1 Samuel 16
16:1 တစ်ဖန် ထာဝရဘုရားက၊ ရှောလုကို ဣသရေလရှင်ဘုရင်အရာမှ ငါပယ်သောကြောင့်၊ သင်သည် အဘယ်မျှ ကာလပတ်လုံး စိတ်မသာ ညည်းတွားလျက် နေလိမ့်မည်နည်း။ သင်၏ဘူးကို ဆီနှင့်ပြည့်စေလော့။ ဗက်လင်မြို့သား ယေရှဲရှိရာသို့ ငါစေလွှတ်မည်။ သူ၏သားတို့တွင် ငါ့အဖို့ ရှင်ဘုရင်တစ်ပါးကို ငါပြင်ဆင်ပြီဟု ရှမွေလအား မိန့်တော်မူ၏။
16:2 ရှမွေလက၊ အကျွန်ုပ်သည် အဘယ်သို့ သွားနိုင်ပါမည်နည်း။ ရှောလုကြားလျှင် သတ်ပါလိမ့်မည်ဟု လျှောက်သော်၊ ထာဝရဘုရားက၊ နွားမတမ်းကိုယူ၍ ငါသည် ထာဝရဘုရားအား ယဇ်ပူဇော်ခြင်းငှာလာပြီဟု ပြောလော့။
16:3 ယေရှဲကိုလည်း ယဇ်ပွဲသို့ ခေါ်ဖိတ်လော့။ ထိုအခါ သင်သည် အဘယ်သို့ပြုရမည်ကို ငါပြမည်။ ငါသည် နာမဖြင့် ထုတ်ပြသောသူကို ငါ့အဖို့ ဘိသိက်ပေးရမည်ဟု မိန့်တော်မူသည်အတိုင်း၊
16:4 ရှမွေလပြု၍ ဗက်လင်မြို့သို့ သွားလေ၏။ ဗက်လင်မြို့သား အသက်ကြီးသူတို့သည် ရှမွေလနှင့် တွေ့သောအခါ တုန်လှုပ်၍၊ ကိုယ်တော်သည် ချမ်းသာပေးလျက် လာတော်မူသလောဟု မေးလျှောက်ကြသော်၊
16:5 ချမ်းသာပေးလျက် ထာဝရဘုရားအား ယဇ်ပူဇော်ခြင်းငှာ ငါလာပြီ။ မိမိတို့ကို သန့်ရှင်းစေပြီးမှ ငါနှင့်အတူ ယဇ်ပွဲသို့လာကြဟုဆိုသဖြင့်၊ ယေရှဲနှင့် သူ၏သားတို့ကို သန့်ရှင်းစေ၍ ယဇ်ပွဲသို့ခေါ်လေ၏။
16:6 သူတို့သည် ရောက်လာသောအခါ ဧလျာဘကို ကြည့်ရှု၍၊ စင်စစ်ထာဝရဘုရားအခွင့်နှင့် ဘိသိက်ခံရသောသူသည် ငါ့ရှေ့မှာရှိ၏ဟု ဆိုလေသော်၊
16:7 ထာဝရဘုရားက၊ သူ၏မျက်နှာ၊ သူ၏အရပ်ကို မကြည့်မရှုနှင့်။ သူ့ကို ငါပယ်ပြီ။ ထာဝရဘုရားသည် လူမြင်သကဲ့သို့ မြင်တော်မူသည်မဟုတ်။ လူသည် အဆင်းသဏ္ဌာန်ကိုကြည့်ရှုတတ်၏။ ထာဝရဘုရားမူကား နှလုံးကိုကြည့်ရှုတတ်သည်ဟု ရှမွေလအားမိန့်တော်မူ၏။
16:8 တစ်ဖန် ယေရှဲသည် အဘိနဒပ်ကိုခေါ်၍ ရှမွေလရှေ့မှာ သွားစေသဖြင့်၊ ရှမွေလက၊ ဤသူကိုလည်း ထာဝရဘုရား ရွေးတော်မမူဟုဆို၏။
16:9 တစ်ဖန် ယေရှဲသည် ရှိမာကို သွားစေသဖြင့်၊ ဤသူကိုလည်း ထာဝရဘုရားရွေးတော်မမူဟု ဆို၏။
16:10 တစ်ဖန် ယေရှဲသည် သားခုနစ်ယောက်တို့ကို ရှမွေလရှေ့မှာ သွားစေသဖြင့်၊ ရှမွေလက၊ ဤသူတို့ကိုလည်း ထာဝရဘုရား ရွေးတော်မမူ။
16:11 သင်၌ သားမရှိပြီလောဟု ယေရှဲအားမေးလျှင်၊ ယေရှဲက အငယ်ဆုံးသောသား ရှိပါသေး၏။ သိုးတို့ကို ထိန်းကျောင်းလျက်နေပါသည်ဟု ပြောဆိုသော်၊ ရှမွေလက သူ့ကိုခေါ်စေခြင်းငှာ လူကိုစေလွှတ်ပါ။ သူမရောက်မီ ပွဲသို့ဝင်၍ မထိုင်ရဟု ဆိုသည်အတိုင်း၊
