1 Samuel 21
21:1 ဒါဝိဒ်သည် ယဇ်ပုရောဟိတ် အဟိမလက်ရှိရာ နောဗမြို့သို့ရောက်၍၊ အဟိမလက်သည် ဒါဝိဒ်နှင့်တွေ့သောအခါ ကြောက်၍၊ သင်သည် လူတစ်ယောက်မျှမပါဘဲ အဘယ်ကြောင့် တစ်ကိုယ်တည်းလာသနည်းဟု မေးသော်၊
21:2 ဒါဝိဒ်က၊ ရှင်ဘုရင် အမှုတော်တစ်ခုကိုအပ်၍၊ ငါစေခိုင်းမှာထားသော အမှုကို အဘယ်သူမျှ မသိစေနှင့်ဟု မိန့်တော်မူသောကြောင့်၊ ငါ့ကျွန်တို့ကို ဤမည်သောအရပ် ဤမည်သောအရပ်၌ ဆိုင်းလင့်စေခြင်းငှာ အရင်စေလွှတ်လေပြီ။
21:3 သို့ဖြစ်၍ ကိုယ်တော်လက်၌ရှိသော မုန့်ငါးလုံးကိုသော်လည်းကောင်း၊ တွေ့သမျှကိုသော်လည်းကောင်း၊ ကျွန်ုပ်လက်သို့အပ်ပေးပါဟု ယဇ်ပုရောဟိတ် အဟိမလက်အားတောင်း၏။
21:4 ယဇ်ပုရောဟိတ်က၊ ငါ့လက်၌ လူတိုင်းစားရသော မုန့်မရှိ။ လုလင်တို့သည် မိန်းမကိုသာရှောင်လျှင်၊ သန့်ရှင်းသော မုန့်ရှိသည်ဟု ဒါဝိဒ်အားဆို၏။
21:5 ဒါဝိဒ်ကလည်း၊ ကျွန်ုပ်ထွက်ကတည်းက အဘယ်သူမျှ မိန်းမနှင့်မပေါင်းဖော်၊ လုလင်တန်ဆာတို့သည် သန့်ရှင်းပါ၏။ ထိုမုန့်လည်း လူတိုင်းစားရသော မုန့်ကဲ့သို့ဖြစ်ပါ၏။ အကြောင်းမူကား၊ ယနေ့ သန့်ရှင်းသောမုန့်သစ်ကို တင်ထားလျက်ရှိပါ၏ဟု ယဇ်ပုရောဟိတ်အား ပြန်ပြောသော်၊
21:6 ယဇ်ပုရောဟိတ်သည် ရှေ့တော်မုန့်မှတစ်ပါး အခြားသောမုန့်မရှိသောကြောင့် သန့်ရှင်းသောမုန့်ကိုပေး၏။ ထိုရှေ့တော်မုန့်အစား၌ မုန့်သစ်ကို တင်ထားအံ့သောငှာ ထာဝရဘုရားရှေ့တော်မှ နုတ်ပယ်နှင့်ပြီ။
21:7 ထိုနေ့၌ အမှုတော်ထမ်းအဝင် သိုးတော်ထိန်းအုပ် ဧဒုံအမျိုးသား၊ ဒေါဂအမည်ရှိသောသူသည် ထာဝရဘုရားရှေ့တော်၌ စောင့်နေရ၏။
21:8 ဒါဝိဒ်ကလည်း၊ ကိုယ်တော်၌ ဓားလှံရှိသလော။ အမှုတော်ကို အလျင်အမြန်ဆောင်ရသောကြောင့်၊ ဓားအစရှိသော လက်နက်တစ်စုံတစ်ခုမျှ မပါဟု အဟိမလက်အား ပြောလေသော်၊
21:9 ယဇ်ပုရောဟိတ်က၊ ဧလာချိုင့်၌ သင်လုပ်ကြံခဲ့သော ဖိလိတ္တိလူ ဂေါလျတ်၏ဓားသည် အဝတ်နှင့်ထုပ်ရစ်လျက် သင်တိုင်းတော်နောက်မှာရှိ၏။ ယူချင်လျင် ယူတော့။ အခြားသောဓားမရှိဟု ဆိုလျှင်၊ ဒါဝိဒ်က ထိုဓားနှင့်တူသော ဓားမရှိ။ ပေးပါတော့ဟု ဆို၏။
21:10 ထိုနေ့၌ ဒါဝိဒ်သည် ရှောလုကို ကြောက်သောကြောင့် ထ၍ ဂါသမင်းကြီးအာခိတ်ထံသို့ ပြေးသွား၏။
21:11 အာခိတ်မင်း၏ကျွန်တို့က၊ ဒါဝိဒ်သည် ဣသရေလရှင်ဘုရင် ဖြစ်သည်မဟုတ်လော။ ရှောလု အထောင်ထောင်၊ ဒါဝိဒ် အသောင်းသောင်း သတ်လေစွတကားဟု ဤသူရှေ့မှာ အလှည့်လှည့်ကလျက် သီချင်းဆိုကြသည် မဟုတ်လောဟု လျှောက်ကြ၏။
21:12 ထိုစကားကို ဒါဝိဒ်သည်မှတ်မိ၍၊ ဂါသမင်းကြီးအာခိတ်ကို အလွန်ကြောက်သောကြောင့်၊
21:13 ရူးသွပ်ဟန်ဆောင်၍ သူတို့ရှေ့မှာ အရူးကဲ့သို့ပြုလျက်၊ တံခါးရွက်ပေါ်၌ ရေးသား၍ မိမိတံတွေးကို မုတ်ဆိတ်တွင် ယိုစေ၏။
21:14 အာခိတ်မင်းကလည်း ကြည့်ကြလော့။ ဤသူသည် အရူးဖြစ်၏။ အဘယ်ကြောင့် ငါ့ထံသို့ သွင်းကြသနည်း။
21:15 အရူးကို ငါအသုံးလိုသည်ဟု သင်တို့သည် ထင်လျက် ငါ့ရှေ့မှာ အရူးလုပ်စေခြင်းငှာ ဤသူကို သွင်းကြသလော။ ဤသူသည် နန်းတော်ထဲသို့ ဝင်ရမည်လောဟု ကျွန်တို့အားဆို၏။