:5 ရှောလုသည်လည်း အာမလက်မြို့သို့စစ်ချီ၍ ချိုင့်၌တပ်ချပြီးမှ၊
15:6 ကေနိလူတို့ရှိရာသို့ စေလွှတ်လျက်၊ သင်တို့ကို အာမလက်လူတို့နှင့်အတူ ငါဖျက်ဆီးမည်ဟု စိုးရိမ်စရာရှိသောကြောင့်၊ သူတို့အထဲက ထွက်သွား၍ နေရာပြောင်းကြလော့။ ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှ ထွက်လာသောအခါ သင်တို့သည် ကျေးဇူးပြုကြပြီဟု မှာလိုက်သည်အတိုင်း၊ ကေနိလူတို့သည် အာမလက်လူတို့အထဲက ထွက်သွားကြ၏။
15:7 ရှောလုသည် ဟဝိလမြို့မှစ၍ အဲဂုတ္တုပြည် တစ်ဖက်တစ်ချက်၌နေသော ရှုရမြို့တိုင်အောင် အာမလက်လူတို့ကို လုပ်ကြံလေ၏။
15:8 အာမလက်ရှင်ဘုရင် အာဂတ်ကို အရှင်ဖမ်းမိ၏။ လူအပေါင်းတို့ကို ဓားဖြင့် ရှင်းရှင်းဖျက်ဆီးလေ၏။
15:9 သို့ရာတွင် ရှောလုနှင့် လူများတို့သည် အာဂတ်မင်းနှင့်တကွ၊ သိုး နွားအမြတ်အလတ်၊ ဆူသော သိုးသငယ်၊ ကောင်းသော ဥစ္စာရှိသမျှကို နှမြော၍ ရှင်းရှင်းမဖျက်ဆီးကြ။ အသုံးမဝင် ယုတ်မာသော ဥစ္စာရှိသမျှကိုသာ ရှင်းရှင်းဖျက်ဆီးကြ၏။
15:10 ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ရှမွေလသို့ ရောက်လာ၍၊
15:11 ငါသည် ရှောလုကို ရှင်ဘုရင်အရာ၌ ခန့်ထားသည်အမှုကြောင့် နောင်တရ၏။ သူသည် ငါ၏ပညတ်တို့ကိုမကျင့်၊ ငါ့နောက်သို့မလိုက်၊ လမ်းလွှဲပြီဟု မိန့်တော်မူ၏။ ရှမွေလသည် ဝမ်းနည်း၍ တစ်ညလုံး ထာဝရဘုရားအား ဟစ်ကြော်ပြီးလျှင်၊
15:12 နံနက်စောစောထ၍ ရှောလုကို ကြိုဆိုခြင်းငှာ သွားသောအခါ၊ ရှောလုသည် ကရမေလမြို့သို့ရောက်၍ အောင်တိုင်ကိုစိုက်ပြီးမှ၊ လှည့်လည်သဖြင့် ဂိလဂါလမြို့သို့ လွန်သွားကြောင်းကို ကြားသောကြောင့်၊ ရှောလုရှိရာသို့ သွားလေ၏။
15:13 ရှောလုကလည်း၊ ထာဝရဘုရားသည် ကိုယ်တော်ကို ကောင်းချီးပေးတော်မူပါစေသော။ အကျွန်ုပ်သည် ထာဝရဘုရား အမိန့်တော်အတိုင်း ပြုပါပြီဟု ဆို၏။
15:14 ရှမွေလကလည်း၊ သို့ဖြစ်လျှင် ငါကြားရသော သိုးမြည်သံ၊ နွားမြည်သံကား အဘယ်သို့နည်းဟုမေးသော်၊
15:15 ရှောလုက၊ အာမလက်ပြည်မှ ဆောင်ခဲ့ပါပြီ။ လူများတို့သည် ကိုယ်တော်၏ဘုရားသခင် ထာဝရဘုရားအား ယဇ်ပူဇော်လိုသောငှာ အကောင်းဆုံးသော သိုးနွားတို့ကို နှမြော၍၊ ကြွင်းသော အရာရှိသမျှတို့ကို ရှင်းရှင်းဖျက်ဆီးပါပြီဟု ဆို၏။
