Acts 3
3:1 တစ်ခါက ပေတရုနှင့်ယောဟန်တို့သည် ဆုတောင်းပတ္ထနာပြုချိန်ဖြစ်သည့် မွန်းလွဲသုံးနာရီ တွင် ဗိမာန်တော်သို့တက်သွားကြ၏။
3:2 ထိုစဉ် လူတို့သည် အမိဝမ်းတွင်းကပင် ခြေမသန်စွမ်းသူတစ်ဦးကို ထမ်းလာကြ၏။ သူသည် ဗိမာန်တော်ထဲသို့ဝင်သောသူတို့ထံမှ ပေးကမ်းစွန့်ကြဲခြင်းကိုတောင်းခံရန်အတွက် လူတို့သည် သူ့ကို တင့်တယ်ဟုခေါ်သော ဗိမာန်တော်တံခါးအနီးတွင် နေ့တိုင်းချထားလေ့ရှိကြ၏။
3:3 ထိုသူသည် ပေတရုနှင့်ယောဟန်တို့ ဗိမာန်တော်ထဲသို့ဝင်မည်ပြုသည်ကိုမြင်သောအခါ ပေးကမ်းစွန့်ကြဲရန်တောင်းခံလေ၏။
3:4 ပေတရုသည် ယောဟန်နှင့်အတူ သူ့ကိုစေ့စေ့ကြည့်လျက် “ငါတို့ကိုကြည့်ပါ”ဟု ဆို၏။
3:5 ထိုသူသည်လည်း သူတို့ထံမှ တစ်စုံတစ်ခုရမည်ဟုမျှော်လင့်၍ သူတို့ကို အာရုံစိုက်လျက်နေ၏။
3:6 ထိုအခါ ပေတရုက “ငါ၌ ရွှေ၊ ငွေမရှိ။ သို့သော် ရှိသည့်အရာကို သင့်အား ငါပေးမည်။ နာဇရက်မြို့သားယေရှုခရစ်တော်၏နာမတော်၌ ထ၍ လမ်းလျှောက်လော့”ဟု ဆိုလျက်
3:7 ထိုသူ၏လက်ယာလက်ကိုဆုပ်ကိုင်၍ ထူမလိုက်ရာ သူ၏ခြေနှင့်ခြေကျင်းဝတ်တို့သည် ချက်ချင်းသန်မာလာသဖြင့်
3:8 သူသည် ထခုန်လျက်မတ်တတ်ရပ်ကာ လမ်းလျှောက်လေ၏။ ထို့နောက် လမ်းလျှောက်လျက်၊ ခုန်ပေါက်လျက်၊ ဘုရားသခင်ကိုချီးမွမ်းလျက် တမန်တော်တို့နှင့်အတူ ဗိမာန်တော်ထဲသို့ဝင်လေ၏။
3:9 ထိုအခါ လူအပေါင်းတို့သည် လမ်းလျှောက်လျက် ဘုရားသခင်ကိုချီးမွမ်းနေသော ထိုသူကိုမြင်၍
3:10 သူသည် ပေးကမ်းစွန့်ကြဲခြင်းကိုခံရန် ဗိမာန်တော်၏တင့်တယ်တံခါးနားတွင် ထိုင်လေ့ရှိသူဖြစ်ကြောင်း မှတ်မိကြသဖြင့် ထိုသူ၌ဖြစ်ပျက်သည့်အမှုအရာအတွက် အလွန်အံ့သြ၍မိန်းမောတွေဝေကြ၏။
3:11 ထိုသူသည် ပေတရုနှင့်ယောဟန်တို့ကို ဖက်ထားလျက်နေစဉ် လူအပေါင်းတို့သည် အလွန်အံ့ဩ၍ ရှောလမုန်မုခ်ဆောင်ဟုခေါ်သည့်နေရာ၌ရှိသော သူတို့ထံသို့ ပြေးလာကြ၏။
3:12 ပေတရုသည် ဤအခြင်းအရာကိုမြင်လျှင် “အစ္စရေးအမျိုးသားတို့၊ အဘယ်ကြောင့် ဤအမှုအရာကို အံ့သြကြသနည်း။ ထို့ပြင် ငါတို့သည် မိမိတို့တန်ခိုး၊ မိမိတို့အကျင့်သီလအားဖြင့် ဤသူလမ်းလျှောက်နိုင်ရန် လုပ်ပေးဘိသကဲ့သို့ အဘယ်ကြောင့် ငါတို့ကို စေ့စေ့ကြည့်နေကြသနည်း။
3:13 အာဗြဟံ၏ဘုရား၊ ဣဇက်၏ဘုရား၊ ယာကုပ်၏ဘုရား၊ ငါတို့ဘိုးဘေးများ၏ဘုရားသည် မိမိအမှုဆောင်ယေရှု၏ဘုန်းတော်ကို ထင်ရှားစေတော်မူပြီ။ သင်တို့သည် ထိုအရှင်ကို ဖမ်းဆီးအပ်နှံ၍ သူ့ကိုလွှတ်ပေးမည်ဟုဆုံးဖြတ်ထားသောပိလတ်မင်းရှေ့၌ ငြင်းပယ်ကြ၏။
3:14 သင်တို့သည် သန့်ရှင်း၍ဖြောင့်မတ်သောအရှင်ကိုငြင်းပယ်ပြီး သင်တို့အတွက် လူသတ်သမားကိုလွှတ်ပေးရန် တောင်းဆိုကြကာ
