1 Samuel 23
23:1 ဖိလိတ္တိလူတို့သည် ကိလမြို့ကိုတိုက်၍ ကောက်နယ်တလင်းတို့ကို လုယူကြောင်းကို ဒါဝိဒ်သည် ကြားသောအခါ
23:2 အကျွန်ုပ်သည် ထိုဖိလိတ္တိလူတို့ကို သွား၍ လုပ်ကြံရပါမည်လောဟု ထာဝရဘုရားအား မေးလျှောက်လျှင်၊ ထာဝရဘုရားက သွားလော့။ ဖိလိတ္တိလူတို့ကိုလုပ်ကြံ၍ ကိလမြို့ကို ကယ်တင်လော့ဟု ဒါဝိဒ်အားမိန့်တော်မူ၏။
23:3 ဒါဝိဒ်၏လူတို့ကလည်း၊ ငါတို့သည် ယုဒပြည်၌ပင် ကြောက်ကြ၏။ ထိုမျှမက ကိလမြို့သို့ရောက်၍ ဖိလိတ္တိဗိုလ်ခြေတို့နှင့် စစ်ပြိုင်သောအခါ သာ၍ ကြောက်စရာရှိပါသည်တကားဟု ဆိုကြ၏။
23:4 တစ်ဖန် ဒါဝိဒ်သည် ထပ်၍ ထာဝရဘုရားအားမေးလျှောက်လျှင်၊ ထာဝရဘုရားက၊ ထ၍ ကိလမြို့သို့ သွားလော့။ ဖိလိတ္တိလူတို့ကို သင့်လက်၌ ငါအပ်မည်ဟု မိန့်တော်မူသည်အတိုင်း၊
23:5 ဒါဝိဒ်နှင့် သူ၏လူတို့သည် ကိလမြို့သို့သွား၍ ဖိလိတ္တိလူတို့နှင့်တိုက်သဖြင့်၊ ထိုသူတို့၏ တိရစ္ဆာန်များကိုယူ၍ သူတို့ကို ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် သတ်ကြ၏။ ထိုသို့ဒါဝိဒ်သည် ကိလမြို့ကို ကယ်တင်လေ၏။
23:6 အဟိမလက်၏သားအဗျာသာသည်၊ ဒါဝိဒ်ရှိရာကိလမြို့သို့ ပြေးလာသောအခါ သင်တိုင်းတော်ပါလျက် ရောက်လာသတည်း။
23:7 ဒါဝိဒ်သည် ကိလမြို့သို့ရောက်ကြောင်းကို ရှောလုသည်ကြားလျှင်၊ ဘုရားသခင်သည် သူ့ကိုငါ့လက်သို့ အပ်တော်မူပြီ။ တံခါးနှင့် ကန့်လန့်ကျင်ရှိသော မြို့ထဲသို့ဝင်သဖြင့်၊ အချုပ်ခံလျက် နေရသည်ဟု ဆိုလျက်၊
23:8 ကိလမြို့သို့စစ်ချီ၍ ဒါဝိဒ်နှင့်သူ၏လူတို့ကို ဝိုင်းထားခြင်းငှာ မိမိလူအပေါင်းတို့ကို စုဝေးစေ၏။
23:9 ရှောလုသည် မကောင်းသောအကြံနှင့် ကြိုးစားသည်ကို ဒါဝိဒ်သည်သိ၍၊ ယဇ်ပုရောဟိတ် အဗျာသာအား၊ သင်တိုင်းတော်ကို ယူခဲ့ပါဟုဆို၏။
23:10 ထိုအခါ ဒါဝိဒ်က၊ ဣသရေလအမျိုး၏ဘုရားသခင်ထာဝရဘုရား၊ ရှောလုသည် ကိလမြို့သို့လာ၍ ကိုယ်တော်၏ကျွန်အတွက်ဖျက်ဆီးမည်ဟု အကြံရှိသည်ကို ဆက်ဆက်ကြားပါ၏။
