1 Samuel 26
26:1 တစ်ဖန် ဇိဖသားတို့သည် ရှောလုရှိရာ ဂိဗာမြို့သို့လာ၍၊ ဒါဝိဒ်သည် ယေရှိမုန်မြို့ရှေ့မှာ ဟခိလတောင်၌ ပုန်းရှောင်၍ နေပါသည်မဟုတ်လောဟု လျှောက်လျှင်၊
26:2 ရှောလုသည် ထ၍ ရွေးကောက်သော ဣသရေလလူသုံးထောင်ပါလျက်၊ ဇိဖတော၌ ဒါဝိဒ်ကိုရှာခြင်းငှာ သွားလေ၏။
26:3 ရှောလုသည် ယေရှိမုန်မြို့ရှေ့၊ ဟခိလတောင်ပေါ်လမ်းနားမှာ တပ်ချ၏။ ဒါဝိဒ်သည် တော၌နေ၍ ရှောလုလိုက်ရှာကြောင်းကို သိမြင်သောအခါ၊
26:4 သူလျှိုတို့ကို စေလွှတ်၍ ရှောလုရောက်ကြောင်းကို အတပ်သိ၏။
26:5 ထိုအခါ ဒါဝိဒ်သည် ထသွား၍၊ ရှောလုတပ်ချရာအရပ်သို့ ရောက်သဖြင့်၊ ရှောလုနှင့် ဗိုလ်ချုပ်မင်း နေရ၏သားအာဗနာ အိပ်ရာအရပ်ကို ကြည့်ရှုလေ၏။ ရှောလုသည် ရထားတပ်အလယ်၌အိပ်လျက်၊ တပ်သားတို့သည် ပတ်လည်၌ နေရာကျကြ၏။
26:6 ဒါဝိဒ်ကလည်း၊ ရှောလုရှိရာတပ်သို့ ငါနှင့်အတူ အဘယ်သူလိုက်မည်နည်းဟု ဟိတ္တိအမျိုးသား အဟိမလက်နှင့် ဇေရုယာ၏သား ယွာဘညီ အဘိရှဲတို့ကို မေးလျှင်၊ အဘိရှဲက ကျွန်တော်လိုက်ပါမည်ဟု လျှောက်သည်အတိုင်း၊
26:7 ဒါဝိဒ်နှင့် အဘိရှဲတို့သည် ညအခါ တပ်သားများရှိရာသို့သွား၍ ရှောလုသည် ရထားတပ်အလယ်၌ အိပ်ပျော်လျက်၊ လှံတော်သည် ခေါင်းရင်းအနား မြေ၌စိုက်လျက်၊ အာဗနာနှင့် တပ်သားများတို့သည် ပတ်လည်၌အိပ်လျက်ရှိကြ၏။
26:8 အဘိရှဲကလည်း၊ ဘုရားသခင်သည် ကိုယ်တော်၏ရန်သူကို ကိုယ်တော်လက်၌ ယနေ့အပ်တော်မူပြီ။ ထိုကြောင့် ကျွန်တော်သည် မြေတိုင်အောင် လှံနှင့် တစ်ချက်တည်းထိုးပါရစေဟု ကျွန်တော်တောင်းပန်ပါ၏။ နှစ်ချက်တိုင်အောင် မထိုးပါဟု ဒါဝိဒ်ကိုလျှောက်သော်လည်း၊
26:9 ဒါဝိဒ်ကသူ့ကို မပြုနှင့်။ ထာဝရဘုရားအခွင့်နှင့် ဘိသိက်ခံသောသူကို အဘယ်သူအပြစ်လွှတ်လျက် ထိခိုက်နိုင်သနည်းဟု အဘိရှဲအားပြန်ဆို၏။
26:10 တစ်ဖန် ဒါဝိဒ်က၊ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ ဒဏ်ခတ်တော်မူမည်။ သို့မဟုတ် သူသေချိန်ရောက်လိမ့်မည်။ သို့မဟုတ် စစ်တိုက်ရာ၌ အသက်ဆုံးလိမ့်မည်။
26:11 ထာဝရဘုရားပေးတော်မူသော ဘိသိက်ခံသူကို ငါမထိခိုက်မည်အကြောင်း ထာဝရဘုရား ဆီးတားတော်မူပါစေသော။ သို့ရာတွင် ခေါင်းရင်းတော်နားမှာရှိသော လှံတော်နှင့်ရေဘူးကို ယူ၍ သွားကြကုန်အံ့ဟု ဆိုလျက်၊
26:12 လှံတော်နှင့်ရေဘူးကို ရှောလုခေါင်းရင်းနားက ယူ၍သွားကြ၏။ အဘယ်သူမျှ မသိမမြင်၊ အဘယ်သူမျှ မနိုး၊ ကြီးစွာသောအိပ်ခြင်းဖြင့် ထာဝရဘုရား အိပ်စေတော်မူသောကြောင့်၊ ထိုသူအပေါင်းတို့သည် အိပ်ပျော်ကြ၏။
26:13 ထိုအခါဒါဝိဒ်သည် ကျယ်သောချိုင့် တစ်ဖက်သို့ကူး၍၊ ဝေးသော တောင်ထိပ်အပေါ်မှာရပ်လျက်၊
26:14 အိုအာဗနာ၊ သင်သည် မထူးသလောဟု လူများနှင့် နေရသားအာဗနာကို ဟစ်လေ၏။ အာဗနာက၊ ရှင်ဘုရင်ကို ဟစ်သောသင်ကား အဘယ်သူနည်းဟု ပြန်၍မေးလျှင်၊
