1 Samuel 17
17:1 ဖိလိတ္တိ လူတို့သည် ဗိုလ်ခြေများကိုနှိုးဆော်၍ ယုဒခရိုင် ရှောခေါမြို့၌ စုဝေးသဖြင့်၊ ရှောခေါမြို့နှင့် အဇေကာမြို့စပ်ကြား ဒမိမ်အရပ်မှာတပ်ချကြ၏။
17:2 ရှောလုနှင့် ဣသရေလလူတို့သည် စုဝေး၍ ဧလာချိုင့်နားမှာ တပ်ချ၍ ဖိလိတ္တိလူတို့ကိုတိုက်မည်ဟု စစ်ခင်းကျင်းကြ၏။
17:3 ဖိလိတ္တိလူအချို့တို့သည် ချိုင့်တစ်ဖက်၌ တောင်ပေါ်မှာရပ်လျက်၊ ဣသရေလလူအချို့တို့သည် ချိုင့်တစ်ဖက်၌ တောင်ပေါ်မှာ ရပ်လျက်ရှိကြ၏။
17:4 ခြောက်တောင်နှင့်တစ်ထွာ အရပ်မြင့်သော ဂါသမြို့သား ဂေါလျတ်အမည်ရှိသော သူရဲသည် ဖိလိတ္တိတပ်ထဲက ထွက်လာ၏။
17:5 သူသည် ခေါင်းပေါ်မှာ ကြေးဝါခမောက်လုံးကိုဆောင်း၍ အခွက်ငါးဆယ် အချိန်ရှိသော ကြေးဝါချပ်အင်္ကျီကို ဝတ်၏။
17:6 ကြေးဝါခြေစွပ်ကို စွပ်လျက် ပခုံးကြားမှာ ကြေးဝါကိဒုန်လက်နက်ကို ဆွဲလျက်ရှိ၏။
17:7 လှံရိုးကား ရက်ကန်းလက်လိပ်နှင့် အမျှကြီး၏။ လှံကိုယ်ကား သံခြောက်ပိဿာအချိန် ရှိ၏။ သူ့ရှေ့မှာဒိုင်းလွှားကို ဆောင်သောသူတစ်ယောက်သည် သွားရ၏။
17:8 ထိုသူရဲသည် ရပ်လျက် သင်တို့သည် စစ်ပြိုင်ခြင်းငှာ အဘယ်ကြောင့် ထွက်လာကြသနည်း။ ငါသည် ဖိလိတ္တိလူ၊ သင်တို့သည် ရှောလု၏ကျွန် ဖြစ်ကြသည် မဟုတ်လော။ လူတစ်ယောက်ကို ရွေးကောက်၍ ငါနှင့်တိုက်ခြင်းငှာ လာပါစေ။
17:9 သူသည် ငါ့ကိုတိုက်၍ သတ်နိုင်လျှင် ငါတို့သည် သင်တို့၏ကျွန်ခံမည်။ သို့မဟုတ် ထိုသူကိုငါနိုင်၍သတ်လျှင်၊ သင်တို့သည် ငါတို့၏ကျွန်ခံ၍ ငါတို့အမှုကို ဆောင်ရွက်ရကြမည်ဟု ဣသရေလဗိုလ်ခြေတို့ကို ဟစ်၍ပြောဆို၏။
17:10 တစ်ဖန် ထိုဖိလိတ္တိလူက၊ ဣသရေလဗိုလ်ခြေတို့ကို ယနေ့ငါကြိမ်းပ၏။ လူချင်းတိုက်စေခြင်းငှာ လူတစ်ယောက်ကိုပေးကြလော့ဟု ဆို၏။
17:11 ဖိလိတ္တိလူပြောသော ထိုစကားကို ရှောလုနှင့် ဣသရေလလူအပေါင်းတို့သည် ကြားလျှင် စိတ်ပျက်၍ အလွန်ကြောက်ရွံ့ကြ၏။
17:12 ယုဒပြည်၊ ဗက်လင်မြို့၊ ဧဖရတ်အရပ်သားဖြစ်သော ဒါဝိဒ်၏အဘယေရှဲသည် သားရှစ်ယောက်ရှိ၏။ ရှောလုလက်ထက်၌ ထိုသူသည် အသက်ကြီးသောသူ၏ အရာရှိ၏။
17:13 ယေရှဲ၏သားတို့တွင် အသက်အကြီးဆုံးသောသူ သုံးယောက်တို့သည် စစ်မှုကိုထမ်း၍ ရှောလုနောက်သို့ လိုက်ကြ၏။ သူတို့အမည်ကား သားဦးဧလျာဘ၊ ဒုတိယသား အဘိနဒပ်၊ တတိယသား ရှိမာတည်း။