23:11 ကိလမြို့သားတို့သည် အကျွန်ုပ်ကို သူ၏လက်၌အပ်ကြပါလိမ့်မည်လော။ ကိုယ်တော်၏ ကျွန်ကြားသည်အတိုင်း ရှောလုသည် လာပါလိမ့်မည်လော။ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်၏ကျွန်အား အမိန့်ရှိတော်မူမည်အကြောင်းတောင်းပန်ပါ၏ဟု မေးလျှောက်သော်၊ ထာဝရဘုရားက၊ ရှောလုသည် လာလိမ့်မည်ဟု မိန့်တော်မူ၏။
23:12 တစ်ဖန် ဒါဝိဒ်က၊ ကိလမြို့သားတို့သည် အကျွန်ုပ်နှင့် အကျွန်ုပ်၏လူတို့ကို ရှောလုလက်သို့ အပ်ကြလိမ့်မည်လောဟု မေးလျှောက်သော်၊ ထာဝရဘုရားက၊ အပ်ကြပါလိမ့်မည်ဟု မိန့်တော်မူ၏။
23:13 ထိုအခါ ဒါဝိဒ်သည် ခြောက်ရာခန့်ရှိသော မိမိလူတို့နှင့်ထ၍ ကိလမြို့မှ ထွက်ပြီးလျှင်၊ သွားနိုင်ရာအရပ်ရပ်သို့ သွားကြ၏။ ဒါဝိဒ်သည် ကိလမြို့မှ အလွတ်ပြေးကြောင်းကို ရှောလုသည်ကြား၍ ကိုယ်တိုင်မသွားဘဲနေ၏။
23:14 ဒါဝိဒ်သည် ဇိဖတောင်အစရှိသော တောကြိုတောင်ကြားတို့၌ နေ၍၊ ရှောလုသည် နေ့တိုင်းရှာသော်လည်း သူ၏လက်၌ ဒါဝိဒ်ကို ဘုရားသခင်အပ်တော်မမူ။
23:15 တစ်ရံရောအခါ ဒါဝိဒ်သည် ဇိဖတောအုပ်၌ရှိ၍၊ သူ၏အသက်ကို သတ်မည်ဟု ရှောလုလာသည်ကို သိသောအခါ၊
23:16 ရှောလု၏သားယောနသန်သည် ထ၍ ဒါဝိဒ်ရှိရာတောအုပ်သို့ သွားပြီးလျှင်၊ ဘုရားသခင်၌ ခိုလှုံအားကြီးစေခြင်းငှာ ထောက်မလျက်၊
23:17 မစိုးရိမ်နှင့်။ သင်သည် ကျွန်ုပ်အဘ ရှောလု၏လက်မှလွတ်၍ ဣသရေလရှင်ဘုရင် ဖြစ်လိမ့်မည်။ ကျွန်ုပ်သည်လည်း သင့်အောက်မှာ အရာကြီးလိမ့်မည်။ ထိုသို့ဖြစ်မည်ကို ကျွန်ုပ်အဘရှောလုသိသည်ဟု ဆိုသဖြင့်၊
23:18 ထိုသူနှစ်ယောက်တို့သည် ထာဝရဘုရားရှေ့တော်၌ ပဋိညာဉ်ဖွဲ့ကြပြီးမှ၊ ဒါဝိဒ်သည် တောအုပ်၌နေ၍ ယောနသန်သည် မိမိအိမ်သို့သွား၏။
23:19 တစ်ဖန် ဇိဖသားတို့သည် ရှောလုရှိရာ ဂိဗာမြို့သို့လာ၍၊ ဒါဝိဒ်သည် ကျွန်တော်တို့နေရာ ယေရှိမုန်မြို့တောင်ဘက်မှာ၊ ဟခိလတောကြိုတောင်ကြား၌ ပုန်းလျက်နေသည်ဖြစ်၍၊