15:16 ရှမွေလကလည်း၊ နေပါဦးလော့။ မနေ့ညမှာ ထာဝရဘုရား မိန့်တော်မူသောစကားကို ပြန်ပြောပါမည်ဟု ရှောလုအားဆိုလျှင်၊ ရှောလုက ပြောပါတော့ဟုဆို၏။
15:17 ရှမွေလကလည်း၊ သင်သည် ကိုယ်အထင်အတိုင်း ငယ်သောသူဖြစ်လျက်ပင်၊ ဣသရေလအမျိုးတို့၏ အထွဋ်သို့ရောက်၍၊ ဣသရေလရှင်ဘုရင်အရာနှင့် ထာဝရဘုရား ဘိသိက်ပေးတော်မူသည်မဟုတ်လော။
15:18 ထာဝရဘုရားက၊ သွားလော့။ အပြစ်များသော အာမလက်အမျိုးသားတို့ကို ရှင်းရှင်း ဖျက်ဆီးလော့။ မဖျက်ဆီးမီတိုင်အောင် စစ်တိုက်လော့ဟု သင့်ကိုဝေးသောအရပ်သို့ စေလွှတ်တော်မူ၏။
15:19 သို့ဖြစ်၍ သင်သည် ထာဝရဘုရား၏အမိန့်တော်ကို နားမထောင်ဘဲ၊ ရန်သူ၏ဥစ္စာကို လုယူ၍ ထာဝရဘုရားရှေ့တော်၌ ဤဒုစရိုက်ကို အဘယ်ကြောင့်ပြုဘိသနည်းဟု ပြောဆိုသော်၊
15:20 ရှောလုက၊ အကျွန်ုပ်သည် ထာဝရဘုရား၏ အမိန့်တော်ကို ဧကန်အမှန် နားထောင်ပါပြီ။ ထာဝရဘုရား စေခိုင်းတော်မူသောလမ်းသို့ လိုက်ပါပြီ။ အာမလက်ရှင်ဘုရင် အာဂတ်ကိုဆောင်ခဲ့၍၊ အာမလက်အမျိုးသားတို့ကို ရှင်းရှင်းဖျက်ဆီးပါပြီ။
15:21 သို့ရာတွင် လူများတို့သည် ဂိလဂါလမြို့၌ ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားအား ယဇ်ပူဇော်လိုသောငှာလုယူသော သိုး နွား၊ ရှင်းရှင်းဖျက်ဆီးအပ်သောအရာ အကောင်းဆုံးတို့ကို သိမ်းယူကြပါပြီဟု ပြောဆိုပြန်၏။
15:22 ရှမွေလကလည်း၊ ထာဝရဘုရား၏အမိန့်တော်ကို နားထောင်ခြင်း၌ အားရတော်မူသကဲ့သို့၊ မီးရှို့ရာယဇ်အစရှိသော ယဇ်မျိုးတို့ကို ပူဇော်ခြင်း၌ အားရတော်မူမည်လော။ အလိုတော်သို့လိုက်ခြင်းသည် ယဇ်မျိုးထက်သာ၍ ကောင်း၏။ နားထောင်ခြင်းသည် သိုးထီးဆီဥထက်သာ၍ ကောင်း၏။
15:23 ငြင်းဆန်သောသဘောသည် နတ်ဆိုးနှင့် ပေါင်းခြင်းကဲ့သို့လည်းကောင်း၊ ခိုင်မာသောသဘောသည် ဗေဒင်တန်ဆာကို သုံးခြင်းကဲ့သို့လည်းကောင်း အပြစ်ကြီး၏။ သင်သည် ထာဝရဘုရား၏စကားတော်ကို ပယ်သောကြောင့်၊ ထာဝရဘုရားသည် ရှင်ဘုရင်အရာကိုနုတ်၍ သင့်ကိုပယ်တော်မူပြီဟု ဆို၏။
15:24 ရှောလုကလည်း၊ အကျွန်ုပ်သည် ပြစ်မှားပါပြီ။ လူများကိုကြောက်၍ သူတို့စကားကို နားထောင်သောကြောင့်၊ ထာဝရဘုရား၏ အမိန့်တော်ကိုလည်းကောင်း၊ ကိုယ်တော်၏စကားကိုလည်းကောင်း လွန်ကျူးပါပြီ။
