1 Samuel 20
20:1 ဒါဝိဒ်သည် ရာမမြို့၊ နာယုတ်ရွာမှပြေး၍ ယောနသန်ထံသို့ရောက်ပြီးလျှင်၊ ကျွန်ုပ်သည် အဘယ်သို့ပြုဘိသနည်း။ အဘယ်အပြစ် ရှိသနည်း။ ခမည်းတော်သည် ကျွန်ုပ်အသက်ကိုရှာမည်အကြောင်း၊ ကျွန်ုပ်သည် အဘယ်ဒုစရိုက်ကို ပြုဘိသနည်းဟုမေးသော်၊
20:2 ယောနသန်က၊ ဤအမှုဝေးပါစေသော။ သင်သည် မသေရ။ ကျွန်ုပ်အဘသည် ကျွန်ုပ်အားမပြောဘဲ အမှုအကြီးအငယ် တစ်စုံတစ်ခုကိုမျှ မပြုတတ်။ ဤအမှုမှန်လျှင် ကျွန်ုပ်မသိစေခြင်းငှာ အဘယ်ကြောင့် ဝှက်ထားမည်နည်း။ ဤအမှုမမှန်ဘူးဟု ပြန်ပြော၏။
20:3 ဒါဝိဒ်ကလည်း၊ ကျွန်ုပ်သည် သင်၏မိတ်ဆွေဖြစ်ကြောင်းကို သင်၏အဘသည် အမှန်သိသဖြင့်၊ ယောနသန်စိတ်မသာ ရှိမည်စိုးရိမ်၍ သူသည် ဤအမှုကို မသိစေနှင့်ဟု ပြောဆိုပါပြီ။ အကယ်စင်စစ် ထာဝရဘုရားအသက်ရှင်တော်မူသည်အတိုင်း၊ သင့်အသက်လည်း ရှင်သည်အတိုင်း၊ ကျွန်ုပ်နှင့် သေဘေးစပ်ကြားမှာ အသွားတစ်လှမ်းသာရှိပါသည်ဟု အကျိန်နှင့်ဆို၏။
20:4 ယောနသန်ကလည်း၊ သင့်စိတ်နှလုံး အလိုရှိသည်အတိုင်း ကျွန်ုပ်ပြုပါမည်ဟု ဒါဝိဒ်အားဆိုလျှင်၊
20:5 ဒါဝိဒ်က၊ နက်ဖြန်နေ့သည် လဆန်းနေ့ဖြစ်၍၊ ကျွန်ုပ်သည် ရှင်ဘုရင်နှင့်အတူ စားတော်ပွဲနားမှာ မထိုင်ဘဲမနေသင့်။ သို့သော်လည်း ကျွန်ုပ်သွား၍ သုံးရက်နေ့ညဥ့်ဦးတိုင်အောင် တော၌ ပုန်းရှောင်လျက် နေပါရစေ။
20:6 သင်၏အဘသည် ကျွန်ုပ်မရှိသည်ကို မှတ်မိလျှင်၊ ဒါဝိဒ်၏ အဆွေအမျိုးအပေါင်းတို့သည် နှစ်စဉ်ပွဲခံချိန်ရှိသောကြောင့်၊ မိမိနေရာ ဗက်လင်မြို့သို့ သွားရမည်အကြောင်း၊ ကျပ်ကျပ်အခွင့်ပန်ပါ၏ဟုလျှောက်ပါ။
20:7 အဘက ကောင်းပြီဟုဆိုလျှင်၊ ကိုယ်တော်ကျွန်သည် ချမ်းသာရပြီ။ သို့မဟုတ် အလွန်စိတ်ဆိုးလျှင်၊ ဘေးပြုမည် အကြံရှိသည်ကို သဘောကျပါ။
20:8 ကိုယ်တော်ကျွန်၌ ကျေးဇူးပြုပါ။ ထာဝရဘုရား၏ပဋိညာဉ်ကို ကိုယ်တော်ကျွန်နှင့် ဖွဲ့ပါပြီ။ သို့သော်လည်း ကျွန်ုပ်၌အပြစ်ရှိလျှင် ကိုယ်တော်တိုင်သတ်ပါ။ အဘယ်ကြောင့် အဘထံသို့ ဆောင်သွားရပါမည်နည်းဟု ယောနသန်အားဆို၏။
