1 Samuel 28
28:1 ထိုကာလ၌ ဖိလိတ္တိလူတို့သည်၊ ဣသရေလအမျိုးကို စစ်တိုက်အံ့သောငှာ ဗိုလ်ခြေများကို စုဝေးကြ၏။ အာခိတ်မင်းကလည်း၊ သင်သည် လူများပါလျက် ငါနှင့်လိုက်၍ စစ်တိုက်သွားရမည်ကို ဆက်ဆက်သဘောကျလော့ဟု ဒါဝိဒ်အားဆိုလျှင်၊
28:2 ဒါဝိဒ်က၊ အကယ်စင်စစ် ကိုယ်တော်ကျွန်သည် အဘယ်သို့ပြုနိုင်သည်ကို ကိုယ်တော်သည် သိတော်မူလိမ့်မည်ဟု လျှောက်သော်၊ အာခိတ်မင်းက၊ သို့ဖြစ်၍သင့်ကို ငါ့အသက်စောင့် ဗိုလ်ချုပ်အရာ၌ ငါခန့်ထားမည်ဟုပြန်ပြော၏။
28:3 ထိုကာလ၌ ရှမွေလမရှိ၊ သေလွန်ပြီ။ ဣသရေလအမျိုးသားအပေါင်းတို့သည် ငိုကြွေးမြည်တမ်းခြင်းကို ပြုလျက်၊ သူ့ကို သူနေရင်းရာမမြို့၌ သင်္ဂြိုဟ်ကြပြီ။ ရှောလုသည် စုန်းနှင့် နတ်ဝင်အပေါင်းတို့ကို တစ်ပြည်လုံးတွင် သုတ်သင်ပယ်ရှင်းနှင့်ပြီ။
28:4 ထိုအခါ ဖိလိတ္တိလူတို့သည် စုဝေး၍ ရှုနင်မြို့မှာ တပ်ချကြ၏။ ရှောလုသည်လည်း ဣသရလအမျိုးသားအပေါင်းတို့ကို စုဝေးစေ၍ သူတို့သည် ဂိလဗောမြို့မှာ တပ်ချကြ၏။
28:5 ရှောလုသည် ဖိလိတ္တိလူအလုံးအရင်းကိုမြင်သောအခါ ကြောက်၍ အလွန်တုန်လှုပ်သော စိတ်နှလုံးရှိ၏။
28:6 ထာဝရဘုရားကို မေးလျှောက်သော်လည်း ထာဝရဘုရားသည် ထူးတော်မမူ။ အိပ်မက်အားဖြင့်လည်းကောင်း၊ ဥရိမ်အားဖြင့်လည်းကောင်း၊ ပရောဖက်အားဖြင့်လည်းကောင်း ထူးတော်မမူ။
28:7 ထိုအခါ ရှောလုက၊ နတ်ဝင်မိန်းမကို ရှာကြလော့။ ငါသွား၍မေးမြန်းမည်ဟု ကျွန်တို့အား ဆိုသည်အတိုင်း၊ ကျွန်တို့က အင်္ဒေါရမြို့မှာ နတ်ဝင်မိန်းမတစ်ယောက်ရှိပါ၏ဟု လျှောက်သော်၊
28:8 ရှောလုသည် အဝတ်လဲ၍ ထူးခြားသော အယောင်ကိုဆောင်လျက်၊ ညအခါ လူနှစ်ယောက်နှင့်တကွ ထိုမိန်းမဆီသို့သွား၍ ရောက်ပြီးလျှင်၊ သင်ပေါင်းသောနတ်ကိုအမှီပြု၍ သင့်အားငါပြောမည့်သူကို ဖော်ပါလော့ဟု တောင်းပန်လေ၏။
28:9 မိန်းမကလည်း၊ ရှောလုပြုသောအမှု၊ စုန်းနှင့်နတ်ဝင်တို့ကို တစ်ပြည်လုံးတွင် သုတ်သင်ဖယ်ရှင်းသော အမှုကို သင်သည်သိလျက်နှင့် ငါ့ကိုသေစေခြင်းငှာ အဘယ်ကြောင့် ငါ့အသက်ကို ကျော့စမ်းသနည်းဟု ပြန်ပြောသော်၊
28:10 ရှောလုက၊ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ ဤအမှုကြောင့် အဘယ်အပြစ်မျှ မရောက်ရဟု ထာဝရဘုရားကိုတိုင်တည်၍ ကျိန်ဆိုလေ၏။
28:11 မိန်းမကလည်း၊ အဘယ်သူကို ငါဖော်ရမည်နည်းဟု မေးလျှင်၊ ရှောလုက၊ ရှမွေလကိုဖော်ပါဟု ဆို၏။
28:12 မိန်းမသည် ရှမွေလကိုမြင်သောအခါ ကြီးသောအသံနှင့် အော်ဟစ်၍၊ ကိုယ်တော်သည် ကျွန်မကို အဘယ်ကြောင့် လှည့်စားသနည်း။ ကိုယ်တော်သည် ရှောလုဖြစ်ပါ၏ဟု ရှောလုအားဆိုလျှင်၊
28:13 ရှင်ဘုရင်က မစိုးရိမ်နှင့်။ အဘယ်အရာကို မြင်သနည်းဟု မေးသော်၊ မိန်းမက၊ မြေကြီးထဲက ဘုရားတက်လာသည်ကို ကျွန်မမြင်ပါသည်ဟု လျှောက်၏။