15:25 အကျွန်ုပ်အပြစ်ကို သည်းခံတော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ်မည်အကြောင်း၊ အကျွန်ုပ်နှင့်အတူ ပြန်လာပါဟု တောင်းပန်သော်လည်း၊
15:26 ရှမွေလက၊ သင်နှင့်အတူ ငါမပြန်။ သင်သည် ထာဝရဘုရား၏ အမိန့်တော်ကို ပယ်သောကြောင့်၊ ထာဝရဘုရားသည် ဣသရေလ ရှင်ဘုရင်အရာကိုနုတ်၍ သင့်ကိုပယ်တော်မူပြီဟု ရှောလုအားဆိုပြီးမှ၊
15:27 လှည့်သွားသောအခါ ရှောလုသည် ရှမွေလ၏ဝတ်လုံစွန်းကို ကိုင်ဆွဲ၍ ဝတ်လုံစုတ်လေ၏။
15:28 ရှမွေလကလည်း၊ ယနေ့ ထာဝရဘုရားသည် ဣသရေလနိုင်ငံကို သင်မှဆုတ်ယူ၍၊ သင့်ထက်ကောင်းသော သင်၏အိမ်နီးချင်းအားပေးတော်မူပြီ။
15:29 ထိုမှတစ်ပါး ဣသရေလအမျိုး၏အစွမ်းသတ္တိဖြစ်သော ဘုရားသည် မုသားသုံးခြင်း၊ နောင်တရခြင်းနှင့် ကင်းလွတ်တော်မူ၏။ နောင်တရအံ့သောငှာလူဖြစ်တော်မမူဟု ဆိုသော်၊
15:30 ရှောလုက အကျွန်ုပ်ပြစ်မှားပါပြီ။ သို့သော်လည်း အကျွန်ုပ်အမျိုးသားချင်း အသက်ကြီးသူတို့ရှေ့၌လည်းကောင်း၊ ဣသရေလအမျိုးရှေ့၌လည်းကောင်း၊ အကျွန်ုပ်၏ဂုဏ်အသရေကို မဖျက်ပါနှင့်။ အကျွန်ုပ်သည် ကိုယ်တော်၏ဘုရားသခင်ထာဝရဘုရားကို ကိုးကွယ်ရမည်အကြောင်း၊ အကျွန်ုပ်နှင့်အတူ ပြန်လာပါဟု တောင်းပန်သည်အတိုင်း၊
15:31 ရှမွေလသည် ရှောလုနောက်သို့ လိုက်၍၊ ရှောလုသည် ထာဝရဘုရားကို ကိုးကွယ်လေ၏။
15:32 ထိုအခါ ရှမွေလက၊ အာမလက်ရှင်ဘုရင် အာဂတ်ကို ငါ့ထံသို့ခေါ်ခဲ့ကြဟု ဆိုသည်အတိုင်း၊ အာဂတ်က သေဘေးသည် စင်စစ်လွန်သွားပြီဟု ဆိုလျက် ရွှင်လန်းစွာလာ၏။
15:33 ရှမွေလက၊ မိန်းမများတို့သည် သင်၏ဓားကြောင့် သားဆုံးသကဲ့သို့၊ သင်၏အမိသည် သားဆုံးသော မိန်းမဖြစ်ရမည်ဟုဆိုလျက်၊ ဂိလဂါလမြို့မှာ ထာဝရဘုရားရှေ့တော်၌ အာဂတ်ကို အပိုင်းပိုင်း ဖြတ်စေ၏။
15:34 ထိုနောက် ရှမွေလသည် ရာမမြို့သို့သွား၍ ရှောလုသည် မိမိနေရာ ဂိဗာမြို့၊ နန်းတော်သို့ ပြန်သွားလေ၏။
15:35 ရှောလု အနိစ္စမရောက်မီတိုင်အောင်၊ ရှမွေလသည် နောက်တစ်ဖန် အကြည့်အရှုမလာ။ သို့ရာတွင် ရှမွေလသည် ရှောလုအတွက် စိတ်မသာညည်းတွားလျက်နေ၏။ ထာဝရဘုရားသည် ရှောလုကို ဣသရေလရှင်ဘုရင်အရာ၌ ခန့်ထားသောအမှုကို နောင်တရတော်မူ၏။