23:20 အရှင်မင်းကြီးကြွချင်သော စိတ်အားကြီးသည်အတိုင်း ကြွတော်မူပါ။ ထိုသူကို အရှင်မင်းကြီးလက်တော်သို့ အပ်သောအမှုသည် ကျွန်တော်တို့တာရှိပါစေဟု လျှောက်လျှင်၊
23:21 ရှောလုက၊ သင်တို့သည် ထာဝရဘုရားကောင်းချီးပေးတော်မူသောသူ ဖြစ်ပါစေသော။ သင်တို့သည် ငါ့ကိုသနားကြပြီ။
23:22 ယခုသွား၍ ပြင်ဆင်ကြလော့။ သူပုန်းရှောင်၍ နေရာကိုလည်းကောင်း၊ အဘယ်သူ မြင်ပြီးသည်ကိုလည်းကောင်း စူးစမ်းကြလော့။ သူသည် အလွန်လိမ္မာသည်ကို ငါကြား၏။
23:23 ထိုကြောင့် သူပုန်းရှောင်ခိုလှုံရာ အရပ်ရပ်တို့ကို သေချာစွာကြည့်ရှုသိမှတ်ပြီးမှ၊ ငါ့ထံသို့ တစ်ဖန်လာကြလျှင်၊ သင်တို့နှင့် အတူငါလိုက်မည်။ သူသည် ထိုပြည်၌ရှိလျှင်၊ ယုဒအမျိုးသား အထောင်အသောင်းတို့တွင် ငါရှာ၍ထုတ်မည်ဟု မှာထားသည်အတိုင်း၊
23:24 သူတို့သည်ထ၍ ရှောလုအရင် ဇိဖတောသို့သွားကြ၏။ ဒါဝိဒ်နှင့် သူ၏လူတို့သည် မောနတော၊ ယေရှိမုန်မြို့ တောင်ဘက်လွင်ပြင်၌ ရှိကြ၏။
23:25 ရှောလုသည်လည်း လူများနှင့်တကွ လာ၍ရှာသည်ကို ဒါဝိဒ်သည် ကြားပြန်လျှင်၊ ကျောက်ကြားမှထွက်သွား၍ မောနတော၌နေ၏။ ရှောလုကြားပြန်သော်၊ မောနတော၌ ဒါဝိဒ်ကိုလိုက်၍ ရှာ၏။
23:26 ရှောလုသည် တောင်တစ်ဖက်၌လည်းကောင်း၊ ဒါဝိဒ်နှင့် သူ၏လူတို့သည် တစ်ဖက်၌လည်းကောင်း၊ သွားကြ၍ ရှောလုကိုကြောက်သဖြင့်၊ လွတ်အောင်ကြိုးစားစဉ်တွင်၊ ရှောလုနှင့် သူ၏လူတို့သည် ဒါဝိဒ်နှင့်သူ၏လူတို့ကို ဝိုင်း၍ ဖမ်းမိလုကြပြီ။
23:27 ထိုအခါ တမန်ရောက်လာ၍၊ အလျင်အမြန် ကြွလာတော်မူပါ။ ဖိလိတ္တိလူတို့သည် ပြည်တော်ကို တိုက်လာကြပါပြီဟု ရှောလုအား ကြားလျှောက်သောကြောင့်၊
23:28 ရှောလုသည် ဒါဝိဒ်ကိုလိုက်ရှာရာမှ ပြန်၍ ဖိလိတ္တိလူတို့ရှိရာသို့ ချီသွားလေ၏။ သို့ဖြစ်၍ ထိုအရပ်ကို သေလဟမ္မလေကုပ်အမည်ဖြင့် သမုတ်သတည်း။
23:29 ဒါဝိဒ်သည် ထိုအရပ်မှသွား၍ အင်္ဂေဒိမြို့နယ်၊ ခိုင်ခံ့သောအရပ်တို့၌ နေလေ၏။