Psalms 115
115:1 အကျွန်ုပ်တို့၌မဟုတ်ဘဲ၊ အို ထာဝရဘုရား၊ အကျွန်ုပ်တို့၌မဟုတ်ဘဲ ကိုယ်တော်၏နာမတော်၌သာ ကိုယ်တော်၏မေတ္တာကရုဏာတော်နှင့် ကိုယ်တော်၏သမ္မာတရားကြောင့် ဘုန်းအသရေရှိပါစေသော။
115:2 လူမျိုးခြားတို့က “သူတို့၏ဘုရားသခင်သည် အဘယ်မှာရှိသနည်း”ဟု အဘယ်ကြောင့် ဆိုကြသနည်း။
115:3 ငါတို့၏ဘုရားသခင်သည် ကောင်းကင်ဘုံ၌ရှိတော်မူ၏။ ကိုယ်တော်သည် အလိုတော်ရှိသမျှအတိုင်း ပြုတော်မူ၏။
115:4 သူတို့၏ရုပ်တုများမူကား ရွှေ၊ ငွေဖြစ်ကြပြီး လူ့လက်ဖြင့်ပြုလုပ်သောအရာများဖြစ်ကြ၏။
115:5 ၎င်းတို့သည် နှုတ်ရှိသော်လည်း စကားမပြောနိုင်ကြ။ မျက်စိရှိသော်လည်း မမြင်နိုင်ကြ။
115:6 နားရှိသော်လည်း မကြားနိုင်ကြ။ နှာခေါင်းရှိသော်လည်း အနံ့ခံ၍မရနိုင်ကြ။
115:7 လက်ရှိသော်လည်း မထိမကိုင်နိုင်ကြ။ ခြေရှိသော်လည်း လမ်းမလျှောက်နိုင်ကြ။ ၎င်းတို့၏လည်ချောင်းဖြင့်လည်း အသံမပြုနိုင်ကြ။
115:8 ၎င်းတို့ကို ပြုလုပ်သောသူနှင့် ယုံကြည်ကိုးစားသောသူအပေါင်းတို့သည် ၎င်းတို့ကဲ့သို့ဖြစ်လာကြလိမ့်မည်။
115:9 အို အစ္စရေးလူမျိုးတို့၊ ထာဝရဘုရားကို ယုံကြည်ကိုးစားကြလော့။ ကိုယ်တော်သည် ထိုလူမျိုးတို့ကို ကူညီမစသောအရှင်၊ သူတို့၏ဒိုင်းလွှားဖြစ်တော်မူ၏။
115:10 အို အာရုန်၏အမျိုးအနွယ်တို့၊ ထာဝရဘုရားကို ယုံကြည်ကိုးစားကြလော့။ ကိုယ်တော်သည် ထိုအမျိုးအနွယ်တို့ကို ကူညီမစသောအရှင်၊ သူတို့၏ဒိုင်းလွှားဖြစ်တော်မူ၏။
115:11 ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့၊ ထာဝရဘုရားကို ယုံကြည်ကိုးစားကြလော့။ ကိုယ်တော်သည် ထိုသို့သောသူတို့ကို ကူညီမစသောအရှင်၊ သူတို့၏ဒိုင်းလွှားဖြစ်တော်မူ၏။
115:12 ထာဝရဘုရားသည် ငါတို့ကို အောက်မေ့၍ ကောင်းချီးပေးတော်မူမည်။ အစ္စရေးအမျိုးအနွယ်ကို ကောင်းချီးပေးတော်မူမည်။ အာရုန်၏အမျိုးအနွယ်ကို ကောင်းချီးပေးတော်မူမည်။
115:13 ထာဝရဘုရားကိုကြောက်ရွံ့သောသူ အကြီးအငယ်တို့ကို ကောင်းချီးပေးတော်မူမည်။
115:14 ထာဝရဘုရားသည် သင်တို့ကိုလည်းကောင်း၊ သင်တို့မှစ၍ သင်တို့၏သားသမီးတို့ကိုလည်းကောင်း တိုးပွားစေတော်မူပါစေသော။
115:15 သင်တို့သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသောထာဝရဘုရားထံတော်မှ ကောင်းချီးမင်္ဂလာခံစားရပါစေသော။
115:16 ကောင်းကင်သည် ထာဝရဘုရား၏ကောင်းကင်ဖြစ်၏။ ကမ္ဘာမြေကြီးကိုကား လူသားတို့အား ပေးတော်မူ၏။
115:17 သေလွန်သောသူ၊ ဆိတ်ငြိမ်ရာအရပ်ထဲသို့ ဆင်းသွားသောသူတစ်စုံတစ်ဦးမျှ ထာဝရဘုရားကို မချီးမွမ်းကြပေ။
115:18 ငါတို့မူကား ထာဝရဘုရားကို ယခုမှစ၍ကာလအစဉ်အဆက် ကောင်းချီးထောမနာပြုကြမည်။ ဟာလေလုယ။