1 Samuel 25
25:1 ထိုနောက် ရှမွေလသေသောအခါ၊ ဣသရေလ အမျိုးသားအပေါင်းတို့သည် စည်းဝေး၍ ငိုကြွေးမြည်တမ်းခြင်းကို ပြုသဖြင့်၊ ရာမမြို့တွင် သူ၏အိမ်၌ သင်္ဂြိုဟ်ကြ၏။ ဒါဝိဒ်သည် ထ၍ ပါရန်တောသို့ သွားလေ၏။
25:2 ထိုအခါ မောနအရပ်၌နေ၍ ကရမေလမြို့၌ ဥစ္စာများသော သူတစ်ဦးရှိ၏။ ထိုသူသည် လူကြီးဖြစ်၍၊ သိုးသုံးထောင်၊ ဆိတ်တစ်ထောင်ကို ရတတ်၏။ ကရမေလမြို့မှာ သိုးမွေးကိုညှပ်၍နေ၏။
25:3 ထိုသူ၏အမည်ကား နာဗလ၊ သူ၏မယားအမည်ကား အဘိဂဲလတည်း။ ထိုမိန်းမသည် ဉာဏ်ကောင်း၍ အဆင်းလည်းလှ၏။ ယောက်ျားမူကား ခက်ထန်သော သဘောရှိ၏။ ဆိုးသောအမှုကိုလည်း ပြုတတ်၏။ ကာလက်အဆွေအမျိုး ဖြစ်၏။
25:4 နာဗလသည် သိုးမွေးညှပ်၍နေကြောင်းကို ဒါဝိဒ်သည် တော၌ကြားလျှင်၊
25:5 လုလင်တစ်ကျိပ်တို့ကိုခေါ်၍ နာဗလရှိရာ ကရမေလမြို့သို့ သွားကြတော့။
25:6 စည်းစိမ်ကြီးသော ထိုသူကို ငါ့ကိုယ်စား နှုတ်ဆက်၍ပြောရမည်မှာ၊ ကိုယ်တော်မှစ၍ ကိုယ်တော်၏အိမ်၊ ကိုယ်တော်နှင့် ဆိုင်သမျှတို့၌ ချမ်းသာရှိပါစေသော။
25:7 ကိုယ်တော်၌ သိုးမွေးညှပ်သော သူများရှိကြောင်းကို အကျွန်ုပ်ကြားပါ၏။ အကျွန်ုပ်တို့နှင့်အတူနေသော ကိုယ်တော်၏သိုးထိန်းတို့ကို အကျွန်ုပ်တို့သည် မပြစ်မှားပါ။ သူတို့သည် ကရမေလမြို့မှာ နေသောကာလပတ်လုံး၊ သူတို့ဥစ္စာ တစ်စုံတစ်ခုမျှ မပျောက်ပါ။
25:8 ကိုယ်တော်၏ လုလင်တို့ကို မေးမြန်းပါတော့။ သူတို့သည် ပြောကြလိမ့်မည်။ ထိုကြောင့် ကျွန်ုပ်၏လုလင်တို့သည် ရှေ့တော်၌မျက်နှာရကြပါစေ။ အကျွန်ုပ်တို့သည် မင်္ဂလာနေ့၌ ရောက်ပါ၏။ လက်တော်၌ရှိသမျှကို ကိုယ်တော်ကျွန်များ၊ ကိုယ်တော်၏သားဒါဝိဒ်အား သနားတော်မူပါဟု နှုတ်ဆက်ရမည်အကြောင်းမှာထား၍ လွှတ်လိုက်၏။
25:9 ဒါဝိဒ်၏လုလင်တို့သည် နာဗလထံသို့ ရောက်သောအခါ၊ ဒါဝိဒ်မှာထားသမျှသော စကားတို့ကို ပြန်ပြောပြီးလျှင် တိတ်ဆိတ်စွာ နေကြ၏။
