Acts 4
4:1 ပေတရုနှင့်ယောဟန်တို့သည် လူတို့အားဟောပြောလျက်နေကြစဉ် ယဇ်ပုရောဟိတ်များ၊ ဗိမာန်တော်အစောင့်တပ်မှူးနှင့် ဇဒ္ဒုကဲတို့သည် သူတို့ထံသို့ရောက်လာကြ၏။
4:2 တမန်တော်တို့သည် ယေရှုကိုအကြောင်းပြုလျက် သေသောသူတို့ထဲမှ ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို လူတို့အား သွန်သင်ဟောပြောနေကြသောကြောင့် ထိုသူတို့သည် စိတ်အနှောင့်အယှက်ဖြစ်လျက်
4:3 တမန်တော်တို့ကိုဖမ်းဆီးကာ မိုးချုပ်ပြီဖြစ်သဖြင့် နောက်တစ်နေ့တိုင်အောင် အချုပ်ထောင်ထဲ၌ထည့်ထားကြ၏။
4:4 သို့သော် နှုတ်ကပတ်တရားကို ကြားနာသူများစွာတို့သည် ယုံကြည်ကြရာ ယောက်ျားအရေအတွက် ငါးထောင်ခန့်မျှဖြစ်လာလေ၏။
4:5 နောက်တစ်နေ့၌ သူတို့၏အကြီးအကဲများ၊ သက်ကြီးဝါကြီးများနှင့် ကျမ်းပြုဆရာများသည် ဂျေရုဆလင်မြို့၌စုဝေးကြ၏။
4:6 ယဇ်ပုရောဟိတ်မင်းအန္နတ်၊ ကယာဖ၊ ယောဟန်၊ အလက်ဇန္ဒြားမှစ၍ ယဇ်ပုရောဟိတ်မင်းမျိုးရှိသမျှတို့လည်းပါဝင်ကြ၏။
4:7 သူတို့သည် ပေတရုနှင့်ယောဟန်တို့ကို အားလုံးရှေ့၌ရပ်စေပြီးလျှင် “သင်တို့သည် မည်သည့်အာဏာ၊ မည်သည့်နာမဖြင့် ဤအမှုကို ပြုကြသနည်း”ဟု မေးမြန်းကြ၏။
4:8 ထိုအခါ ပေတရုသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝလျက် “လူတို့၏အကြီးအကဲများနှင့် သက်ကြီးဝါကြီးများတို့ ၊
4:9 ယနေ့ အကျွန်ုပ်တို့သည် အားနည်းသောသူတစ်ဦးအပေါ် ကောင်းကျိုးပြုခဲ့သည့်အကြောင်းနှင့်ပတ်သက်၍လည်းကောင်း၊ ဤသူသည် မည်ကဲ့သို့ အကောင်းပကတိဖြစ်လာသနည်းဟူသည့်အကြောင်းနှင့်ပတ်သက်၍လည်းကောင်း စစ်ဆေးခြင်းခံရသည်ဆိုလျှင်
4:10 သင်တို့အားလုံးနှင့် အစ္စရေးလူမျိုးအပေါင်းတို့အား သိမှတ်စေလိုသည်မှာ လက်ဝါးကပ်တိုင်ပေါ်၌ သင်တို့တင်ခဲ့သော်လည်း သေသောသူတို့ထဲမှ ဘုရားသခင်ထမြောက်စေတော်မူသော နာဇရက်မြို့သားယေရှုခရစ်တော်၏နာမတော်အားဖြင့် ဤသူသည် သင်တို့ရှေ့တွင် အကောင်းပကတိဖြစ်လျက်ရပ်နေ၏။
4:11 ထိုအရှင်သည် တိုက်ဆောက်သူများတည်းဟူသောသင်တို့က ပယ်ထားသော်လည်း ထိပ်ဆုံးထောင့်ချုပ်ကျောက်ဖြစ်လာသောကျောက်ဖြစ်၏။