17:14 ဒါဝိဒ်သည် အငယ်ဆုံးသောသားဖြစ်၏။ သားကြီးသုံးယောက်တို့သည် ရှောလုနောက်တော်သို့ လိုက်ကြသော်လည်း၊
17:15 ဒါဝိဒ်သည် မလိုက်၊ ဗက်လင်မြို့မှာ မိမိအဘ၏သိုးတို့ကို ထိန်းကျောင်းခြင်းငှာ ပြန်သွားလေ၏။
17:16 ဖိလိတ္တိလူသည် အရက်လေးဆယ်ပတ်လုံး၊ နံနက်တစ်ခါ၊ ညဥ့်ဦးတစ်ခါ ချဉ်းကပ်၍ ကိုယ်ကိုပြ၏။
17:17 ထိုအခါ ယေရှဲသည် မိမိသားဒါဝိဒ်ကိုခေါ်၍၊ သင့်အစ်ကိုတို့အဖို့ ဤပေါက်ပေါက် တစ်ဧဖာနှင့် ဤမုန့်ဆယ်လုံးတို့ကိုယူ၍ အစ်ကိုတို့ရှိရာတပ်တော်သို့ ပြေးသွားလော့။
17:18 ဤဒိန်ခဲဆယ်လုံးကိုလည်း ယူ၍ သူတို့တပ်မှူးအားဆက်လော့။ သင့်အစ်ကိုတို့သည် ကျန်းမာခြင်း ရှိသည်မရှိသည်ကို ကြည့်ရှုပြီးမှ၊ သူတို့ထံမှာ သက်သေတစ်စုံတစ်ခုကို ခံယူလော့ဟု မှာလိုက်လေ၏။
17:19 ထိုကာလ၌ ရှောလုမှစ၍ ဒါဝိဒ်အစ်ကိုတို့နှင့် ဣသရေလလူအပေါင်းတို့သည် ဧလာချိုင့်မှာ ဖိလိတ္တိလူတို့ကို စစ်တိုက်လျက်ရှိကြ၏။
17:20 ဒါဝိဒ်သည် နံနက်စောစောထ၍ သိုးတို့ကို သိုးထိန်း၌အပ်ပြီးလျှင်၊ အဘမှာလိုက်သည်အတိုင်း စားစရာကိုယူသွား၍၊ ရိက္ခာလှည်းထားရာသို့ ရောက်သောအခါ၊
17:21 ဣသရေလ တပ်သားတို့နှင့် ဖိလိတ္တိတပ်သားတို့သည် စစ်ခင်းကျင်း၍ စစ်တလင်းသို့ချီလျက်၊ စစ်တိုက်မည်အသံနှင့် ကြွေးကြော်ကြ၏။
17:22 ဒါဝိဒ်သည် မိမိ၌ပါသောအရာတို့ကို ရိက္ခာစောင့်လက်၌ အပ်ထားပြီးလျှင်၊ တပ်သားစုထဲသို့ပြေး၍ မိမိအစ်ကိုတို့ကို နှုတ်ဆက်၏။
17:23 သူတို့နှင့်ပြောစဉ်တွင်၊ ဖိလိတ္တိလူ၊ ဂါသမြို့သား ဂေါလျတ်အမည်ရှိသော သူရဲသည် ဖိလိတ္တိတပ်ထဲက ထွက်လာ၍ ယမန်ကဲ့သို့ပြောဆိုသည်ကို ဒါဝိဒ်သည် ကြားလေ၏။
17:24 ဣသရေလလူအပေါင်းတို့သည် ထိုသူကိုမြင်သောအခါ အလွန်ကြောက်ရွံ့၍ ပြေးကြ၏။
17:25 အချို့တို့ကလည်း၊ ထိုလူထွက်လာသည်ကို မြင်သလော။ ဣသရေလအမျိုးကိုကြိမ်းပလျက် ထွက်လာပါသည်တကား။ သူ့ကို သတ်သောသူအား ရှင်ဘုရင်သည် ကြီးသောစည်းစိမ်နှင့် ချီးမြှောက်၍ သမီးတော်ကိုလည်း ပေးစားတော်မူမည်။ ထိုသူ၏အဆွေအမျိုးကိုလည်း ဣသရေလနိုင်ငံတွင် မင်းမှု လွှတ်တော်မူမည်ဟု ပြောဆိုကြ၏။