20:9 ယောနသန်က ထိုသို့သောအမှု ဝေးပါစေသော။ ကျွန်ုပ်အဘသည် သင်၌ဘေးပြုမည်ဟု အကြံရှိသည်ကို ကျွန်ုပ်သည် အမှန်သိလျှင် သင့်အားမပြောဘဲ နေလိမ့်မည်လောဟု ဆို၏။
20:10 ဒါဝိဒ်ကလည်း၊ ခမည်းတော်သည် ကြမ်းတမ်းစွာပြန်ပြောလျှင်၊ ကျွန်ုပ်အား အဘယ်သူ ကြားပြောလိမ့်မည်နည်းဟု ယောနသန်အားမေးသော်၊
20:11 ယောနသန်က၊ ငါတို့သည် တောသို့သွားကြကုန်အံ့ဟု ဒါဝိဒ်အားဆိုလျက်၊ နှစ်ယောက်တို့သည် တောသို့ထွက်သွားကြ၏။
20:12 ယောနသန်ကလည်း၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ နက်ဖြန်နေ့၊ သဘက်နေ့၌ ကျွန်ုပ်အဘကိုစုံစမ်းသောအခါ သူသည် ဒါဝိဒ်၌ ကောင်းသောအကြံရှိ၍ သင့်ကိုကျွန်ုပ်မကြားလိုက်ဘဲ နေသော်လည်းကောင်း၊
20:13 သို့မဟုတ် ကျွန်ုပ်အဘသည် ဘေးပြုခြင်းငှာ အလိုရှိ၍ သင်သည် ငြိမ်ဝပ်စွာသွားရမည်အကြောင်း၊ ကျွန်ုပ် သတိမပေး မလွှတ်လိုက်ဘဲ နေသော်လည်းကောင်း၊ ထာဝရဘုရားသည် ထိုမျှမက ယောနသန်ကို ပြုတော်မူစေသတည်း။ ထာဝရဘုရားသည် ကျွန်ုပ်အဘနှင့် အတူရှိခဲ့ပြီးသကဲ့သို့ သင်နှင့်အတူ ရှိပါစေသော။
20:14 သင်သည် ကျွန်ုပ်အသက်ရှင်စဉ်အခါ၌သာ အသက်ချမ်းသာစေခြင်းငှာ ထာဝရဘုရား အလိုတော်အတိုင်း ကျေးဇူးပြုရမည်မက၊
20:15 ထာဝရဘုရားသည် ဒါဝိဒ်၏ရန်သူအပေါင်းတို့ကို မြေကြီးပေါ်က ပယ်ရှင်းတော်မူသော နောက်မှာလည်း၊ ကျွန်ုပ်အမျိုးအနွယ်၌ အစဉ်အမြဲ ကျေးဇူးပြုရမည်ဟု ဒါဝိဒ်အားဆိုသဖြင့်လည်းကောင်း၊
20:16 သစ္စာပျက်လျှင် ဒါဝိဒ်၏ရန်သူတို့အားဖြင့် ထာဝရဘုရား အပြစ်ပေးတော်မူစေသတည်းဟု ဒါဝိဒ်၏ အမျိုးအနွယ်နှင့် ပဋိညာဉ်ဖွဲ့သဖြင့်လည်းကောင်း၊
20:17 ကိုယ်ဝိညာဉ်ကို ချစ်သကဲ့သို့ ဒါဝိဒ်ကိုချစ်သောကြောင့်၊ ချစ်သောစိတ်အားကြီး၍ ဒါဝိဒ်အား အထပ်ထပ်ကျိန်ဆို၏။
20:18 တစ်ဖန် ယောနသန်က၊ နက်ဖြန်နေ့သည် လဆန်းနေ့ဖြစ်၍၊ သင်ထိုင်ရာအရပ်လပ်လျှင် သင်မရှိကြောင်း ထင်ရှားလိမ့်မည်။
20:19 သင်သည် သုံးရက်နေပြီးမှ အလျင်အမြန် ဆင်းလာသဖြင့်၊ အရင်အမှုရှိစဉ် ပုန်းရှောင်၍ နေရာအရပ်သို့ရောက်လျှင်၊ ဧဇေလကျောက်နားမှာ နေရမည်။
20:20 ကျွန်ုပ်သည်လည်း၊ စက်ကိုပစ်ဟန်ပြု၍၊ ထိုကျောက်နားသို့ မြားသုံးစင်းပစ်မည်။