28:14 အဘယ်သို့သော အယောင်ဆောင်သနည်းဟု မေးပြန်သော်၊ လူအိုတက်လာပါ၏။ ဝတ်လုံခြုံလျက်ရှိပါ၏ဟု လျှောက်ပြန်လျှင်၊ ရှမွေလဖြစ်ကြောင်းကို ရှောလုသည်ရိပ်မိ၍ မြေပေါ်မှာ ဦးညွှတ်ပျပ်ဝပ်လျက်နေ၏။
28:15 ရှမွေလကလည်း၊ သင်သည် ငါ့ကိုနှောင့်ယှက်လျက် အဘယ်ကြောင့်ဖော်သနည်းဟု ရှောလုကို မေးသော်၊ ရှောလုက၊ အကျွန်ုပ်သည် အလွန်ဆင်းရဲခြင်းသို့ ရောက်ပါပြီ။ ဖိလိတ္တိလူတို့သည် စစ်တိုက်ကြပါ၏။ ဘုရားသခင်သည် အကျွန်ုပ်ကို စွန့်တော်မူပြီ။ ပရောဖက်အားဖြင့် ထူးတော်မမူ။ အိပ်မက်အားဖြင့် ထူးတော်မမူ။ အကျွန်ုပ်သည် အဘယ်သို့ပြုရမည်ကို၊ ကိုယ်တော်ပြစေခြင်းငှာ ကိုယ်တော်ကို အကျွန်ုပ်ခေါ်ပါပြီဟု ပြောဆို၏။
28:16 ရှမွေလကလည်း၊ ထာဝရဘုရားသည် သင့်ကိုစွန့်၍ သင့်ရန်ဘက်ဖြစ်တော်မူသည်မှန်လျှင်၊ ငါ့ကို အဘယ်ကြောင့် မေးမြန်းသေးသနည်း။
28:17 ထာဝရဘုရားသည် ငါ့အားဖြင့် မိန့်တော်မူသည်အတိုင်း သင်၌ပြုတော်မူပြီ။ ထာဝရဘုရားသည် ဤနိုင်ငံကို သင့်လက်မှနုတ်၍၊ သင့်အိမ်နီးချင်း ဒါဝိဒ်အားပေးတော်မူပြီ။
28:18 အကြောင်းမူကား၊ သင်သည် ထာဝရဘုရား၏စကားတော်ကို နားမထောင်။ ပြင်းစွာသောအမျက်ကို အာမလက်အမျိုး၌ မစီရင်သောကြောင့်၊ ထာဝရဘုရားသည် ဤအမှုကို ယနေ့ သင်၌ရောက်စေတော်မူပြီ။
28:19 ထိုမှတစ်ပါး သင်နှင့် ဣသရေလအမျိုးကို ဖိလိတ္တိလူတို့လက်၌ အပ်တော်မူမည်။ နက်ဖြန်နေ့ သင်နှင့် သင်၏သားတို့သည် ငါနှင့်အတူရှိလိမ့်မည်။ ထာဝရဘုရားသည် ဣသရေလလူ အလုံးအရင်းကို ဖိလိတ္တိလူတို့လက်၌ အပ်တော်မူမည်ဟု ဆို၏။
28:20 ထိုအခါ ရှောလုသည် မြေပေါ်မှာ အလျားပျပ်ဝပ်လဲနေ၍၊ ရှမွေလစကားကြောင့် အလွန်ကြောက်ရွံ့၏။ တစ်နေ့နှင့် တစ်ညလုံး အဘယ်အစာကိုမျှ မစားဘဲနေသောကြောင့် အားကုန်ပြီ။
28:21 ထိုမိန်းမသည်လာ၍ ရှောလု အလွန်စိတ်ညစ်သည်ကို မြင်လျှင်၊ ကိုယ်တော်ကျွန်မသည် ကိုယ်တော်စကားကို နားထောင်ပါပြီ။ ကိုယ်အသက်ကို မနှမြောဘဲ ကိုယ်တော်မိန့်တော်မူသော စကားကို နားထောင်ပါပြီ။
28:22 သို့ဖြစ်၍ ယခုကိုယ်တော် ကျွန်မ၏စကားကို နားထောင်တော်မူပါ။ စားစရာအနည်းငယ်ကို ရှေ့တော်၌တင်ပါရစေ။ ကိုယ်တော်ကြွသွားသောအခါ အားပြည့်စေခြင်းငှာ စားတော်ခေါ်ပါဟု လျှောက်သော်လည်း၊
28:23 ရှောလုက ငါမစားဟု ငြင်းပယ်လေ၏။ သို့ရာတွင် ကျွန်တို့သည် မိန်းမနှင့်ဝိုင်း၍ အနိုင်ပြုကြသဖြင့်၊ ရှောလုသည် သူတို့စကားကို နားထောင်၍ မြေပေါ်ကထပြီးလျှင် ခုတင်ပေါ်မှာ ထိုင်လေ၏။
28:24 ထိုမိန်းမသည် မိမိအိမ်၌ ဆူအောင်ကျွေးသော နွားကလေးတစ်ကောင် ရှိသည်ဖြစ်၍ အလျင်အမြန် သတ်လေ၏။ မုန့်ညက်ကိုလည်းယူ၍ နယ်သဖြင့်၊ တဆေးမဲ့မုန့်ကို ဖုတ်ပြီးမှ၊
28:25 ရှောလုနှင့် ကျွန်များတို့ရှေ့၌ တင်လေ၏။ သူတို့သည်စား၍ ထိုညတွင် ထသွားကြ၏။