17:26 ဒါဝိဒ်ကလည်း၊ ထိုဖိလိတ္တိလူကိုသတ်၍ ဣသရေလအမျိုးခံသော အရှက်ကွဲခြင်းကို ပယ်ရှင်းသောသူသည် အဘယ်အကျိုးကို ရလိမ့်မည်နည်း။ အသက်ရှင်တော်မူသော ဘုရားသခင်၏ ဗိုလ်ခြေတို့ကို ကြိမ်းပရမည်အကြောင်း၊ အရေဖျားလှီးခြင်းကိုမခံသော ထိုဖိလိတ္တိလူသည် အဘယ်သို့သောသူ ဖြစ်သနည်းဟု မိမိအနားမှာရှိသောသူတို့အား မေးမြန်းလျှင်၊
17:27 သူတို့က၊ ထိုလူကို သတ်သောသူသည် ဤမည်သောအကျိုးကို ရလိမ့်မည်ဟု ယမန်ကဲ့သို့ ပြန်ပြောကြ၏။
17:28 ထိုသူတို့နှင့် ဒါဝိဒ်ပြောသည်ကို အစ်ကိုအကြီးဧလျာဘကြားလျှင် ဒါဝိဒ်ကိုအမျက်ထွက်၍၊ သင်သည် အဘယ်ကြောင့် ဤအရပ်သို့လာသနည်း။ ထိုနည်းသောသိုးတို့ကို တောတွင် အဘယ်သူလက်၌ အပ်ခဲ့သနည်း။ သင့်မာနကြီးခြင်း၊ သင့်စိတ်နှလုံးဆိုးညစ်ခြင်းကို ငါသိ၏။ စစ်ပွဲကို ကြည့်ရှုခြင်းငှာသာ လာပြီဟု ဆို၏။
17:29 ဒါဝိဒ်ကလည်း၊ အကျွန်ုပ်သည် အဘယ်အမှုကို ပြုမိသနည်း။ ယခုပြောစရာအကြောင်း မရှိလောဟု ဆိုသောနောက်၊
17:30 အခြားသောသူတို့ထံသို့ လှည့်၍ ယမန်ကဲ့သို့မေးမြန်းလျှင်၊ သူတို့သည် ရှေ့အတူ ပြန်ပြောကြ၏။
17:31 ထိုသို့ ဒါဝိဒ်ပြောသောစကားကို ကြားသောသူတို့သည် ရှောလုထံတော်၌ ကြားလျှောက်သော်၊ ဒါဝိဒ်ကို ခေါ်တော်မူ၏။
17:32 ဒါဝိဒ်ကလည်း ထိုလူကြောင့် အဘယ်သူမျှ စိတ်မပျက်ပါစေနှင့်။ ကိုယ်တော်ကျွန်သွား၍ ထိုဖိလိတ္တိလူကို တိုက်ပါမည်ဟု ရှောလုအားလျှောက်လျှင်၊
17:33 ရှောလုက၊ သင်သည် ထိုဖိလိတ္တိလူကို သွား၍မတိုက်နိုင်။ သင်သည် နုပျိုသောသူဖြစ်၏။ ထိုသူသည် ပျိုသောအရွယ်မှစ၍ စစ်သူရဲဖြစ်ခဲ့ပြီဟု ဒါဝိဒ်အားဆိုသော်၊
17:34 ဒါဝိဒ်က၊ ကိုယ်တော်ကျွန်သည် အဘ၏သိုးတို့ကို ထိန်းကျောင်းစဉ်အခါ၊ ခြင်္သေ့နှင့်ဝံသည်လာ၍ သိုးသငယ်ကို သိုးစုထဲကကိုက်ချီပါ၏။
17:35 ကျွန်တော်လိုက်၍ သတ်သဖြင့် သိုးသငယ်ကို သူ့ပါးစပ်ထဲက နုတ်ပါ၏။ ဝံသည် ကျွန်တော်ကို ပြန်၍ကိုက်သောအခါ၊ ဝံ၏မုတ်ဆိတ်ကိုကိုင်၍ ရိုက်သတ်ပါ၏။
17:36 ကိုယ်တော်ကျွန်သည် ခြင်္သေ့နှင့်ဝံနှစ်ကောင်လုံးကို သတ်ပါ၏။ အရေဖျားလှီးခြင်းကို မခံသော ထိုဖိလိတ္တိလူသည် အသက်ရှင်တော်မူသော ဘုရားသခင်၏ဗိုလ်ခြေတို့ကို ကြိမ်းပသောကြောင့်၊ ထိုအကောင်တစ်ကောင်ကဲ့သို့ ဖြစ်ပါလိမ့်မည်။
