Lamentations 3
3:1 ငါသည်ဘုရားသခင်၏အပြစ်ဒဏ်ခတ်ခြင်း ဆိုသည်မှာ ဘယ်သို့ဖြစ်သည်ကိုသိရသောသူဖြစ်ပါ၏။
3:2 ကိုယ်တော်သည်ငါ့ကိုပို၍ပို၍မှောင်မိုက်သော နေရာထဲသို့ရောက်ရှိစေတော်မူလျက်၊
3:3 သနားကရုဏာကင်းမဲ့စွာအကြိမ်ကြိမ် အဖန်ဖန်ရိုက်နှက်တော်မူပါ၏။
3:4 ကိုယ်တော်သည်ငါ၏အသားကိုကွဲပြဲစေကာ အရိုးတို့ကိုချိုး၍ထားတော်မူပါ၏။
3:5 ငါ့အားစိတ်ဆင်းရဲမှုပူဆွေးဒုက္ခရောက်မှုတို့ဖြင့် ချုပ်နှောင်ထားတော်မူပါ၏။
3:6 ကိုယ်တော်သည်ငါ့ကိုကြာရှည်စွာဒုက္ခ မှောင်မိုက်တွင်နေစေတော်မူပါ၏။
3:7 ငါ့ကိုသံကြိုးများနှင့်ချည်နှောင်ထားတော်မူ ပါ၏။ ငါသည်အကျဉ်းသားဖြစ်၍ ငါလွတ်မြောက်ရန်လမ်းမရှိ။
3:8 ကူမတော်မူရန်ငါဟစ်အော်ပါသော်လည်း ဘုရားသခင်သည်နားထောင်တော်မမူ။
3:9 ငါသည်လမ်းလျှောက်သောအခါ ယိမ်းယိုင်လျက်နေပါ၏။ ငါလှည့်လိုက်သည့်အခါတိုင်း၌ ကျောက်နံရံများပိတ်လျက်ရှိပါ၏။
3:10 ကိုယ်တော်သည်ဝက်ဝံသဖွယ်ငါ့အားချောင်း မြောင်းကာ ခြင်္သေ့ကဲ့သို့ခုန်အုပ်တော်မူပါ၏။
3:11 လမ်းနံဘေးတွင်ငါ့ကိုလိုက်လံဖမ်းဆီးပြီးလျှင် အပိုင်းပိုင်းဆွဲဖြတ်ကာစွန့်ပစ်ထားတော်မူပါ၏။
3:12 ကိုယ်တော်သည်လေးတော်ကိုတင်၍ငါ့အား ပစ်မှတ်အဖြစ်အသုံးပြုတော်မူပါ၏။
3:13 ကိုယ်တော်သည်မြားတော်တို့ကိုငါ၏ ကိုယ်ခန္ဓာအတွင်းသို့ပစ်လွှတ်တော်မူပါ၏။
3:14 လူတို့သည်တစ်နေကုန်တစ်နေခန်းငါ့ကို ပြက်ရယ်ပြုကြပါ၏။ ငါသည်လူများအတွက်ရယ်စရာဖြစ်၍ နေတော့၏။
3:15 ကိုယ်တော်သည်ငါ့အားပြင်းထန်သော ဝေဒနာကိုအစာရေစာအဖြစ်တိုက်ကျွေး တော်မူပါ၏။
3:16 ကိုယ်တော်သည်ငါ၏မျက်နှာကိုမြေပြင်နှင့် ပွတ်တိုက်တော်မူ၍ ငါ၏သွားတို့ကိုကျောက်ပေါ်တွင်ချိုးတော်မူပါ၏။
3:17 ငါသည်ကျန်းမာပျော်ရွှင်မှုနှင့်ငြိမ်းချမ်း သာယာမှုကိုမေ့ပျောက်၍သွားလေပြီ။
3:18 ငါသည်ကြာကြာအသက်ရှင်ရတော့မည် မဟုတ်ပါ။ ထာဝရဘုရားထံတော်မှငါမျှော်လင့်စရာလည်း မရှိတော့ပါ။
3:19 ငါခံရသည့်ဝေဒနာနှင့်ငါအိုးမဲ့အိမ်မဲ့ ဖြစ်ရမှုကို စဉ်းစားဆင်ခြင်ရသည်မှာ ဆိုးရွားသည့်အဆိပ်ကိုမျိုရသည်နှင့် တူတော့၏။
3:20 ယင်းသို့အခါတလဲလဲဆင်ခြင်၍ ငါ၏စိတ်ကိုညှိုးငယ်စေပါ၏။
3:21 သို့ရာတွင်မျှော်လင့်ချက်ကိုပြန်လည်ရရှိစေသည့် အချက်မှာအောက်ပါတို့ကိုသတိရခြင်းဖြစ်သည်။
3:22 ထာဝရဘုရား၏မကုန်ဆုံးနိုင်သောမေတ္တာ တော်နှင့် ကရုဏာတော်သည် မိုးသောက်ချိန်ကဲ့သို့လန်းဆန်းလျက်၊ နေထွက်ချိန် ကဲ့သို့ဧကန်မုချတည်မြဲ၍နေတော်မူသေးသည်။
3:24 ထာဝရဘုရားသည်ငါ့အဖို့ဖြစ်သဖြင့် ငါသည်ကိုယ်တော်ကိုမျှော်ကိုးပါ၏။