25:10 နာဗလကလည်း၊ ဒါဝိဒ်ကား အဘယ်သူနည်း။ ယေရှဲ၏သားကား အဘယ်သူနည်း။ ယခုကာလ သခင်ကို ပုန်ကန်သော ကျွန်များပါတကား။
25:11 ငါသည် ငါ့သိုးမွေးကို ညှပ်သောသူတို့အဖို့ ပြင်ဆင်သော ငါ့မုန့်၊ ငါ့ရေ၊ ငါ့အမဲသားကိုယူ၍ ငါမသိသော လူတို့အားပေးရမည်လောဟု ဒါဝိဒ်၏လုလင်တို့အားပြောဆို၏။
25:12 ဒါဝိဒ်၏ လုလင်တို့သည် လှည့်သွား၍ ထိုစကားအလုံးစုံတို့ကို ဒါဝိဒ်အားပြန်လျှောက်ကြ၏။
25:13 ဒါဝိဒ်ကလည်း လူတိုင်း မိမိဓားကို ခါး၌စည်းစေဟု မိမိလူတို့အားဆိုလျက် မိမိဓားကို စည်းလေ၏။ လူလေးရာတို့သည် ဒါဝိဒ်နောက်သို့ လိုက်ကြ၏။ နှစ်ရာတို့သည် ဥစ္စာပစ္စည်းများကို စောင့်၍ နေကြ၏။
25:14 လုလင်တစ်ယောက်သည် နာဗလမယားအဘိဂဲလထံသို့သွား၍၊ ဒါဝိဒ်သည် အကျွန်ုပ်တို့သခင်ကို နှုတ်ဆက်အံ့သောငှာ တမန်တို့ကိုတောမှစေလွှတ်၍၊ အကျွန်ုပ်တို့သခင်သည် သူတို့ကိုဆဲပါ၏။
25:15 ထိုသူတို့သည် ကျွန်တော်တို့၌ အလွန်ကျေးဇူးပြုပါပြီ။ ကျွန်တော်တို့သည် တောမှာနေ၍ သူတို့နှင့် ပေါင်းဖော်သောကာလပတ်လုံး အရှုံးမခံ၊ ဥစ္စာတစ်စုံတစ်ခုမျှ မပျောက်ပါ။
25:16 ကျွန်တော်တို့သည် သိုးထိန်း၍ သူတို့နှင့်ပေါင်းဖော်သော ကာလပတ်လုံး၊ သူတို့သည် နေ့ညအစဉ်ကွယ်ကာလျက် နေကြပါ၏။
25:17 သို့ဖြစ်၍ သခင်မသည် အဘယ်သို့ပြုသင့်သည်ကို ကြည့်ရှုဆင်ခြင်ပါတော့။ အကျွန်ုပ်တို့သခင်နှင့် အိမ်သူအိမ်သားအပေါင်းတို့၌ ဘေးပြုမည်ဟု စီရင်ပါပြီ။ သခင်သည် အဓမ္မလူဖြစ်သောကြောင့်၊ အဘယ်သူမှ၊ မပြောမလျှောက်ဝံ့ပါဟု ဆိုလေသော်၊
25:18 အဘိဂဲလသည် မုန့်လုံးနှစ်ရာ၊ စပျစ်ရည်ဘူးနှစ်လုံး၊ ချက်ပြီးသော သိုးငါးကောင်၊ ပေါက်ပေါက်ငါးဧဖာ၊ စပျစ်သီးခြောက် အပြွတ်တစ်ရာ၊ သင်္ဘောသဖန်းသီး ပျဉ်အပြားနှစ်ရာတို့ကို အလျင်အမြန်ယူ၍ မြည်းတို့အပေါ်၌တင်ပြီးလျှင်၊
25:19 ငါ့ရှေ့မှာ သွားကြ။ ငါလိုက်မည်ဟု ကျွန်တို့အားဆို၏။ လင်နာဗလကို အလျှင်းမပြော။
