1 Samuel 18
18:1 ထိုသို့လျှောက်ပြီးသည်နောက်၊ ရှောလု၏သား ယောနသန် စိတ်နှလုံးသည် ဒါဝိဒ်စိတ်နှလုံးနှင့် စွဲကပ်လျက်ရှိ၍ ဒါဝိဒ်ကို ကိုယ်နှင့်အမျှချစ်လေ၏။
18:2 ထိုနေ့၌ ရှောလုသည် ဒါဝိဒ်ကိုသိမ်းဆည်း၍ သူ့အဘ၏အိမ်သို့ နောက်တစ်ဖန် သွားနေရသောအခွင့်ကို ပေးတော်မမူ။
18:3 ယောနသန်သည်လည်း၊ ဒါဝိဒ်ကို ကိုယ်နှင့်အမျှ ချစ်သောကြောင့် သူနှင့်အတူ မိတ်သဟာယဖွဲ့ပြီးလျှင်၊
18:4 မိမိဝတ်သောဝတ်လုံကို ချွတ်၍ မိမိအဝတ်တန်ဆာများနှင့် ဓား၊ လေး၊ ခါးစည်းတို့ကိုပင် ဒါဝိဒ်အားပေးလေ၏။
18:5 ဒါဝိဒ်သည် ရှောလုစေခိုင်းသမျှကို သွား၍ သတိပညာနှင့်ပြုမူသောကြောင့်၊ စစ်သူရဲအုပ်အရာ၌ ခန့်ထားတော်မူသဖြင့်၊ ဒါဝိဒ်သည် ကျွန်တော်မျိုးမှစ၍ လူအပေါင်းတို့တွင် မျက်နှာရ၏။
18:6 ဒါဝိဒ်သည် ဖိလိတ္တိလူကိုသတ်ပြီးမှ ပြန်လာ၍၊ ရောက်လေရာရာ၌ မိန်းမများတို့သည် ရှောလုမင်းကြီးကို ခရီးဦးကြိုပြုအံ့သောငှာ ရွှင်လန်းသောစိတ်နှင့် သီချင်းဆိုလျက်၊ ကလျက်၊ ပတ်သာအစရှိသည်တို့ကို တီးလျက်၊ ဣသရေလမြို့ရွာများထဲက ထွက်လာသဖြင့်၊
18:7 ရှောလု အထောင်ထောင်၊ ဒါဝိဒ်အသောင်းသောင်း သတ်လေစွတကားဟု အလှည့်လှည့် သီချင်းဆိုကြ၏။
18:8 ရှောလုက၊ သူတို့သည် ဒါဝိဒ်အား အသောင်းသောင်း၊ ငါ့အား အထောင်ထောင်သာပေးကြပြီ။ နိုင်ငံတော်မှတစ်ပါး အဘယ်အရာကို ပေးနိုင်သေးသနည်းဟု အလွန်အမျက်ထွက်၍ ထိုစကားကြောင့် စိတ်ပျက်လေ၏။
18:9 ထိုနေ့မှစ၍ ဒါဝိဒ်ကို အစဉ်ချောင်းမြောင်းလျက်နေ၏။
18:10 နက်ဖြန်နေ့ ထာဝရဘုရားထံတော်က၊ ဆိုးသောဝိညာဉ်သည် ရှောလုအပေါ်မှာ ရောက်သဖြင့်၊ ရှောလုသည် နန်းတော်အလယ်၌ ပရောဖက်ပြုသောကြောင့်၊ ဒါဝိဒ်သည် အရင်ကဲ့သို့ စောင်းတီးလေ၏။ ရှောလုသည် လှံတိုကိုကိုင်လျက် ရှိ၍၊
18:11 ဒါဝိဒ်ကို ထရံနားမှာထိုးမည်ဟု အကြံရှိသည်အတိုင်း လှံတိုကိုထိုးပစ်သော်လည်း၊ ဒါဝိဒ်သည် အထံတော်မှ နှစ်ကြိမ်ရှောင်လွှဲလေ၏။
18:12 ထိုသို့ ထာဝရဘုရားသည် ရှောလုထံမှထွက်၍ ဒါဝိဒ်နှင့်အတူ ရှိတော်မူသောကြောင့်၊ ရှောလုသည် ဒါဝိဒ်ကိုကြောက်ရွံ့သဖြင့်၊
18:13 အထံတော်မှရွှေ့၍ လူတစ်ထောင်အုပ်အရာကို ပေး၏။ ဒါဝိဒ်သည် လူများရှေ့၌ ထွက်ဝင်ရ၏။
18:14 ဒါဝိဒ်သည် အရာရာ၌ သတိပညာနှင့်ပြုမူ၍ သူနှင့်အတူ ထာဝရဘုရားရှိတော်မူ၏၊
18:15 ထိုသို့ အလွန်သတိပညာနှင့် ပြုမူသည်ကို ရှောလုသည်မြင်လျှင် သာ၍ကြောက်ရွံ့လေ၏။
18:16 ဣသရေလအမျိုး၊ ယုဒအမျိုးသားအပေါင်းတို့သည် ဒါဝိဒ်ကို ချစ်ကြ၏။ အကြောင်းမူကား၊ သူတို့ရှေ့၌ ဒါဝိဒ်သည် ထွက်ဝင်တတ်၏။