20:21 မြားတို့ကို သွား၍ရှာချေဟု လူကလေးကို စေခိုင်းသောအခါ၊ မြားတို့သည် နင့်အနားမှာရှိ၏။ ကောက်တော့ဟု သေချာစွာပြောလျှင် လာခဲ့ပါ။ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း ဘေးမရှိ၊ ချမ်းသာရပြီ။
20:22 သို့မဟုတ်၊ မြားတို့သည် နင့်ကိုလွန်ပြီဟု လုလင်အားဆိုလျှင် သွားလော့။ ထာဝရဘုရားသည် သင့်ကို လွှတ်လိုက်တော်မူ၏။
20:23 ယခု ငါတို့နှစ်ယောက် ပြောသောအမှုသည်ကား၊ ထာဝရဘုရားသည် သင်နှင့် ကျွန်ုပ်စပ်ကြားမှာ အစဉ်ရှိတော်မူစေသတည်းဟု ဒါဝိဒ်အား ပြောဆိုလေ၏။
20:24 ဒါဝိဒ်သည် တော၌ ပုန်းရှောင်၍နေ၏။ လဆန်းနေ့ရောက်မှ ရှင်ဘုရင်သည် စားတော်ခေါ်ခြင်းငှာ ထိုင်၏။
20:25 ထုံးစံအတိုင်း ထရံနားမှာ ရှင်ဘုရင်ထိုင်လျှင်၊ ယောနသန်ထ၍ အာဗနာသည် ရှောလုအနားမှာထိုင်၏။ ဒါဝိဒ်၏ နေရာထိုင်ရာသည် လပ်၏။
20:26 သို့ရာတွင် ရှောလုက အကြောင်းတစ်စုံတစ်ခု ရှိလိမ့်မည်။ သူသည် မစင်ကြယ်။ အကယ်၍ သူသည်မစင်ကြယ်ဟု ထင်မှတ်၍ ထိုနေ့၌ တိတ်ဆိတ်စွာနေ၏။
20:27 နက်ဖြန်နေ့ လဆန်းနှစ်ရက်နေ့၌ ဒါဝိဒ်၏ နေရာထိုင်ရာသည် လပ်သောကြောင့် ရှောလုက၊ ယေရှဲသားသည် စားပွဲတော်သို့ မနေ့ကမလာ၊ ယနေ့လည်း မလာဘဲ အဘယ်ကြောင့်နေသနည်းဟု သားတော်ယောနသန်အား မေးလျှင်၊
20:28 ယောနသန်က၊ ဒါဝိဒ်သည် ဗက်လင်မြို့သို့ သွားရမည်အကြောင်း ကျပ်ကျပ်အခွင့်ပန်လျက်၊
20:29 အကျွန်ုပ် သွားရသောအခွင့်ကိုပေးပါလော့။ အကျွန်ုပ် အဆွေအမျိုးတို့သည် ထိုမြို့၌ ယဇ်ပွဲကိုဆောင်ကြပါ၏။ အကျွန်ုပ်အစ်ကိုလည်း မှာလိုက်ပါပြီ။ စိတ်တော်နှင့် တွေ့သည်မှန်လျှင် အကျွန်ုပ်သွား၍ အစ်ကိုတို့ကို မြင်ရမည်အကြောင်း အခွင့်ပေးပါလော့ဟု တောင်းပန်ပါ၏။ ထိုကြောင့် စားပွဲတော်သို့ မလာပါဟု ရှောလုအား လျှောက်လေ၏။
20:30 ထိုအခါ ရှောလုသည် ယောနသန်ကို အမျက်ထွက်၍၊ မျောက်မထားသော မိန်းမ၏သား၊ သင်သည် ကိုယ်တိုင် အရှက်ကွဲသည်တိုင်အောင်လည်းကောင်း၊ သင့်အမိအဝတ်ကျွတ်၍ အရှက်ကွဲသည်တိုင်အောင်လည်းကောင်း၊ ယေရှဲ၏သားဘက်၌ နေသည်ကို ငါမသိသလော။