25:20 မြည်းကိုစီးလျက်သွား၍ တောင်ခြေရင်း၌ ဆင်းလှည့်စဉ်တွင်၊ ဒါဝိဒ်နှင့် သူ၏လူတို့သည် တစ်ဖက်တစ်ချက် ဆင်းလာ၍ တစ်ယောက်နှင့်တစ်ယောက် တွေ့ကြုံကြ၏။
25:21 ထိုသို့မတွေ့မီ ဒါဝိဒ်က၊ အကယ်စင်စစ် ထိုသူ၏ဥစ္စာ တစ်စုံတစ်ခုကိုမျှ မပျောက်စေခြင်းငှာ၊ တော၌သူပိုင်သမျှတို့ကို ငါသည် အချည်းနှီးစောင့်ပါပြီတကား။ ငါကောင်းသောအမှုအတွက်၊ မကောင်းသောအမှုကို သူပြုပါပြီတကား။
25:22 နက်ဖြန် မိုးလင်းသောအခါ၊ နာဗလနှင့်ဆိုင်သော သူအပေါင်းတို့တွင် ယောက်ျားတစ်စုံတစ်ယောက်ကို ငါချန်ထားလျှင်၊ ထိုမျှမက ထာဝရဘုရားသည် ဒါဝိဒ်၏ရန်သူတို့အားပြုတော်မူစေသတည်းဟု ဆိုနှင့်ပြီ။
25:23 အဘိဂဲလသည် ဒါဝိဒ်ကို မြင်သောအခါ၊ မြည်းပေါ်က အလျင်အမြန်ဆင်းပြီးလျှင် ဒါဝိဒ်ရှေ့တွင် မြေပေါ်မှာ ဦးညွှတ်ချ၍၊
25:24 သူ၏ခြေရင်း၌ ဝပ်တွားလျက်၊ ကျွန်မသခင်၊ အပြစ်ရှိသမျှကို ကျွန်မခံပါမည်။ ကိုယ်တော်၏ကျွန်မသည် နားတော်လျှောက်ရသောအခွင့်ကို ပေးတော်မူပါ။
25:25 ကိုယ်တော်၏ကျွန်မစကားကို နားညောင်းတော်မူပါ။ ထိုအဓမ္မလူ နာဗလကို ကျွန်မသခင် မှတ်တော်မမူပါနှင့်။ သူ၏အမည်သည် သူ၏သဘောနှင့် ညီညွတ်ပါ၏။ သူ၏အမည်ကား နာဗလ။ သူ၏သဘောကား မိုက်ခြင်းဖြစ်သတည်း။ သခင်စေလွှတ်တော်မူသော လုလင်တို့ကို ကိုယ်တော်ကျွန်မသည် မမြင်ရပါ။
25:26 ယခုမှာ ကျွန်မသခင်၊ ကိုယ်တော်သည် လူအသက်ကိုသတ်ခြင်းငှာ မသွားမည်အကြောင်း ကိုယ်လက်နှင့် ကိုယ်အမှုကိုစောင့်၍ အပြစ်ဒဏ်မပေးမည်အကြောင်း၊ ထာဝရဘုရားဆီးတားတော်မူသည်ဖြစ်၍၊ ထာဝရဘုရား အသက်တော် ကိုယ်တော်အသက်လည်း ရှင်တော်မူသည်အတိုင်း၊ အကျိုးတော်ကို ဖျက်ဆီးလိုသော ကိုယ်တော်၏ရန်သူတို့သည် နာဗလကဲ့သို့ ဖြစ်ကြပါစေသော။
25:27 ယခုမှာ ကိုယ်တော်၏ကျွန်မသည် သခင့်ထံသို့ ဆောင်ခဲ့သော လက်ဆောင်ကို ကျွန်မသခင်နောက်တော်သို့ လိုက်သောလုလင်တို့အား ပေးစေတော်မူပါ။
