Psalms 116
116:1 ထာဝရဘုရားသည် ငါ၏အသံ၊ ငါ၏အသနားခံခြင်းကို နားညောင်းတော်မူသောကြောင့် ငါသည် ကိုယ်တော်ကို ချစ်၏။
116:2 ကိုယ်တော်သည် ငါ့ကို ဂရုစိုက်နားထောင်တော်မူသောကြောင့် ငါသည် အသက်ရှင်နေသရွေ့ ကိုယ်တော်ကိုခေါ်မည်။
116:3 သေခြင်း၏နှောင်ကြိုးတို့သည် ငါ့ကိုရစ်ပတ်၍ မရဏာနိုင်ငံ၏ပြင်းပြသောဝေဒနာတို့သည် ငါ့အပေါ်ကျရောက်ကြ၏။ ငါသည် ဆင်းရဲဒုက္ခနှင့်ဝမ်းနည်းခြင်းကိုတွေ့ကြုံရ၏။
116:4 ထိုအခါ ငါသည် “အို ထာဝရဘုရား၊ အကျွန်ုပ်၏စိတ်ဝိညာဉ်ကို လွတ်မြောက်စေတော်မူပါ”ဟု ထာဝရဘုရား၏နာမတော်ကို ခေါ်၍တောင်းလျှောက်၏။
116:5 ထာဝရဘုရားသည် ကျေးဇူးပြုတတ်သောသဘော၊ ဖြောင့်မတ်သောသဘောရှိတော်မူ၏။ ငါတို့၏ဘုရားသခင်သည် သနားစုံမက်တော်မူတတ်၏။
116:6 ထာဝရဘုရားသည် အသိဉာဏ်နည်းပါးသောသူတို့ကို စောင့်ရှောက်တော်မူ၏။ ငါသည် အခြေအနေနိမ့်ပါးလျက်ရှိသောအခါ ကိုယ်တော်သည် ငါ့ကိုကယ်တင်တော်မူ၏။
116:7 အို ငါ၏စိတ်ဝိညာဉ်၊ သင်၏ငြိမ်ဝပ်ရာအရပ်သို့ပြန်လာလော့။ အကြောင်းမူကား ထာဝရဘုရားသည် သင့်ကိုကျေးဇူးပြုတော်မူပြီ။
116:8 အကယ်စင်စစ် ကိုယ်တော်သည် အကျွန်ုပ်၏စိတ်ဝိညာဉ်ကို သေခြင်းမှလည်းကောင်း၊ အကျွန်ုပ်၏မျက်စိကို ငိုကြွေးခြင်းမှလည်းကောင်း၊ အကျွန်ုပ်၏ခြေကို ခလုတ်တိုက်ခြင်းမှလည်းကောင်း လွတ်မြောက်စေတော်မူပြီ။
116:9 ငါသည် အသက်ရှင်သောသူတို့၏ပြည်၌ ထာဝရဘုရား၏ရှေ့မှောက်တွင် အသက်ရှင်လျှောက်လှမ်းမည်။
116:10 “ငါသည် ဒုက္ခဝေဒနာများစွာခံစားရ၏”ဟု ပြောစဉ်ပင် ငါ၌ယုံကြည်ခြင်းရှိ၏။
116:11 “လူအပေါင်းတို့သည် လိမ်လည်သောသူများသာဖြစ်ကြ၏”ဟု ငါအလန့်တကြားပြောဆိုမိ၏။
116:12 ငါ့အပေါ် ထာဝရဘုရားပြုတော်မူသော ကျေးဇူးအပေါင်းတို့အတွက် ကိုယ်တော်ကို ငါမည်သို့ပြန်ဆပ်နိုင်မည်နည်း။
116:13 ငါသည် ကယ်တင်ခြင်းခွက်ဖလားကိုမြှောက်၍ ထာဝရဘုရား၏နာမတော်ကို ခေါ်မည်။
116:14 ထာဝရဘုရားထံပြုထားသော ငါ၏ကတိသစ္စာများကို ကိုယ်တော်၏လူမျိုးတော်အားလုံးရှေ့၌ ငါပြည့်စုံစေမည်။
116:15 ထာဝရဘုရား၏ရှေ့တော်၌ မိမိသန့်ရှင်းသူတို့၏သေဆုံးခြင်းသည် အဖိုးတန်လှ၏။
116:16 အို ထာဝရဘုရား၊ အကယ်စင်စစ် အကျွန်ုပ်သည် ကိုယ်တော်၏အစေအပါးဖြစ်ပါ၏။ အကျွန်ုပ်သည် ကိုယ်တော်၏အစေအပါး၊ ကိုယ်တော့်ကျွန်မ၏သားဖြစ်ပါ၏။ ကိုယ်တော်သည် အကျွန်ုပ်ခံရသော အချည်အနှောင်များမှ ကျွန်ုပ်ကိုလွတ်မြောက်စေတော်မူပြီ။
116:17 အကျွန်ုပ်သည် ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်ကို ရှေ့တော်၌ပူဇော်၍ ထာဝရဘုရား၏နာမတော်ကို ခေါ်ပါမည်။
116:18 ထာဝရဘုရားထံပြုထားသော ငါ၏ကတိသစ္စာများကို ကိုယ်တော်၏လူမျိုးတော်အားလုံးရှေ့၌လည်းကောင်း၊
116:19 ထာဝရဘုရား၏အိမ်တော်ဝင်း၌လည်းကောင်း၊ အို ဂျေရုဆလင်မြို့၊ သင်၏အလယ်၌လည်းကောင်း ငါပြည့်စုံစေမည်။ ဟာလေလုယ။