1 Samuel 22
22:1 ဒါဝိဒ်သည် ထိုအရပ်မှပြေး၍ အဒုလံဥမင်သို့ ဘေးလွတ်လျက် ရောက်လေ၏။ သူ့အစ်ကိုများ၊ အဆွေအမျိုးများ အပေါင်းတို့သည် ကြားလျှင် သူ့ထံသို့သွားကြ၏။
22:2 အမှုရောက်သောသူ၊ ကြွေးတင်သောသူ၊ စိတ်ညစ်သောသူ အပေါင်းတို့သည်၊ သူ့ထံမှာစုဝေးကြ၍ လူလေးရာခန့်ရှိသဖြင့်၊ ဒါဝိဒ်သည် သူတို့ကိုအုပ်ရ၏။
22:3 ထိုအရပ်မှ မောဘပြည် မိဇပါမြို့သို့သွား၍၊ မောဘရှင်ဘုရင်အား၊ ဘုရားသခင်သည် ကျွန်တော်၌ အဘယ်သို့ပြုတော်မူမည်ကို ကျွန်တော်မသိဘဲနေစဉ်တွင်၊ ကျွန်တော်မိဘသည် ထွက်လာ၍ ကိုယ်တော်ထံ၌ နေရသောအခွင့်ကို ပေးတော်မူပါဟု လျှောက်သဖြင့်၊
22:4 မောဘရှင်ဘုရင်ထံသို့ သွင်း၍၊ ဒါဝိဒ်သည် ခိုင်ခံ့သောဥမင်၌ နေသည်ကာလပတ်လုံး၊ မိဘတို့သည် မောဘရှင်ဘုရင်ထံမှာ နေကြ၏။
22:5 တစ်ဖန် ပရောဖက်ဂဒ်က၊ ခိုင်ခံ့သောဥမင်၌ မနေနှင့်။ ထွက်၍ ယုဒပြည်သို့သွားလော့ဟု ဒါဝိဒ်အား ဆိုသည်အတိုင်း ဒါဝိဒ်သွား၍ ဟာရက်တော၌နေ၏။
22:6 ထိုအခါ ရှောလုသည် ဂိဗာမြို့၌ ကုန်းပေါ်တွင် သစ်ပင်အောက်မှာ လှံကိုကိုင်လျက်၊ ကျွန်အပေါင်းတို့သည် ခြံရံလျက်နေစဉ်တွင်၊ ဒါဝိဒ်နှင့် သူ၏လူတို့သည်ပေါ်ကြောင်းကို ရှောလုကြား၍၊
22:7 အို ဗင်္ယာမိန် အမျိုးသားတို့၊ ယေရှဲ၏သားသည် လယ်များ၊ စပျစ်ဥယျာဉ်များကို သင်တို့ရှိသမျှ၌ ဝေပေးနိုင်သလော။ သင်တို့ရှိသမျှကို လူတစ်ထောင်အုပ်၊ တစ်ရာအုပ်အရာ၌ ခန့်ထားနိုင်သလော။
22:8 ထိုသို့ ပြုနိုင်သောကြောင့် သင်တို့အပေါင်းသည် ငါ့တစ်ဖက်၌ သင်းဖွဲ့ကြသလော။ ငါ့သားသည် ယေရှဲ၏သားနှင့် မိတ်သဟာယဖွဲ့ကြောင်းကို တစ်ယောက်မျှမပြော။ ငါ့အတွက် တစ်ယောက်မျှ ဝမ်းမနည်း။ ငါ့ကျွန်သည် ယနေ့ ပြုသည်အတိုင်း၊ ငါ့ကို ချောင်းမြောင်းစေခြင်းငှာ၊ ငါ့သားနှိုးဆော်ကြောင်းကို တစ်ယောက်မျှမပြောဘဲ နေကြသည်တကားဟု အခြံအရံတို့အား ဆိုလေသော်၊
22:9 ရှောလု၏ကျွန်အုပ် ဧဒုံအမျိုးသား ဒေါဂက၊ ယေရှဲ၏သားသည် အဟိတုပ်၏သား အဟိမလက်ရှိရာ နောဗမြို့သို့ရောက်ကြောင်းကို ကျွန်တော်မြင်ပါ၏။
22:10 အဟိမလက်သည် ယေရှဲ၏သားအဖို့ ထာဝရဘုရားထံတော်၌ မေးမြန်း၍ စားစရိတ်ကိုလည်းကောင်း၊ ဖိလိတ္တိလူ ဂေါလျတ်၏ဓားကိုလည်းကောင်းပေးပါ၏ဟု ကြားလျှောက်လျှင်၊
22:11 ရှင်ဘုရင်သည် အဟိတုပ်၏သား ယဇ်ပုရောဟိတ် အဟိမလက်နှင့် သူ၏အဆွေအမျိုးတည်းဟူသော နောဗမြို့၌နေသော ယဇ်ပုရောဟိတ်အပေါင်းတို့ကိုခေါ်၍၊ သူတို့သည် အထံတော်သို့ ရောက်လာကြ၏။