25:28 ကိုယ်တော်၏ကျွန်မအပြစ်ကို သည်းခံတော်မူပါ။ ကျွန်မသခင်သည် ထာဝရဘုရားဘက်မှာ စစ်တိုက်သောကြောင့်လည်းကောင်း၊ တစ်သက်လုံး ကိုယ်တော်၌အပြစ်တင်စရာ အခွင့်မရှိသောကြောင့်လည်းကောင်း၊ ထာဝရဘုရားသည် ကျွန်မ၏သခင်အဖို့ ခိုင်ခံ့မြဲမြံသောအိမ်ကို တည်ဆောက်တော်မူလိမ့်မည်။
25:29 ကိုယ်တော်၏အသက်ကို သတ်အံ့သောငှာ လူအချို့တို့သည် ထ၍ရှာသော်လည်း၊ ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားသည် ကျွန်မသခင်၏အသက်ကို အသက်ထုပ်၌ နှောင်ဖွဲ့တော်မူလိမ့်မည်။ ကိုယ်တော်၏ ရန်သူတို့အသက်ကိုမူကား၊ လောက်လွှဲထဲက ပစ်သကဲ့သို့ ပစ်တော်မူလိမ့်မည်။
25:30 ထာဝရဘုရား ကတိထားတော်မူသည်အတိုင်း၊ ကိုယ်တော်၌ ကျေးဇူးပြု၍ ဣသရေလအမျိုးကို အုပ်စိုးစေခြင်းငှာ ခန့်ထားတော်မူသောအခါ၊
25:31 ကျွန်မ၏သခင်ကိုယ်တော်သည် အကြောင်းမရှိဘဲ လူအသက်ကို သတ်မိသောကြောင့်လည်းကောင်း၊ ကိုယ်အမှုကို စောင့်၍၊ အပြစ်ဒဏ်ပေးမိသောကြောင့်လည်းကောင်း ကျွန်မ၏သခင် ကိုယ်တော်သည် စိတ်ညှိုးငယ်ခြင်း၊ ကိုယ်တိုင်ကိုယ် အပြစ်တင်ခြင်းနှင့် ကင်းလွတ်တော်မူပါစေသော။ ထာဝရဘုရားသည် ကျွန်မ၏သခင်၌ ကျေးဇူးပြုတော်မူပြီးမှ၊ ကိုယ်တော်၏ကျွန်မကို အောက်မေ့တော်မူပါဟု လျှောက်လေ၏။
25:32 ဒါဝိဒ်ကလည်း၊ ယနေ့ငါနှင့် တွေ့စေခြင်းငှာ၊ သင့်ကို စေလွှတ်တော်မူသော ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။
25:33 သင်ပေးသောအကြံလည်း မင်္ဂလာရှိစေသတည်း။ ယနေ့ငါသည် လူအသက်ကို သတ်အံ့သောငှာ၊ မသွားရမည်အကြောင်း၊ ကိုယ်လက်နှင့် ကိုယ်အမှုကိုစောင့်၍ အပြစ်ဒဏ်မပေးရမည်အကြောင်း ဆီးတားသောသင်သည်လည်း မင်္ဂလာရှိစေသတည်း။
25:34 အကယ်စင်စစ် သင့်ကို ငါမညှဉ်းဆဲရမည်အကြောင်း၊ ဆီးတားတော်မူသော ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ သင်သည်ငါနှင့် တွေ့ခြင်းငှာ အလျင်အမြန်မလာလျှင်၊ အကယ်စင်စစ် နက်ဖြန်မိုးလင်းသောအခါ၊ နာဗလ၏ လူယောက်ျား တစ်စုံတစ်ယောက်ကိုမျှ ငါချန်၍မထားဟု အဘိဂဲလအား ပြောဆိုလျက်၊