20:31 ယေရှဲ၏သားသည် မြေကြီးပေါ်မှာ အသက်ရှင်သည်ကာလပတ်လုံး သင်နှင့်သင်၏နိုင်ငံ မတည်ရ။ ယခုစေလွှတ်၍ သူကိုခေါ်ခဲ့။ သူသည် အသေခံရမည်ဟုဆိုလျှင်၊
20:32 ယောနသန်က၊ ဒါဝိဒ်သည် အဘယ်ကြောင့် အသေခံရမည်နည်း။ အဘယ်သို့ပြုဘိသနည်းဟု အဘရှောလုအား မေးလေသော်၊
20:33 ရှောလုသည် ယောနသန်ကိုမှန်စေခြင်းငှာ လှံတိုကို လက်လွှတ်၍ ထိုးလေ၏။ သို့ဖြစ်၍ အဘသည် ဒါဝိဒ်ကို သတ်မည်အကြံရှိသည်ကို ယောနသန်သည်သိသဖြင့်၊
20:34 အမျက်ထွက်၍၊ ထိုလဆန်းနှစ်ရက်နေ့၌ အစာမစားဘဲ ထသွား၏။ မိမိအဘသည် ဒါဝိဒ်ကို အရှက်ခွဲသောကြောင့် ဒါဝိဒ်အတွက် ညှိုးငယ်သောစိတ်ရှိ၏။
20:35 နံနက်ရောက်မှ ဒါဝိဒ်နှင့် ချိန်းချက်သောအချိန်၌၊ ယောနသန်သည် လူကလေးကိုခေါ်၍ တောသို့သွား၏။
20:36 လူကလေးအားလည်း ပြေးတော့။ ငါပစ်သော မြားတို့ကို ရှာတော့ဟုဆို၍ လူကလေးသည်ပြေးသောအခါ သူ့ကိုလွန်အောင် မြားတစ်စင်းကို ပစ်လေ၏။
20:37 ယောနသန်ပစ်သော မြားကျရာအရပ်သို့ လူကလေးရောက်သောအခါ၊ ယောနသန်က၊ မြားတစ်စင်းသည် နင့်ကိုလွန်ပြီမဟုတ်လော။
20:38 ကြိုးစား၍ အလျင်အမြန်ပြေးတော့။ မနေနှင့်ဟု လူကလေးနောက်မှာ ဟစ်လေ၏။ လူကလေးသည်လည်း မြားတို့ကိုကောက်၍ မိမိသခင့်ထံသို့ ပြန်လာ၏။
20:39 သို့ရာတွင် လူကလေးသည် ထိုအမှုကိုနားမလည်။ ယောနသန်နှင့် ဒါဝိဒ်သာ နားလည်ကြ၏။
20:40 ယောနသန်သည် မိမိလက်နက်တို့ကို လူကလေး၌အပ်၍ မြို့ထဲသို့ယူသွားတော့ဟု ဆို၏။
20:41 လူကလေးသွားသောနောက်၊ ဒါဝိဒ်သည် တောင်မျက်နှာအရပ်က ထ၍ မြေပေါ်မှာပျပ်ဝပ်လျက် သုံးကြိမ်တိုင်အောင် ဦးညွှတ်ပြီးလျှင်၊ သူတို့သည် တစ်ယောက်ကိုတစ်ယောက်နမ်းလျက် မျက်ရည်ကျလျက်၊ ဒါဝိဒ်သည်သာ၍ ပြုသည်တိုင်အောင် ပြုကြ၏။
20:42 ယောနသန်ကလည်း၊ ထာဝရဘုရားသည် သင်နှင့်ကျွန်ုပ်စပ်ကြား၊ သင့်အမျိုးအနွယ်နှင့် ကျွန်ုပ်အမျိုးအနွယ် စပ်ကြားမှာ အစဉ်အမြဲရှိတော်မူစေသတည်းဟူ၍ ထာဝရဘုရား၏ နာမတော်ကို တိုင်တည်သဖြင့်၊ ငါတို့နှစ်ယောက်သည် ကျိန်ဆိုကြသည်ကိုထောက်၍၊ ငြိမ်ဝပ်စွာ သွားတော့ဟု ဒါဝိဒ်အားဆိုလျှင်၊ ဒါဝိဒ်သည် ထသွား၍ ယောနသန်လည်း မြို့ထဲသို့ ဝင်လေ၏။