1 Samuel 24
24:1 ရှောလုသည်လည်း ဖိလိတ္တိလူတို့ကို လိုက်ရာမှ ပြန်လာသောအခါ၊ ဒါဝိဒ်သည် အင်္ဂေဒိတော၌ ရှိပါ၏ဟု ကြားလျှောက်ကြလျှင်၊
24:2 ဣသရေလအမျိုးသားအပေါင်းတို့တွင် ရွေးကောက်သော လူသုံးထောင်တို့ကိုခေါ်၍၊ တောဆိတ်နေရာ ကျောက်တောင်တို့အပေါ်မှာ ဒါဝိဒ်နှင့်သူ၏လူတို့ကို ရှာအံ့သောငှာ သွားလေ၏။
24:3 လမ်းနားမှာ သိုးခြံရှိရာသို့ရောက်၍ ဥမင်ကိုတွေ့သဖြင့်၊ ရှောလုသည် အိပ်မည်ဟု ဝင်လေ၏။ ဒါဝိဒ်နှင့်သူ၏လူတို့သည် ထိုဥမင်နံဘေး တစ်ဖက်တစ်ချက်၌ နေကြ၏။
24:4 ဒါဝိဒ်၏လူတို့ကလည်း၊ ထာဝရဘုရားက၊ သင်၏ရန်သူကို သင့်လက်၌ငါအပ်မည်။ သူ၌ သင်ပြုချင်တိုင်း ပြုရသောအခွင့် ရှိလိမ့်မည်ဟု ကိုယ်တော်အား အမိန့်ပေးတော်မူသောနေ့ရက် ရောက်ပါပြီဟု ဆိုကြလျှင်၊ ဒါဝိဒ်သည်ထ၍ ရှောလုဝတ်လျက်ရှိသော အင်္ကျီအောက်ပိုင်းကို တိတ်ဆိတ်စွာ လှီးဖြတ်လေ၏။
24:5 ထိုသို့ ရှောလု၏အင်္ကျီကို လှီးဖြတ်မိသောကြောင့်၊ ဒါဝိဒ်သည် နောက်တစ်ဖန် နောင်တရ၍၊
24:6 ထာဝရဘုရားပေးတော်မူသော ဘိသိက်ကိုခံရသော ငါ့အရှင်သည်၊ ထာဝရဘုရားအခွင့်နှင့် ဘိသိက်ခံသူဖြစ်သောကြောင့်၊ ထိုအရှင်ကို ထိခိုက်ခြင်းငှာ ငါလက်ဆန့်သောအမှုကို ထာဝရဘုရား ဆီးတားတော်မူပါစေသောဟု မိမိလူတို့အားဆိုသဖြင့်၊
24:7 ရှောလုကိုထိခိုက်စေခြင်းငှာ အခွင့်မပေး မြစ်တားလေ၏။ ရှောလုသည်လည်း ထ၍ ဥမင်ထဲက ထွက်သွားလေ၏။
24:8 ထိုနောက် ဒါဝိဒ်သည်ထ၍ ဥမင်ထဲကထွက်လျက်၊ ကျွန်တော်၏သခင်အရှင်မင်းကြီးဟု ရှောလုနောက်၌ ဟစ်သဖြင့်၊ ရှောလုသည် နောက်သို့ကြည့်သောအခါ၊ ဒါဝိဒ်သည် မြေပေါ်၌ ဦးချ၍ ပျပ်ဝပ်လျက်၊
24:9 ဒါဝိဒ်သည် ကိုယ်တော်၏အကျိုးကို ဖျက်ခြင်းငှာ ရှာကြံသည်ဟု လူအချို့ပြောသောစကားကို အဘယ်ကြောင့် နားထောင်တော်မူသနည်း။
24:10 ယနေ့ ထာဝရဘုရားသည် ဥမင်ထဲမှာ ကိုယ်တော်ကို ကျွန်တော်လက်၌ အပ်တော်မူကြောင်းကို ကြည့်ရှုတော်မူပါ။ အသက်တော်ကိုသတ်စေခြင်းငှာ အချို့တို့သည် တိုက်တွန်းသော်လည်း၊ ကျွန်တော်သည် နှမြောသောစိတ်ရှိ၍၊ ငါ့အရှင်သည် ထာဝရဘုရား၏ဘိသိက်ခံသူ ဖြစ်တော်မူသောကြောင့်၊ ထိုအရှင်ကို ထိခိုက်ခြင်းငှာ ငါသည် လက်ကိုမဆန့်ဟု အကြံရှိပါ၏။
24:11 ထိုမှတစ်ပါး ကျွန်တော်အဘ ကြည့်ရှုတော်မူပါ။ ကျွန်တော်လက်၌ အင်္ကျီတော်အောက်ပိုင်းကို ကြည့်ရှုတော်မူပါ။ အသက်တော်ကို မသတ်၊ အင်္ကျီတော်အောက်ပိုင်းကို လှီးဖြတ်ရုံမျှသာ ပြုသောကြောင့်၊ ကျွန်တော်၌ ဒုစရိုက်အပြစ်မရှိ၊ လွန်ကျူးခြင်းအပြစ် မရှိကြောင်းကို သိမြင်တော်မူပါ။ ကိုယ်တော်ကို မပြစ်မှားပါ။ သို့သော်လည်း ကျွန်တော်အသက်ကို သတ်အံ့သောငှာ လိုက်၍ ရှာတော်မူပါသည်တကား။
