1 Samuel 27
27:1 တစ်ဖန်ဒါဝိဒ်က၊ ငါသည် ရှောလုလက်ဖြင့် ဆုံးရှုံးရသော အချိန်ရောက်လိမ့်မည်။ သို့ဖြစ်၍ ဖိလိတ္တိပြည်သို့ အလျင်အမြန် ပြေးကောင်း၏။ သည်ထက်ကောင်းသောအရာမရှိ။ သို့ပြုလျှင် ရှောလုသည် ဣသရေလပြည်နယ်တွင် ငါ့ကို ရှာ၍မတွေ့နိုင်ကြောင်းကို သိလျက်၊ အားလျော့၍ သူ့လက်မှ ငါလွတ်လိမ့်မည်ဟု အကြံရှိသည်အတိုင်း၊
27:2 မိမိ၌ပါသော လူခြောက်ရာနှင့်တကွ ထ၍ ဂါသမင်းမောခသား အာခိတ်ထံသို့ ကူးသွားကြ၏။
27:3 ဒါဝိဒ်နှင့် သူ၏လူများတို့သည် အသီးအသီး မိမိသားမယားပါလျက် ဂါသမြို့၊ အာခိတ်မင်းထံမှာ နေကြ၏။ ဒါဝိဒ်မယားနှစ်ယောက်၊ ယေဇရေလမြို့သူ အဟိနောင်နှင့် နာဗလမယား၊ ကရမေလမြို့သူ အဘိဂဲလပါသတည်း။
27:4 ဒါဝိဒ်သည် ဂါသမြို့သို့ ပြေးသွားကြောင်းကို ရှောလုသည်ကြား၍ နောက်တစ်ဖန် မလိုက်မရှာဘဲ နေ၏။
27:5 ဒါဝိဒ်သည် အာခိတ်မင်းထံသို့ဝင်၍၊ ကျွန်တော်သည် ရှေ့တော်၌မျက်နှာရသည်မှန်လျှင် ကျွန်တော်နေစရာ တောရွာတစ်ရွာကို သနားတော်မူပါ။ ကိုယ်တော်ကျွန်သည် မြို့တော်၌ ကိုယ်တော်နှင့်အတူ အဘယ်ကြောင့် နေရပါသနည်းဟု လျှောက်လေသော်၊
27:6 ထိုနေ့၌ အာခိတ်မင်းသည် ဇိကလတ်မြို့ကိုပေး၏။ ထိုကြောင့် ယနေ့တိုင်အောင် ယုဒရှင်ဘုရင်တို့သည် ဇိကလတ်မြို့ကို ပိုင်ကြ၏။
27:7 ဒါဝိဒ်သည် ဖိလိတ္တိပြည်၌နေသော နေ့ရက်ပေါင်းကား တစ်နှစ်နှင့်လေးလ စေ့သတည်း။
27:8 တစ်ရံရောအခါ ဒါဝိဒ်နှင့်သူ၏လူတို့သည် သွား၍ ဂေရှုရိလူ၊ ဂေရဇိလူ၊ အာမလက်လူတို့ကို တိုက်ကြ၏၊၊ ထိုလူမျိုးတို့သည် ရှေးကာလ၌ ရှုရမြို့လမ်းမှစ၍ အဲဂုတ္တုပြည်တိုင်အောင် အမြဲနေသောသူ ဖြစ်သတည်း။
27:9 ထိုပြည်ကို ဒါဝိဒ်သည်လုပ်ကြံ၍ ယောက်ျားမိန်းမ တစ်စုံတစ်ယောက်ကိုမျှ အသက်ချမ်းသာမပေး။ သိုး၊ နွား၊ မြည်း၊ ကုလားအုတ်၊ အဝတ်တန်ဆာတို့ကို သိမ်းယူ၍ အာခိတ်မင်းထံသို့ ပြန်သွားလေ၏။
27:10 အာခိတ်မင်းက၊ သင်တို့သည် ယနေ့ အဘယ်အရပ်သို့သွား၍ တိုက်သနည်းဟု မေးသော်၊ ဒါဝိဒ်က၊ ယုဒပြည်တောင်ဘက်၊ ယေရမေလပြည်တောင်ဘက်၊ ကေနိပြည်တောင်ဘက်သို့ သွား၍ တိုက်ပါသည်ဟု လျှောက်၏။
27:11 ထိုသို့ ဒါဝိဒ်ပြုပြီဟု ဂါသမြို့သို့လာ၍ သတင်းကြားပြောမည့်သူ မရှိစေခြင်းငှာ ယောက်ျားမိန်းမ တစ်စုံတစ်ယောက်ကိုမျှ အသက်ချမ်းသာမပေး။ ဒါဝိဒ်သည် ဖိလိတ္တိပြည်၌နေသော ကာလပတ်လုံး ထိုသို့ပြုလေ့ရှိ၏။
27:12 အာခိတ်မင်းက၊ ဒါဝိဒ်သည် မိမိကို မိမိလူမျိုး အလွန်စက်ဆုပ် ရွံရှာသည်တိုင်အောင် ပြုပြီ။ သို့ဖြစ်၍ ငါ့ထံ၌ အစဉ်ကျွန်ခံလိမ့်မည်ဟု ဒါဝိဒ်စကားကိုယုံလျက်ဆို၏။