18:17 တစ်ဖန် ရှောလုသည် ဒါဝိဒ်ကိုခေါ်၍ ငါ့သမီးကြီး မေရပ်ကို သင့်အားငါပေးစားမည်။ သင်သည် ငါ့အဖို့ ရဲရင့်၍ ထာဝရဘုရားအဖို့ စစ်တိုက်ခြင်းကိုသာပြုလော့ဟု မိန့်တော်မူ၏။ အကြောင်းမူကား၊ ငါ့လက်သည် သူ့အပေါ်သို့ မရောက်စေနှင့်။ ဖိလိတ္တိလူတို့လက်သည် ရောက်ပါစေသောဟု ရှောလုအကြံရှိ၏။
18:18 ဒါဝိဒ်ကလည်း၊ ကျွန်တော်သည် ရှင်ဘုရင်၏သမက်တော်ဖြစ်ရပါမည်အကြောင်း အဘယ်သို့သောသူ ဖြစ်ပါသနည်း။ ကျွန်တော်အသက်နှင့် ကျွန်တော် အဆွေအမျိုးသည်၊ ဣသရေလနိုင်ငံ၌ အဘယ်သို့ မြတ်ပါသနည်းဟု ရှောလုအား လျှောက်၏။
18:19 သို့ရာတွင်၊ ရှောလု၏သမီး မေရပ်ကို ဒါဝိဒ်အား ပေးစားရသောအချိန်ရောက်သောအခါ၊ မေဟောလသိအမျိုး အဒြေလအား ပေးစားလေ၏။
18:20 တစ်ဖန် ရှောလုသမီးမိခါလသည် ဒါဝိဒ်ကိုချစ်၏။ ထိုအကြောင်းကို လျှောက်သောအခါ၊ ရှောလုသည် အားရလျက်၊
18:21 ငါ့သမီးသည် ဒါဝိဒ်ကိုကျော့မိ၍ ဖိလိတ္တိလူတို့လက်သို့ ရောက်စေခြင်းငှာ ပေးစားမည်ဟု အကြံရှိ၏။
18:22 နန်းတော်သားအချို့ကို ခေါ်၍၊ သင်တို့သည် ဒါဝိဒ်နှင့် တိတ်ဆိတ်စွာ စကားပြောရမည်မှာ၊ ရှင်ဘုရင်သည် သင့်ကိုစုံမက်၍၊ ရှင်ဘုရင်၏ ကျွန်အပေါင်းတို့သည်လည်း ချစ်ကြ၏။ သို့ဖြစ်၍ ရှင်ဘုရင်၏သမက်တော် ဖြစ်ကောင်းပါ၏ဟု မှာထားသည်အတိုင်း၊
18:23 ရှောလု၏ ကျွန်တို့သည် ဒါဝိဒ်အားပြောကြ၏။ ဒါဝိဒ်ကလည်း၊ ကျွန်ုပ်သည် အသရေမရှိသော ဆင်းရဲသားဖြစ်လျက်နှင့် ရှင်ဘုရင်၏ သမက်တော်လုပ်ရသောအမှုသည် သာမညအမှု ထင်သလောဟု ပြောဆို၏။
18:24 ရှောလုကျွန်တို့ကလည်း၊ ဒါဝိဒ်သည် ဤသို့ပြောဆိုပါသည်ဟု လျှောက်လျှင်၊
18:25 သင်တို့သည် တစ်ဖန်ပြောရမည်မှာ၊ ရှင်ဘုရင်သည် ရန်သူတို့၌ စိတ်တော်ပြေမည်အကြောင်း၊ ဖိလိတ္တိလူတို့၏ အရေဖျားတစ်ရာမှတစ်ပါး အခြားသောလက်ဖွဲ့ရာကို အလိုတော်မရှိဟု မှာထား၏။ သို့ရာတွင် ဒါဝိဒ်ကို ဖိလိတ္တိလူတို့လက်ဖြင့် ဆုံးစေမည်ဟု ရှောလုအကြံရှိ၏။
18:26 ရှောလုကျွန်တို့သည် ထိုစကားကို ဒါဝိဒ်အားပြန်ပြောသောအခါ၊ ဒါဝိဒ်သည် ရှင်ဘုရင်၏ သမက်တော်ဖြစ်ခြင်းငှာ အလိုရှိ၏။ ထိုကြောင့် ချိန်းချက်သော အချိန်မစေ့မီထ၍၊
18:27 မိမိလူတို့နှင့်အတူ သွားသဖြင့်၊ ဖိလိတ္တိလူနှစ်ရာတို့ကို သတ်ပြီးမှ၊ ရှင်ဘုရင်၏သမက်တော် ဖြစ်လိုသောငှာ၊ သူတို့အရေဖျားများကို ယူခဲ့၍၊ စုံလင်သောအရေအတွက်အားဖြင့် ရှင်ဘုရင်အား ဆက်လေ၏။ ရှောလုသည်လည်း သမီးတော်မိခါလကို ပေးစားရ၏။
18:28 ထာဝရဘုရားသည် ဒါဝိဒ်နှင့်အတူ ရှိတော်မူကြောင်းကိုလည်းကောင်း၊ မိမိသမီးသည် ချစ်ကြောင်းကိုလည်းကောင်း၊ ရှောလုသည်မြင်၍၊
18:29 ကြောက်ရွံ့သောစိတ် စွဲလမ်းလျက် အစဉ်အမြဲ ရန်ငြိုးဖွဲ့လေ၏။
18:30 တစ်ဖန် ဖိလိတ္တိမင်းတို့သည် ချီသွားကြ၏။ ချီသွားကြသည်နောက် ဒါဝိဒ်သည် ရှောလု၏ကျွန်အပေါင်းတို့ထက် သာ၍ သတိပညာနှင့်ပြုမူသဖြင့် အလွန်ဂုဏ်အသရေနှင့် ပြည့်စုံ၏။