22:12 ရှောလုကလည်း၊ အဟိတုပ်၏သားနားထောင်လော့ဟု ဆိုလျှင်၊ အဟိမလက်က အကျွန်ုပ်ရှိပါသည်သခင်ဟု လျှောက်၏။
22:13 ရှောလုကလည်း၊ သင်နှင့်ယေရှဲ၏သားသည် အဘယ်ကြောင့် ငါ့တစ်ဖက်၌ သင်းဖွဲ့ကြသနည်း။ သူသည် ယနေ့ပြုသည်အတိုင်း ငါ့ကိုပုန်ကန်စေခြင်းငှာ သင်သည် မုန့်နှင့်ဓားကိုပေး၍ သူ့အဖို့ ဘုရားသခင့်ထံတော်၌ မေးမြန်းပြီတကားဟု ဆိုသော်၊
22:14 အဟိမလက်က၊ ကိုယ်တော်၏ကျွန်တို့တွင် ဒါဝိဒ်ကဲ့သို့ အဘယ်သူသည် သစ္စာရှိသနည်း။ သမက်တော် ဖြစ်ပါ၏။ စေခိုင်းတော်မူသောသူ၊ နန်းတော်၌ အသရေရှိသောသူ ဖြစ်ပါ၏။
22:15 ထိုကာလ၌ အကျွန်ုပ်သည် ဒါဝိဒ်အဖို့ ဘုရားသခင့်ထံတော်၌ မေးမြန်းစပြုသလော။ ထိုအမှု ဝေးပါစေသော။ ရှင်ဘုရင်သည် ကိုယ်တော်ကျွန်နှင့် ကျွန်တော်၏အဆွေအမျိုး တစ်စုံတစ်ယောက်၌မျှ အပြစ်တင်တော်မမူပါနှင့်၊ ကိုယ်တော်ကျွန်သည် ဤအမှုကို အကြီးအငယ်အားဖြင့်မျှ မသိပါဟု ရှင်ဘုရင်အား လျှောက်လေ၏။
22:16 ရှင်ဘုရင်က၊ အဟိမလက်၊ သင်နှင့် သင်၏အဆွေအမျိုးအပေါင်းတို့သည် ဧကန်အမှန်အသေခံရမည်ဟုဆိုလျက်၊
22:17 ထာဝရဘုရား၏ ယဇ်ပုရောဟိတ်တို့သည် ဒါဝိဒ်ဘက်မှာနေ၍၊ သူပြေးကြောင်းကို သိသော်လည်း ငါ့အားမကြားမပြောသောကြောင့်၊ သူတို့ကို လှည့်၍သတ်ကြဟု ခြံရံလျက်ရှိသော ခြေသည်တို့အား အမိန့်တော်ရှိသော်လည်း၊ ရှင်ဘုရင်၏ ကျွန်တို့သည် ထာဝရဘုရား၏ ယဇ်ပုရောဟိတ်တို့ကို မလုပ်ကြံဘဲနေကြ၏။
22:18 တစ်ဖန် ရှင်ဘုရင်က၊ သင်သည်လှည့်၍ ယဇ်ပုရောဟိတ်တို့ကို လုပ်ကြံတော့ဟု ဒေါဂအားမိန့်တော်မူသည်အတိုင်း၊ ဧဒုံအမျိုးသားဒေါဂသည် လှည့်၍ ပိတ်သင်တိုင်းကိုဝတ်သော ယဇ်ပုရောဟိတ်ရှစ်ဆယ့်ငါးပါးတို့ကို လုပ်ကြံသဖြင့် ထိုနေ့၌ သတ်လေ၏။
22:19 ယဇ်ပုရောဟိတ်ပိုင်သော နောဗမြို့ကိုလည်း တိုက်၍ ယောက်ျား၊ မိန်းမ၊ သူငယ်၊ နို့စို့မှစ၍ နွား၊ မြည်း၊ သိုးတို့ကို ဓားနှင့်လုပ်ကြံလေ၏။
22:20 အဟိတုပ်၏ သားဖြစ်သော အဟိမလက်၏သားတို့တွင်၊ အဗျာသာအမည်ရှိသော သူတစ်ယောက်သည် လွတ်၍ ဒါဝိဒ်ရှိရာသို့ ပြေးလေ၏။
22:21 ထာဝရဘုရား၏ ယဇ်ပုရောဟိတ်တို့ကို ရှောလုသတ်ကြောင်းကို၊ အဗျာသာသည် ဒါဝိဒ်အားကြားပြောသောအခါ၊
22:22 ဒါဝိဒ်က၊ ဧဒုံအမျိုးသားဒေါဂသည် ရှောလုအားပြောမည်ဟု သူ့ကိုတွေ့သောနေ့၌ ငါရိပ်မိ၏။ ငါသည် သင်၏ အဆွေအမျိုးအပေါင်းတို့ကို သေစေခြင်းငှာပြုမိပါပြီတကား။
22:23 ငါနှင့် အတူနေပါလော့။ မစိုးရိမ်နှင့်။ ငါ့အသက်ကို ရှာသောသူသည် သင့်အသက်ကိုရှာ၏။ နှင့်အတူနေလျှင် ဘေးလွတ်ပါလိမ့်မည်ဟု အဗျာသာအား ပြောဆို၏။