3:15 အသက်ပေးပိုင်သောအရှင်ကိုမူ သင်တို့ကွပ်မျက်ကြ၏။ သို့သော် ဘုရားသခင်သည် ထိုအရှင်ကို သေသောသူတို့ထဲမှ ထမြောက်စေတော်မူ၏။ ငါတို့သည် ဤအမှုအရာ၏သက်သေများဖြစ်ကြ၏။
3:16 ထိုအရှင်၏နာမတော်သည် ယခုသင်တို့မြင်၍ သင်တို့သိသောဤသူအား ထိုနာမတော်ကိုယုံကြည်ခြင်းအားဖြင့် သန်စွမ်းစေပြီး ထိုအရှင်အားဖြင့် ရရှိသောယုံကြည်ခြင်းသည် သင်တို့အားလုံးရှေ့၌ သူ့ကို ပကတိစုံလင်ခြင်းပေးလေ၏။
3:17 သို့ဖြစ်၍ ညီအစ်ကိုတို့၊ သင်တို့သည် သင်တို့၏အကြီးအကဲများနည်းတူ မသိနားမလည်သောကြောင့် ထိုသို့ပြုခဲ့ကြသည်ကို ငါသိ၏။
3:18 သို့သော် ဘုရားသခင်သည် မိမိ၏ခရစ်တော်ဒုက္ခဝေဒနာခံစားရမည်ဟု ပရောဖက်အပေါင်းတို့၏နှုတ်အားဖြင့် ကြိုတင်ဖော်ပြထားသောအရာတို့ကို ထိုသို့ပြည့်စုံစေတော်မူ၏။
3:19 ထို့ကြောင့် သင်တို့၏အပြစ်များ ပယ်ဖျက်ခြင်းခံရစေရန် နောင်တရလျက် ပြောင်းလဲကြလော့။
3:20 ဤသည်ကား ထာဝရဘုရားထံတော်မှ နှစ်သိမ့်လန်းဆန်းရာအချိန်အခါများကျရောက်လာ၍ သင်တို့အတွက် ကြိုတင်ခန့်ထားတော်မူသည့် ခရစ်တော်တည်းဟူသောယေရှုကို စေလွှတ်တော်မူရန်ဖြစ်၏။
3:21 ရှေးကာလမှစ၍ မိမိ၏သန့်ရှင်းသောပရောဖက်တို့၏နှုတ်အားဖြင့် ဘုရားသခင်မိန့်တော်မူခဲ့သည့်အရာတည်းဟူသော အလုံးစုံတို့ကို မူလအတိုင်းပြန်ဖြစ်စေမည့်ကာလများတိုင်အောင် ကောင်းကင်သည် ထိုအရှင်ကိုလက်ခံထားရမည်။
3:22 မောရှေကလည်း ‘သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့၏ညီအစ်ကိုများထဲမှ ငါနှင့်တူသောပရောဖက်တစ်ပါးကို သင်တို့အတွက်ပေါ်ထွန်းစေတော်မူလိမ့်မည်။ သင်တို့အား ထိုသူပြောသမျှတို့ကို သင်တို့နားထောင်ကြရမည်။
3:23 ထိုပရောဖက်၏စကားကို နားမထောင်သောသူရှိသမျှသည် လူမျိုးတော်ထဲမှ ဖယ်ရှားဖျက်ဆီးခြင်းခံရလိမ့်မည်’ ဟု ဆိုထား၏။
3:24 ရှမွေလမှစ၍ သူ့နောက်မှ အဆက်ဆက်ပေါ်ထွန်းသောပရောဖက်ရှိသမျှတို့သည်လည်း ဤနေ့ရက်ကာလအကြောင်းကို ဟောပြောလျက်ကြေညာကြ၏။
3:25 သင်တို့သည် ပရောဖက်တို့၏သားမြေးများဖြစ်ကြသည်သာမက ဘုရားသခင်သည် အာဗြဟံအား ‘ကမ္ဘာပေါ်ရှိလူမျိုးစုအပေါင်းတို့သည် သင်၏အမျိုးအနွယ်အားဖြင့် ကောင်းချီးမင်္ဂလာခံစားရလိမ့်မည်’ ဟု မိန့်တော်မူလျက် သင်တို့၏ဘိုးဘေးများနှင့်ပြုခဲ့သော ပဋိညာဉ်၏သားမြေးများလည်းဖြစ်ကြ၏။
3:26 ဘုရားသခင်သည် သင်တို့တစ်ဦးစီ၏ဆိုးညစ်သောအကျင့်ကိုဖယ်ရှား၍ သင်တို့ကိုကောင်းချီးပေးတော်မူရန် မိမိ၏အမှုဆောင်ကို ပေါ်ထွန်းစေလျက် သူ့ကို သင်တို့ထံသို့ဦးစွာစေလွှတ်တော်မူ၏”ဟု လူတို့အားဆိုလေ၏။