3:25 ထာဝရဘုရားသည်မိမိအားယုံကြည်ကိုးစား သူမှန်သမျှကိုကျေးဇူးပြုတော်မူတတ်၏။
3:26 သို့ဖြစ်၍ငါတို့ကိုကယ်တော်မူရန်ကိုယ်တော်အား သည်းခံစောင့်မျှော်နေခြင်းသည်ငါတို့အဖို့ အကောင်းဆုံးပင်ဖြစ်ပါ၏။
3:27 ယင်းသို့သည်းခံစောင့်မျှော်မှုကို အသက်ပျိုရွယ်စဉ်အခါကလေ့ကျက် ခြင်းသည် အကောင်းဆုံးပင်ဖြစ်ပါ၏။
3:28 ငါတို့ဒုက္ခရောက်ချိန်၌သည်းခံလျက် တိတ်ဆိတ်စွာတစ်ကိုယ်တည်းထိုင်နေရကြမည်။
3:29 မျှော်လင့်ဖွယ်ရှိကောင်းရှိဦးမည်ဖြစ်၍ငါတို့သည် ဝန်ခံလျက်မြေသို့ခေါင်းငုံ့သင့်ကြ၏။
3:30 ရိုက်နှက်စော်ကားမှုကိုခံရသော်လည်း နားလည်လက်ခံသင့်ကြ၏။
3:31 ထာဝရဘုရားသည်သနားတတ်သော ကြောင့် ငါတို့အားထာဝစဉ်ပင်ပစ်ပယ်တော်မူလိမ့် မည်မဟုတ်။
3:32 ကိုယ်တော်သည်ငါတို့အားဝမ်းနည်းကြေကွဲခြင်းကို ပေးသော်လည်း ငါတို့အပေါ်၌ကိုယ်တော်ထားရှိတော်မူသော သနားညှာတာမှုနှင့်မေတ္တာတော်ကား ကြီးမားတော်မူပါပေသည်။
3:33 ကိုယ်တော်သည်ငါတို့အားဝမ်းနည်းကြေကွဲစေ၍ ဝေဒနာခံစားစေသော်လည်းနှစ်မြို့တော်မမူပါ။
3:34 ငါတို့သည်ထောင်ထဲတွင်အကျဉ်းခံရ၍ စိတ်ကျိုးပဲ့ကြေမွလျက်ရှိသောအခါ ကိုယ်တော်သိတော်မူပါ၏။
3:35 ကိုယ်တော်သည်မိမိပေးထားသည့်ရပိုင်ခွင့် များကို ငါတို့ဆုံးရှုံးရကြသောအခါ၌လည်း သိတော်မူပါ၏။
3:36 ရုံးတော်တွင်တရားစီရင်မှုဖောက်လွဲဖောက် ပြန် ဖြစ်သောအခါလည်း ကိုယ်တော်သိတော်မူပါ၏။
3:37 ထာဝရဘုရား၏အလိုတော်အရသာလျှင် အကောင်အထည်ဖော်ရပါ၏။
3:38 အကောင်းနှင့်အဆိုးသည်ကိုယ်တော်၏ အမိန့်တော်အရဖြစ်ပျက်ရပါ၏။
3:39 ငါတို့သည်မိမိတို့အပြစ်အတွက် ဒဏ်ခတ်ခြင်းခံရကြသောအခါ အဘယ်ကြောင့်ညည်းတွားရကြပါမည်နည်း။
3:40 ငါတို့သည်မိမိတို့လမ်းစဉ်ကိုစစ်ဆေးကာ ထာဝရဘုရားထံတော်သို့ပြန်လာကြ ကုန်အံ့။
3:41 ကောင်းကင်ဘုံ၌ရှိတော်မူသောဘုရားသခင် အား ငါတို့စိတ်နှလုံးကိုဖွင့်လျက် အောက်ပါပတ္ထနာကိုပြုကြကုန်အံ့။
3:42 ``ကျွန်တော်မျိုးတို့သည်အပြစ်ကူးခဲ့ကြ ပါပြီ။ ပုန်ကန်ခဲ့ကြပါပြီ။ အို ထာဝရဘုရားကိုယ်တော်ရှင်သည်လည်း ကျွန်တော်မျိုးတို့၏အပြစ်များကို ဖြေလွှတ်တော်မမူခဲ့ပါ။
3:43 ``ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား လိုက်လံဖမ်းဆီး၍ကွပ်မျက်တော်မူပါ၏။ ကျွန်တော်မျိုးတို့၏ဆုတောင်းပတ္ထနာများ သည် ထူထပ်သောအမျက်တော်တိမ်တိုက်ကို တိုး၍မပေါက်နိုင်ပါ။
3:45 ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား ကမ္ဘာ့အလယ်တွင်အညစ်အကြေးအမှိုက်ပုံ ဖြစ်စေတော်မူပါပြီ။