24:12 ထာဝရဘုရားသည် ကျွန်တော်နှင့် ကိုယ်တော်စပ်ကြားမှာ စီရင်တော်မူပါစေသော။ ကျွန်တော်အား ပြစ်မှားသောအပြစ်ကို ထာဝရဘုရားဆပ်ပေးတော်မူပါစေသော။ သို့ရာတွင် ကျွန်တော်လက်သည် ကိုယ်တော်အပေါ်သို့ မရောက်ပါစေနှင့်။
24:13 ရှေးပုံစကားလာသည်အတိုင်း၊ ဆိုးသောသူလက်မှ ဆိုးသောအမှုထွက်တတ်၏။ သို့ရာတွင် ကျွန်တော်လက်သည် ကိုယ်တော်အပေါ်သို့ မရောက်ပါစေနှင့်။
24:14 ဣသရေလရှင်ဘုရင်သည် အဘယ်သူ၏အတွက်ကြောင့် ကြွလာတော်မူသနည်း။ ကိုယ်တော်သည် အဘယ်သူကိုလိုက်၍ ရှာတော်မူသနည်း။ ခွေးသေကောင်ကို လိုက်၍ ရှာတော်မူသလော။ ခွေးလှေးကို လိုက်၍ရှာတော်မူသလော။
24:15 သို့ဖြစ်၍ ထာဝရဘုရားသည် တရားသူကြီးလုပ်တော်မူပါစေသော။ ကျွန်တော်နှင့် ကိုယ်တော်စပ်ကြားမှာ စီရင်တော်မူပါစေသော။ ကြည့်ရှု၍ ကျွန်တော်အမှုကိုစောင့်သဖြင့်၊ ကျွန်တော်ကို ကိုယ်တော်လက်မှ ကယ်လွှတ်တော်မူပါစေသောဟု ရှောလုအား လျှောက်ဆို၏။
24:16 ထိုသို့ဒါဝိဒ်သည် ရှောလုအား အကုန်အစင်လျှောက်ဆိုပြီးမှ၊ ရှောလုက ငါ့သားဒါဝိဒ်၊ ငါကြားသော စကားသံသည် သင့်စကားသံလောဟုမေးလျှင် အသံကိုလွှင့်၍ ငိုကြွေးလေ၏။
24:17 တစ်ဖန်လည်း၊ သင်သည် ငါ့ထက်သာ၍ တရားစောင့်၏။ သင့်အကျိုးကို ငါဖျက်သော်လည်း၊ သင်သည် ငါ၌ အကျိုးကျေးဇူးပြုပြီ။
24:18 ငါ၌ အဘယ်သို့ ကျေးဇူးပြုသည်ကို သင်သည်ယနေ့ပြပြီ။ အကြောင်းမူကား၊ ထာဝရဘုရားသည် ငါ့ကို သင့်လက်၌ အပ်တော်မူသော်လည်း၊ သင်သည် မသတ်ဘဲနေပါသည်တကား။
24:19 လူသည် ရန်သူကိုတွေ့လျှင် ချမ်းသာစွာ လွှတ်လိမ့်မည်လော။ သို့ဖြစ်၍ သင်သည် ငါ၌ယနေ့ပြုသောကျေးဇူးကို ထာဝရဘုရား ဆပ်တော်မူပါစေသော။
24:20 ယခုမှာသင်သည် စင်စစ် ရှင်ဘုရင်ဖြစ်လိမ့်မည် ဟူ၍လည်းကောင်း၊ ဣသရေလနိုင်ငံသည် သင့်လက်၌တည်လိမ့်မည် ဟူ၍လည်းကောင်း၊ ငါအမှန်သိ၏။
24:21 သို့ဖြစ်၍ သင်သည် ငါ၏သားစဉ်မြေးဆက်တို့ကို မသုတ်သင်၊ ငါ့အဆွေအမျိုးထဲက ငါ၏နာမကို မပယ်ရှင်းမည်အကြောင်း ထာဝရဘုရားကိုတိုင်တည်၍ ငါ့အားကျိန်ဆိုခြင်းကို ပြုလော့ဟု ဒါဝိဒ်အားဆိုပြီးမှ၊
24:22 ဒါဝိဒ်သည် ရှောလုအား ကျိန်ဆိုခြင်းကိုပြု၍ ရှောလုသည် မိမိနေရာသို့ သွား၏။ ဒါဝိဒ်နှင့် သူ၏လူတို့သည်လည်း ခိုင်ခံ့သောအရပ်သို့ သွားကြ၏။