17:37 ခြင်္သေ့လက်၊ ဝံလက်မှ ကျွန်တော်ကို ကယ်နုတ်တော်မူသော ထာဝရဘုရားသည်၊ ထိုဖိလိတ္တိလူလက်မှ ကယ်နုတ်တော်မူလိမ့်မည်ဟု ရှောလုအားလျှောက်လေသော်၊ ရှောလုက သွားလော့။ ထာဝရဘုရားသည် သင်နှင့်အတူ ရှိတော်မူပါစေသောဟု ဒါဝိဒ်အားဆိုလေ၏။
17:38 ရှောလုသည်လည်း ဒါဝိဒ်ကို မိမိအဝတ်နှင့်ဝတ်စေသဖြင့်၊ သူ၏ခေါင်းပေါ်မှာ ကြေးဝါခမောက်လုံးကို တင်၍၊ သံချပ်အင်္ကျီကိုလည်း ဝတ်စေ၏။
17:39 ဒါဝိဒ်သည် ဓားတော်ကို အဝတ်ပေါ်မှာစည်း၍ သွားမည်ဟု အားထုတ်သော်လည်း၊ ထိုလက်နက်များကို မစုံစမ်းသေး။ သို့ဖြစ်၍ ဒါဝိဒ်က ဤလက်နက်တို့နှင့် ကျွန်တော်မသွားနိုင်ပါ၊ မစုံစမ်းပါသေးဟု ရှောလုအားလျှောက်၍ ချွတ်ပြန်လေ၏။
17:40 တစ်ဖန် မိမိတောင်ဝှေးကိုကိုင်လျက်၊ ချောသောကျောက်ငါးလုံးကို ချောင်းထဲကရွေး၍၊ သိုးထိန်း တန်ဆာတည်းဟူသော လွယ်အိတ်၌ထည့်ပြီးမှ၊ လောက်လွှဲကိုလည်းကိုင်၍ ဖိလိတ္တိလူရှိရာသို့ ချဉ်းလေ၏။
17:41 ဖိလိတ္တိလူသည်လည်း ဒါဝိဒ်ရှိရာသို့ချဉ်း၍ သူ့ရှေ့မှာ ဒိုင်းလွှားကို ဆောင်သောသူလည်း သွား၏။
17:42 ဖိလိတ္တိလူသည် ကြည့်၍ ဒါဝိဒ်ကိုမြင်သောအခါ မထီမဲ့မြင်ပြု၏။ အကြောင်းမူကား၊ သူသည် နုပျိုသောသူ၊ ဆံပင်နီ၍ မျက်နှာလှသောသူဖြစ်၏။
17:43 ဖိလိတ္တိလူက၊ သင်သည် တောင်ဝှေးနှင့် ငါ့ထံသို့လာရမည်အကြောင်း၊ ငါသည် ခွေးဖြစ်သလောဟုမေးလျက်၊ မိမိဘုရားတို့ကိုတိုင်တည်၍ ဒါဝိဒ်ကိုကျိန်ဆဲလေ၏။
17:44 တစ်ဖန် ဖိလိတ္တိလူက လာခဲ့။ သင့်အသားကို မိုးကောင်းကင်ငှက်နှင့် တောသားရဲတို့အား ငါပေးမည်ဟု ဒါဝိဒ်ကိုဆို၏။
17:45 ဒါဝိဒ်ကသင်သည် ဓား၊ လှံ၊ ကိဒုန်ပါလျက် ငါ့ထံသို့လာ၏။ ငါသည် သင်ကြိမ်းပသော ဣသရေလဗိုလ်ခြေတို့၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏နာမတော်ပါလျက် သင်ရှိရာသို့လာ၏။
17:46 ထာဝရဘုရားသည် သင့်ကို ငါ့လက်၌ ယနေ့အပ်တော်မူသဖြင့်၊ သင့်ကိုငါသတ်၍ လည်ပင်းကိုဖြတ်မည်။ ဖိလိတ္တိဗိုလ်ခြေ အသေကောင်များကို မိုးကောင်းကင်ငှက်နှင့် တောသားရဲတို့အား ယနေ့ငါပေးမည်။ ဣသရေလအမျိုး၌ ဘုရားသခင်ရှိတော်မူသည်ကို မြေကြီးသားအပေါင်းတို့သည် သိရကြလိမ့်မည်။
17:47 ထာဝရဘုရားသည် ဓားလှံအားဖြင့် ကယ်တင်တော်မမူကြောင်းကို၊ ဤပရိသတ်အပေါင်းတို့သည် သိရကြလိမ့်မည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် စစ်မှုကိုပိုင်၍၊ ငါတို့လက်သို့ အပ်နှံတော်မူမည်ဟု ဖိလိတ္တိလူအားဆို၏။