3:46 ``ကျွန်တော်မျိုးတို့သည်ရန်သူများ၏စော်ကား ပြောင်လှောင်မှုကိုခံရကြပါ၏။
3:47 ပျက်စီးယိုယွင်းမှုနှင့်ကြုံတွေ့ခဲ့ရကြပါပြီ။ ကျွန်တော်မျိုးတို့သည်အဆီးအတားနှင့် ကြောက်ရွံ့မှုတို့ဖြင့်အသက်ရှင်ရပါ၏။
3:48 ကျွန်တော်မျိုးတို့၏အမျိုးသားများဆုံးပါး ပျက်စီးမှုကြောင့် ကျွန်တော်မျိုး၏မျက်စိများမှမျက်ရည်တို့သည် မြစ်များသဖွယ်စီးဆင်း၍လာပါ၏။
3:49 ``ထာဝရဘုရားသည်ကောင်းကင်ဘုံမှငါ တို့အား ကြည့်တော်မူ၍မြင်တော်မူသည်တိုင်အောင် ငါ၏မျက်ရည်များသည်မရပ်မနားစီးလျက် နေပါလိမ့်မည်။
3:51 မိမိ၏မြို့မှအမျိုးသမီးများ၏အဖြစ်ဆိုး ကြောင့် ကျွန်တော်မျိုး၏စိတ်နှလုံးကြေကွဲ၍နေပါ၏။
3:52 ကျွန်တော်မျိုးကိုမုန်းရန်အကြောင်းမရှိပါ ဘဲလျက် ရန်သူများသည်ကျွန်တော်မျိုးအားငှက်သဖွယ် ကျော့ကွင်းထောင်ကြပါ၏။
3:53 သူတို့သည်ကျွန်တော်မျိုးအားအရှင်လတ်လတ် တွင်းထဲသို့ပစ်ချကာကျောက်တုံးနှင့် တွင်းဝကိုပိတ်ကြပါ၏။
3:54 မိမိ၏အပေါ်သို့ရေများဖုံးလွှမ်းလာသဖြင့် ကျွန်တော်မျိုးသည်သေရပေတော့အံ့ဟု ထင်မှတ်မိပါ၏။
3:55 ``အို ထာဝရဘုရားတွင်းထဲမှနေ၍ ကျွန်တော်မျိုးသည် ကိုယ်တော်ရှင်အားဟစ်ခေါ်ပါ၏။
3:56 ဤသို့ဟစ်ခေါ်သံကိုနားထောင်တော်မူရန် ကျွန်တော်မျိုးပန်ကြားလျှောက်ထားသောအခါ ကိုယ်တော်ရှင်ကြားတော်မူသည်ဖြစ်၍
3:57 ကျွန်တော်မျိုးအား`မကြောက်နှင့်' ဟုပြန်လည် ဖြေကြားတော်မူပါ၏။
3:58 အို ထာဝရဘုရားကိုယ်တော်ရှင်သည် ကျွန်တော်မျိုးအားကူမရန်ကြွလာတော်မူ၍ ကယ်တင်တော်မူပါ၏။
3:59 ကျွန်တော်မျိုးခံရသည့်မတရားမှုများကို ကိုယ်တော်ရှင်သိတော်မူပါ၏။ စီရင်ပေးတော်မူပါ။
3:60 ရန်သူများသည်ကျွန်တော်မျိုးအားအဘယ်မျှ မုန်းကြသည်ကိုလည်းကောင်း၊ ကျွန်တော်မျိုးအားဆန့်ကျင်၍အဘယ်သို့ လျှို့ဝှက်ကြံစည်ကြသည်ကိုလည်းကောင်း ကိုယ်တော်ရှင်သိတော်မူပါ၏။
3:61 ``ကိုယ်တော်ရှင်သည်ထိုသူတို့ကျွန်တော်မျိုး အား စော်ကားကြသည်ကိုကြားတော်မူ၍ သူတို့၏လျှို့ဝှက်သောအကြံအစည် မှန်သမျှကိုလည်းသိတော်မူပါ၏။
3:62 သူတို့သည်တစ်နေကုန်တစ်နေခန်း ကျွန်တော်မျိုး အကြောင်းကိုပြောဆိုလျက် မိမိတို့အကြံအစည်များကိုပြုလုပ်ကြပါ၏။
3:63 မိုးလင်းမှမိုးချုပ်တိုင်အောင်ကျွန်တော်မျိုးကို ပြက်ရယ်ပြုကြပါ၏။
3:64 ``အို ထာဝရဘုရားသူတို့အားမိမိတို့ ပြုကျင့်ခဲ့သည့်အမှုများအတွက်ဒဏ် ခတ်တော်မူပါ။
3:65 သူတို့အားကျိန်ဆဲတော်မူ၍စိတ်ဋ္ဌာတ် ကျဆင်းစေတော်မူပါ။
3:66 သူတို့ကိုလိုက်လံဖမ်းဆီးတော်မူ၍ ကမ္ဘာမြေပေါ်မှ အကုန်အစင်သုတ်သင်ပယ်ရှင်းတော်မူပါ။''