26:15 ဒါဝိဒ်က၊ သင်သည်ယောက်ျားမဟုတ်လော။ ဣသရေလအမျိုး၌ သင်နှင့်အဘယ်သူ တူသနည်း။ သို့ဖြစ်၍ သင်၏သခင် ရှင်ဘုရင်ကို အဘယ်ကြောင့် မစောင့်သနည်း။ သင်၏သခင်ရှင်ဘုရင်ကို သတ်အံ့သောငှာ လူတစ်ယောက်ဝင်လေပြီ။
26:16 သင်ပြုသောအမှုသည် မလျောက်ပတ်။ ထာဝရဘုရားအခွင့်နှင့် ဘိသိက်ခံသော သင်၏သခင်ကို မစောင့်သောကြောင့်၊ ထာဝရဘုရားအသက်ရှင်တော်မူသည်အတိုင်း သင်သည် အသေခံထိုက်ပေ၏။ ခေါင်းရင်းတော်နားမှာထားသော ရှင်ဘုရင်၏လှံတော်နှင့် ရေဘူးတော်ရှိသည် မရှိသည်ကို ကြည့်ရှုလော့ဟု အာဗနာအားပြောဆို၏။
26:17 ရှောလုသည် ဒါဝိဒ်စကားသံကို သိ၍ ငါ့သားဒါဝိဒ်၊ ငါကြားသောစကားသံသည် သင့်စကားသံလောဟု မေးလျှင် ဒါဝိဒ်က ကျွန်တော်စကားသံ မှန်ပါ၏။ ကျွန်တော်သခင် အရှင်မင်းကြီးဟု လျှောက်လေ၏။
26:18 တစ်ဖန်ဒါဝိဒ်က၊ သခင်သည် ကိုယ်တော်ကျွန်ကို အဘယ်ကြောင့် ဤသို့လိုက်၍ရှာတော်မူသနည်း။ ကျွန်တော်သည် အဘယ်သို့ပြုပါသနည်း။ ကျွန်တော် အဘယ်အပြစ် ရှိပါသနည်း။
26:19 ယခုမှာ ကျွန်တော်သခင်ရှင်ဘုရင်၊ ကိုယ်တော်ကျွန်စကားကို နားညောင်းတော်မူပါ။ ထာဝရဘုရားသည် ကိုယ်တော်ကို ကျွန်တော်တစ်ဖက်၌ နှိုးဆော်တော်မူသည် မှန်လျှင်၊ ယဇ်ပူဇော်ခြင်းကိုလက်ခံတော်မူပါစေသော။ သို့မဟုတ် လူသားတို့ နှိုးဆော်သည်မှန်လျှင်၊ ထာဝရဘုရားရှေ့တော်၌ ကျိန်ခြင်းကို ခံကြပါစေသော။ အကြောင်းမူကား၊ သူတို့က သွားတော့။ အခြားတစ်ပါးသော ဘုရားတို့ကိုဝတ်ပြုတော့ဟု ဆိုလျက် ကျွန်တော်ကို ထာဝရဘုရား၏အမွေတော်မြေ၌ မနေစေခြင်းငှာ ယနေ့ပင် နှင်ထုတ်ကြပါသည်တကား။
26:20 သို့ဖြစ်၍ ကျွန်တော်အသွေးသည် ထာဝရဘုရားရှေ့တော်၌ မြေသို့မကျပါစေနှင့်။ အကြောင်းမူကား၊ လူသည် ငုံးကို တောင်ပေါ်မှာ လိုက်၍ရှာသကဲ့သို့ ဣသရေလရှင်ဘုရင်သည် ခွေးလှေးကိုရှာခြင်းငှာ ထွက်တော်မူပါပြီတကားဟု လျှောက်ဆို၏။
26:21 ရှောလုကလည်း ငါပြစ်မှားပါပြီ။ ငါ့သားဒါဝိဒ် ပြန်လာပါ။ သင်သည် ယနေ့ငါ့အသက်ကို နှမြောသောကြောင့်၊ နောက်တစ်ဖန် သင့်ကိုငါမညှဉ်းဆဲ။ ငါသည်လူမိုက်ဖြစ်၏။ အလွန်မှားယွင်းပြီဟု ဆိုသော်၊
26:22 ဒါဝိဒ်က၊ ရှင်ဘုရင်လှံတော်ရှိပါ၏။ လုလင်တစ်ယောက်လာ၍ ယူစေတော်မူပါ။
26:23 လူအသီးအသီးတို့သည် ဖြောင့်မတ်ခြင်း၊ သစ္စာစောင့်ခြင်းရှိသည်အတိုင်း၊ ထာဝရဘုရားသည် အကျိုးကို ဆပ်ပေးတော်မူပါစေသော။ ထာဝရဘုရားသည် ယနေ့ ကိုယ်တော်ကို ကျွန်တော်လက်၌ အပ်တော်မူသော်လည်း ထာဝရဘုရားပေးတော်မူသော ဘိသိက်ခံသူကို ကျွန်တော်မထိမခိုက်ပါ။
26:24 ယနေ့ ကိုယ်တော်အသက်ကို ကျွန်တော်နှမြောသည်နည်းတူ ကျွန်တော်အသက်ကို ထာဝရဘုရားနှမြော၍ ကျွန်တော်ကို ခပ်သိမ်းသောဒုက္ခထဲက ကယ်နုတ်တော်မူပါစေသောဟု ပြန်လျှောက်လျှင်၊
26:25 ရှောလုက၊ ငါ့သားဒါဝိဒ်၊ သင်သည် မင်္ဂလာရှိပါစေသော။ ပြုလေရာရာ၌ အောင်မြင်ပါစေသောဟု ဒါဝိဒ်အားဆိုပြီးမှ ဒါဝိဒ်သည် ထွက်သွား၍ ရှောလုသည်လည်း မိမိနေရာသို့ပြန်လေ၏။