17:48 ဖိလိတ္တိလူသည် ထ၍ ဒါဝိဒ်နှင့်တွေ့ခြင်းငှာ ချဉ်းလာသောအခါ၊ ဒါဝိဒ်သည်လည်း ဖိလိတ္တိလူနှင့်တွေ့ခြင်းငှာ ဗိုလ်ခြေရှိရာသို့ အလျင်အမြန်ပြေးပြီးမှ၊
17:49 လွယ်အိတ်ထဲက ကျောက်တစ်လုံးကို နှိုက်ယူ၍လွှဲပစ်၏။ ဖိလိတ္တိလူ၏ နဖူးကိုမှန်၍ နဖူးပေါက်သဖြင့် သူသည် မြေပေါ်မှာ ငိုက်စိုက်လဲလေ၏။
17:50 ထိုသို့ ဒါဝိဒ်သည် လောက်လွှဲနှင့် ကျောက်တစ်လုံးအားဖြင့် နိုင်လျက် ထိခိုက်၍သတ်လေ၏။
17:51 ထိုအခါ ဒါဝိဒ်သည် ဓားမပါသောကြောင့် ပြေး၍ ဖိလိတ္တိလူကို နင်းလျက်၊ သူ၏ဓားကို ဓားအိမ်မှနုတ်ဆွဲပြီးလျှင် လည်ပင်းကိုဖြတ်၍ အပြီးသတ်လေ၏။ ဖိလိတ္တိလူတို့သည် သူတို့၏ သူရဲသေကြောင်းကိုမြင်သောအခါ ပြေးကြ၏။
17:52 ထိုအခါ ဣသရေလအမျိုး၊ ယုဒအမျိုးသားတို့သည် ထ၍ ကြွေးကြော်လျက် ချိုင့်တိုင်အောင်လည်းကောင်း၊ ဧကြုန်မြို့ တံခါးတိုင်အောင်လည်းကောင်း၊ ဖိလိတ္တိလူတို့ကို လိုက်ကြ၏။ ထိခိုက်သော ဖိလိတ္တိလူတို့သည် ရှာရိမ်မြို့ လမ်းနားမှစ၍ ဂါသမြို့၊ ဧကြုန်မြို့တိုင်အောင် လဲကြ၏။
17:53 ဣသရေလ အမျိုးသားတို့သည် ဖိလိတ္တိလူတို့ကို လိုက်ရာမှ ပြန်လာ၍ သူတို့တဲများကို လုယူကြ၏။
17:54 ဒါဝိဒ်သည် ဖိလိတ္တိလူ၏ ဦးခေါင်းကိုယူ၍ ယေရုရှလင်မြို့သို့ ဆောင်သွား၏။ သူ၏လက်နက်များကို မိမိတဲ၌ထား၏။
17:55 ဒါဝိဒ်သည် ဖိလိတ္တိလူကို တိုက်ခြင်းငှာ ထွက်သွားသည်ကို ရှောလုသည်မြင်လျှင်၊ ထိုလုလင်ကား အဘယ်သူ၏သားဖြစ်သနည်းဟု ဗိုလ်ချုပ်မင်းအာဗနာကို မေး၏။ အာဗနာကလည်း၊ အရှင်မင်းကြီး အသက်တော်ရှင်သည်အတိုင်း ကျွန်တော်မသိပါဟု လျှောက်လျှင်၊
17:56 ရှင်ဘုရင်က၊ ထိုလုလင်သည် အဘယ်သူ၏သားဖြစ်လိမ့်မည်ကို မေးစစ်လော့ဟု မိန့်တော်မူ၏။
17:57 ဒါဝိဒ်သည် ဖိလိတ္တိလူကိုသတ်ပြီးမှ၊ သူ၏ဦးခေါင်းကို ကိုင်လျက် ပြန်လာသောအခါ၊ အာဗနာသည်ခေါ်၍ ရှောလုထံသို့ ဆောင်သွားပြီးလျှင်၊
17:58 ရှောလုက၊ အချင်းလုလင်၊ သင်သည် အဘယ်သူ၏သားဖြစ်သနည်းဟု မေးတော်မူ၏။ ဒါဝိဒ်ကလည်း ကျွန်တော်သည် ကိုယ်တော်ကျွန်၊ ဗက်လင်မြို့သား ယေရှဲ၏သားဖြစ်ပါသည်ဟု လျှောက်လေ၏။