25:35 သူဆောင်ခဲ့သော လက်ဆောင်ကို သူ၏လက်မှခံယူ၍၊ သင်သည် နေရာအိမ်သို့ ငြိမ်ဝပ်စွာသွားလော့။ သင်၏စကားကို ငါနားထောင်ပြီ။ သင်၏မျက်နှာကိုလည်း ထောက်၍ နေမည်ဟုဆိုလေ၏။
25:36 အဘိဂဲလသည်လည်း နာဗလထံသို့ ပြန်သွား၍၊ သူသည် ရှင်ဘုရင်၏ ပွဲကဲ့သို့သောပွဲကို မိမိအိမ်၌ခံသဖြင့်၊ ယစ်မူး၍ စိတ်ရွှင်လန်းလျက် နေသောကြောင့်၊ မိုးမလင်းမီ မယားသည် အလျှင်းမပြော။
25:37 မိုးလင်း၍ နာဗလသောက်သော စပျစ်ရည်အရှိန်ကုန်သောအခါ၊ ထိုအမှုများကို မယားပြောသဖြင့် သူသည်နှလုံးသေ၍ ကျောက်ကဲ့သို့ဖြစ်၏။
25:38 ဆယ်ရက်လောက်လွန်မှ ထာဝရဘုရားသည် ဒဏ်ခတ်တော်မူသဖြင့် နာဗလသေ၏။
25:39 နာဗလသေကြောင်းကို ဒါဝိဒ်ကြားသောအခါ၊ ငါခံရသောကဲ့ရဲ့ခြင်းအမှုကို စောင့်၍ နာဗလလက်မှ နုတ်တော်မူ၍၊ ကိုယ်တော်ကျွန်ကို ဒုစရိုက်နှင့် ကင်းလွတ်စေတော်မူသော ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ ထာဝရဘုရားသည် နာဗလပြုသော ဒုစရိုက်ကို သူ့ခေါင်းပေါ်သို့ ပြန်ရောက်စေတော်မူပြီဟု ဆို၏။ တစ်ဖန် လူကိုစေလွှတ်၍ အဘိဂဲလနှင့် လက်ထပ်ခြင်းငှာ နှုတ်ဆက်လေ၏။
25:40 ဒါဝိဒ်၏ ကျွန်တို့သည် အဘိဂဲလရှိရာ ကရမေလမြို့သို့ ရောက်သောအခါ၊ ဒါဝိဒ်သည် သခင်မနှင့်လက်ထပ်ခြင်းငှာ ကျွန်တော်တို့ကို စေလွှတ်ပါပြီဟု ပြောဆိုလျှင်၊
25:41 အဘိဂဲလသည်ထ၍ မြေပေါ်မှာ ပျပ်ဝပ်လျက်၊ ကျွန်မသည် ကျွန်မသခင်၏ ကျွန်တို့ခြေကို ဆေးသော ကျွန်မိန်းမဖြစ်ပါစေသောဟု ဆိုပြီးမှ၊
25:42 အလျင်အမြန်ထ၍ မိမိနောက်လိုက် ကျွန်မငါးယောက်ပါလျက် မြည်းစီးသဖြင့်၊ ဒါဝိဒ်စေလွှတ်သော လူတို့နှင့်တကွလိုက်၍ ဒါဝိဒ်၏ခင်ပွန်း ဖြစ်လေ၏။
25:43 ဒါဝိဒ်သည် ယေဇရေလမြို့သူ အဟိနောင်ကိုလည်း သိမ်း၍ ထိုမိန်းမနှစ်ယောက်တို့သည် သူ၏ခင်ပွန်းဖြစ်ကြ၏။
25:44 ရှောလုသည် မိမိသမီးဖြစ်သော ဒါဝိဒ်၏မယားမိခါလကို၊ ဂလ္လိမ်မြို့သားဖြစ်သော လဲရှ၏သားဖာလတိအား ပေးစားနှင့်ပြီ။