1 Samuel 19
19:1 ထိုကြောင့် ရှောလုသည် ဒါဝိဒ်ကိုသတ်စေခြင်းငှာ၊ သားတော်ယောနသန်နှင့် မိမိကျွန်အပေါင်းတို့ကို မှာထားလေ၏။
19:2 သားတော် ယောနသန်သည် ဒါဝိဒ်ကိုအလွန်ချစ်၍၊ ငါ့အဘရှောလုသည် သင့်ကိုသတ်ခြင်းငှာ ရှာကြံ၏။ သို့ဖြစ်၍ နံနက်တိုင်အောင် ကိုယ်ကိုသတိပြုသဖြင့် ဆိတ်ကွယ်ရာအရပ်၌ ပုန်းရှောင်၍ နေပါလော့။
19:3 ငါထွက်၍ သင်ရှိရာတော၌ ငါ့အဘထံခစားလျက်၊ သင့်အမှု၌ စကားပြောမည်။ တွေ့မြင်သမျှကို သင့်အား ငါပြန်ကြားမည်ဟု ဒါဝိဒ်အားပြောဆို၏။
19:4 ယောနသန်သည် အဘရှောလုထံ၌၊ ဒါဝိဒ်ဘက်မှာပြော၍၊ ရှင်ဘုရင်သည် ကျွန်တော်ဒါဝိဒ်ကို မပြစ်မှားပါစေနှင့်။ သူသည် ကိုယ်တော်ကို မပြစ်မှားပါ။ ကိုယ်တော်၌ အလွန်ကျေးဇူးပြုပါပြီ။
19:5 မိမိအသက်ကို မနှမြောဘဲ ဖိလိတ္တိလူကိုသတ်၍ ထာဝရဘုရားသည် ဣသရေလအမျိုး တစ်မျိုးလုံးအဖို့ ကြီးစွာသော ကယ်တင်ခြင်းကျေးဇူးကို ပြုတော်မူ၏။ ကိုယ်တော်သည်မြင်၍ ဝမ်းမြောက်ပါ၏။ သို့ဖြစ်၍ အကြောင်းမရှိဘဲ ဒါဝိဒ်ကိုသတ်သဖြင့် အဘယ်ကြောင့် အပြစ်မရှိသောသူ၏ အသက်ကို သတ်သောအပြစ် သင့်ရောက်စေချင်ပါသနည်းဟု အဘရှောလုအားဆိုသော်၊
19:6 ရှောလုသည် ယောနသန်၏စကားကိုနားထောင်၍၊ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ သူသည် အသေမခံရဟု ကျိန်ဆိုလေ၏။
19:7 ယောနသန်သည် ဒါဝိဒ်ကိုခေါ်၍ အကြောင်းအရာ၊ အလုံးစုံတို့ကိုပြောပြီးမှ၊ ရှောလုထံသို့သွင်းပြန်၍ အထံတော်၌ အရင်နေသကဲ့သို့ နေရ၏။
19:8 တစ်ဖန် စစ်မှုပေါ်ပြန်သောအခါ၊ ဒါဝိဒ်ထွက်၍ ဖိလိတ္တိလူတို့ကိုတိုက်လျက်၊ ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် သတ်၍ သူတို့သည်ပြေးကြ၏။
19:9 ရှောလုသည် လှံတိုကိုကိုင်၍ နန်းတော်၌ထိုင်စဉ်တွင်၊ ထာဝရဘုရားထံတော်မှ ဆိုးသောဝိညာဉ်သက်ရောက်၍၊ ဒါဝိဒ်သည် စောင်းတီးလျက်နေသောအခါ၊
19:10 သူ့ကို လှံတိုနှင့် ထရံနားမှာထိုးစမ်းသော်လည်း၊ အထံတော်မှ ရှောင်ပြေးသဖြင့် လှံတိုသည် ထရံကိုစူးလျက်နေ၏။ ဒါဝိဒ်သည် ပြေး၍ ထိုည၌လွတ်ရ၏။
19:11 ရှောလုသည် သူ့ကိုစောင့်၍ နံနက်ချိန်၌ သတ်စေခြင်းငှာ သူ့အိမ်သို့လူကိုစေလွှတ်၏။ ဒါဝိဒ်မယား မိခါလက၊ သင်သည် ယနေ့ညမှာ ကိုယ်အသက်ကို မကယ်မလျှင်၊ နက်ဖြန်နေ့၌ အသေခံရလိမ့်မည်ဟုဆိုလျက်၊
19:12 ဒါဝိဒ်ကို ပြူတင်းပေါက်မှလျှော့ချ၍ သူသည် အလွတ်ထွက်ပြေးလေ၏။