16:12 စေလွှတ်၍ သူ့ကိုခေါ်ခဲ့၏။ သူသည် နီသောဆံပင်ရှိ၏။ လှသောအဆင်းနှင့် ချစ်ဖွယ်သောမျက်နှာလည်း ရှိ၏။ ထာဝရဘုရားက ဤသူပေတည်း။ ထ၍ဘိသိက်ပေးလော့ဟု မိန့်တော်မူ၏။
16:13 ရှမွေလသည်လည်း၊ ဆီဘူးကိုယူ၍ သူ၏အစ်ကိုစုထဲမှာ သူ့ကို ဘိသိက်ပေးလေ၏။ ထိုနေ့မှစ၍ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ဒါဝိဒ်အပေါ်မှာ သက်ရောက်လေ၏။ ရှမွေလသည်ထ၍ ရာမမြို့သို့ ပြန်သွား၏။
16:14 ထာဝရဘုရား၏ ဝိညာဉ်တော်သည် ရှောလုမှထွက်သွား၍၊ ထာဝရဘုရားထံတော်က ဆိုးသောဝိညာဉ်သည် နှောင့်ယှက်တတ်၏။
16:15 ရှောလု၏ ကျွန်တို့ကလည်း၊ ယခုမှာ ဘုရားသခင်ထံတော်က ဆိုးသောဝိညာဉ်သည် ကိုယ်တော်ကို နှောင့်ယှက်တတ်ပါ၏။
16:16 ခစားသော ကိုယ်တော်၏ကျွန်တို့သည်၊ သာယာစွာ စောင်းတီးတတ်သောသူကို ရှာဖွေရမည်အကြောင်း အရှင်အမိန့်ရှိတော်မူပါ။ ဘုရားသခင့်ထံတော်က ဆိုးသောဝိညာဉ် လာသောအခါ၊ သူသည် စောင်းတီးသဖြင့် ကိုယ်တော်သည် ချမ်းသာရတော်မူမည်ဟု လျှောက်လျှင်၊
16:17 ရှောလုက၊ သာယာစွာ တီးတတ်သောသူကို ငါ့အဖို့ရှာဖွေ၍ ငါ့ထံသို့ ခေါ်ခဲ့ကြဟု ကျွန်တို့အား မိန့်တော်မူသော်၊
16:18 ကျွန်တစ်ယောက်က၊ ကျွန်တော်တွေ့ဖူးသော ဗက်လင်မြို့သား ယေရှဲသားသည် စောင်းတီးသောအတတ်၊ ရဲရင့်ခြင်းအစွမ်းသတ္တိနှင့် ပြည့်စုံ၍၊ စစ်မှု၌လည်းကောင်း၊ ပညာစကား၌လည်းကောင်း လေ့ကျက်ပါ၏။ အဆင်းလည်း လှပါ၏။ ထာဝရဘုရားသည် သူနှင့်အတူ ရှိတော်မူ၏ဟု လျှောက်သောကြောင့်၊
16:19 ရှောလုက၊ ယေရှဲရှိရာသို့ လူကိုစေလွှတ်၍၊ သိုးထိန်းဖြစ်သော သင်၏သားဒါဝိဒ်ကို ငါ့ထံသို့ စေလွှတ်ရမည်ဟု အမိန့်တော်ရှိ၏။
16:20 ယေရှဲသည် မုန့်တင်သောမြည်း၊ စပျစ်ရည်ဘူး၊ ဆိတ်သငယ်ကိုယူ၍ မိမိသားဒါဝိဒ်တွင် ရှောလုထံသို့ ပေးလိုက်လေ၏။
16:21 ဒါဝိဒ်သည် ရှောလုထံသို့ရောက်၍ခစားသဖြင့်၊ ရှောလုသည် အလွန်ချစ်၍ လက်နက်တော်ဆောင်အရာ၌ ခန့်ထား၏။
16:22 ရှောလုသည်လည်း ယေရှဲရှိရာသို့လူကိုစေလွှတ်၍၊ ဒါဝိဒ်ကို ငါ့စိတ်နှင့်တွေ့သောကြောင့် ငါ့ထံ၌ ခစားပါစေဟု အခွင့်တောင်းလေ၏။
16:23 ဘုရားသခင့်ထံတော်က ဆိုးသောဝိညာဉ်သည် ရှောလုအပေါ်မှာရောက်သောအခါ၊ ဒါဝိဒ်သည် စောင်းကိုယူ၍တီးသဖြင့် ဆိုးသောဝိညာဉ်ထွက်သွား၍၊ ရှောလုသည် သက်သာလျက် ပကတိကျန်းမာလျက်ရှိတတ်၏။