19:13 မိခါလသည်လည်း၊ တေရပ်ရုပ်တုကိုယူ၍ ခုတင်ပေါ်မှာ ထားပြီးလျှင်၊ ဆိတ်မွေးဖြင့်ရက်သော ကုလားကာနှင့် ခေါင်းရင်းရှေ့၌ကာ၍ စောင်နှင့်ခြုံလေ၏။
19:14 ဒါဝိဒ်ကို ဖမ်းဆီးစေခြင်းငှာ ရှောလုစေလွှတ်သောလုလင်ရောက်သောအခါ၊ ဒါဝိဒ်နာ၍ နေပါသည်ဟု မယားပြောဆို၏။
19:15 ရှောလုကလည်း၊ သူ့ကို ငါသတ်မည်အကြောင်း ခုတင်နှင့်တကွ ဆောင်ခဲ့ကြဟု ဒါဝိဒ်ကို အကြည့်အရှုစေလွှတ်၍၊
19:16 တမန်တို့သည် ဝင်ကြသောအခါ ဆိတ်မွေးဖြင့် ရက်သောကုလားကာနှင့် ခေါင်းရင်းရှေ့၌ ကာလျက်၊ ခုတင်ပေါ်မှာ တေရပ်ရုပ်တု ရှိပါသည်တကား။
19:17 ရှောလုကလည်း ငါ့ကိုလှည့်စား၍ အဘယ်ကြောင့် ရန်သူကို လွှတ်လိုက်သနည်း။ ယခုလွတ်အောင် ပြေးပါပြီတကားဟု မိခါလအားပြောဆိုလျှင်၊ မိခါလက ငါသွားမည်။ သို့မဟုတ် သင့်ကိုငါသတ်မည်ဟု သူပြောပါသည်ဟု ရှောလုအား ပြန်လျှောက်လေ၏။
19:18 ထိုသို့ ဒါဝိဒ်ပြေး၍ ရှောလုလက်မှလွတ်သဖြင့်၊ ရှမွေလရှိရာ ရာမမြို့သို့ရောက်လေ၏။ ရှောလု ပြုလေသမျှတို့ကို ပြန်ကြားပြီးမှ၊ ရှမွေလသည်သွား၍ နာယုတ်ရွာမှာနေ၏။
19:19 ဒါဝိဒ်သည် ရာမမြို့နယ်၊ နာယုတ်ရွာမှာရှိကြောင်းကို ရှောလုသည်ကြား၍၊
19:20 ဒါဝိဒ်ကို ဖမ်းဆီးစေခြင်းငှာ စေလွှတ်ပြန်၏။ ပရောဖက်အပေါင်းအသင်းတို့သည် ပရောဖက်ပြုလျက်၊ ရှမွေလစီရင်လျက်နေသည်ကို တမန်တို့သည် တွေ့မြင်သောအခါ၊ ဘုရားသခင်၏ဝိညာဉ်တော်သည် ရှောလု၏ တမန်တော်တို့အပေါ်မှာ သက်ရောက်၍၊ သူတို့သည်လည်း ပရောဖက်ပြုရကြ၏။
19:21 ထိုသတင်းကို ရှောလုသည်ကြားလျှင် အခြားသောသူတို့ကို စေလွှတ်၍၊ သူတို့သည်လည်း ပရောဖက်ပြုရကြ၏။ တတိယအကြိမ် ရှောလုသည်စေလွှတ်၍၊ ထိုအတူပြုရကြ၏။
19:22 ထိုအခါ ကိုယ်တိုင်ရာမမြို့သို့သွား၍၊ စေခုရွာ၌ရှိသော ရေတွင်းကြီးသို့ရောက်သော်၊ ရှမွေလနှင့် ဒါဝိဒ်တို့သည် အဘယ်မှာရှိသနည်းဟု မေးလျှင်၊ ရာမမြို့နယ်၊ နာယုတ်ရွာမှာရှိပါသည်ဟု ကြားလျှောက်လေသော်၊
19:23 ထိုအရပ်သို့သွား၍၊ ဘုရားသခင်၏ဝိညာဉ်တော်သည် သူ့အပေါ်မှာသက်ရောက်သဖြင့်၊ နာယုတ်ရွာတိုင်အောင် ပရောဖက်ပြုလျက် သွားလေ၏။
19:24 အဝတ်တော်ကိုလည်း ချွတ်၍၊ ရှမွေလရှေ့မှာ ထိုအတူပရောဖက်ပြုလျက်၊ အဝတ်မပါဘဲ တစ်နေ့နှင့် တစ်ည လဲလျက်နေ၏။ ထိုကြောင့် ရှောလုသည်လည်း ပရောဖက်တို့၌ပါသလောဟု ဆိုလေ့ရှိကြ၏။