4:12 ကယ်တင်ခြင်းသည် အခြားမည်သူ၌မျှမရှိ။ အကြောင်းမူကား ထိုနာမမှတစ်ပါး ငါတို့အားကယ်တင်မည့်အခြားသောနာမကို ကောင်းကင်အောက် လူတို့၌ပေးအပ်ထားခြင်းမရှိ”ဟု သူတို့အားဆိုလေ၏။
4:13 ထိုသူတို့သည် ပေတရုနှင့်ယောဟန်တို့၏ရဲရင့်ခြင်းကိုမြင်၍ သူတို့နှစ်ဦးသည် ပညာမတတ်သော သာမန်လူများဖြစ်ကြောင်းသတိထားမိသဖြင့် အံ့သြကြလေ၏။ သူတို့နှစ်ဦးသည် ယေရှုနှင့်အတူရှိခဲ့ကြကြောင်းကိုလည်း မှတ်မိကြ၏။
4:14 ထို့ပြင် အကောင်းပကတိဖြစ်လာသောသူသည် သူတို့နှင့်အတူရပ်နေသည်ကိုမြင်နေရသဖြင့် မည်သို့မျှငြင်းခုံပြောဆို၍မရနိုင်ကြချေ။
4:15 ထိုအခါ သူတို့သည် တမန်တော်တို့ကို တရားလွှတ်တော်ရုံးအပြင်သို့ထွက်ရန်အမိန့်ပေးပြီးလျှင် အချင်းချင်းဆွေးနွေးလျက်
4:16 “ဤသူတို့ကို မည်သို့ပြုကြမည်နည်း။ အကြောင်းမူကား သူတို့အားဖြင့် သိသာထင်ရှားသောနိမိတ်လက္ခဏာဖြစ်ပျက်ခဲ့သည်ကို ဂျေရုဆလင်မြို့၌နေထိုင်သူအားလုံးသိရှိကြသည်ဖြစ်၍ ငါတို့ငြင်းဆို၍မရနိုင်။
4:17 သို့သော် ဤအကြောင်းသည် လူတို့ထံ ပို၍ပျံ့နှံ့မသွားစေရန် ဤနာမကိုအမှီပြုလျက် နောက်တစ်ဖန် မည်သူ့ကိုမျှမဟောပြောရမည့်အကြောင်း သူတို့ကိုခြိမ်းခြောက်ကြစို့”ဟု ဆိုကြ၏။
4:18 ထို့နောက် တမန်တော်တို့ကိုခေါ်၍ ယေရှု၏နာမကိုအမှီပြုလျက် ဟောပြောခြင်းကိုဖြစ်စေ၊ သွန်သင်ခြင်းကိုဖြစ်စေ လုံးဝမပြုရန် အမိန့်ပေးကြ၏။
4:19 သို့သော် ပေတရုနှင့်ယောဟန်တို့က “ဘုရားသခင်၏စကားတော်ထက် သင်တို့၏စကားကို ပို၍နားထောင်ခြင်းသည် ဘုရားသခင်ရှေ့တော်၌ မှန်၊ မမှန် သင်တို့ဆုံးဖြတ်ကြလော့။
4:20 အကျွန်ုပ်တို့သည် မိမိတို့ကြားရ၊ မြင်ရသောအရာတို့ကို မဟောပြောဘဲမနေနိုင်”ဟု သူတို့အား ပြန်ပြောကြ၏။
4:21 လူအားလုံးတို့သည် ဖြစ်ပျက်ခဲ့သောအမှုအရာအတွက် ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းနေကြသည်ဖြစ်၍ ထိုလူတို့ကြောင့် တမန်တော်တို့အား အပြစ်ဒဏ်ပေးနိုင်မည့်နည်းလမ်းကို ရှာမတွေ့သဖြင့် သူတို့သည် တမန်တော်တို့ကို ထပ်မံခြိမ်းခြောက်ပြီးလျှင် ပြန်လွှတ်လိုက်ကြ၏။
4:22 ဤနိမိတ်လက္ခဏာအားဖြင့် အကောင်းပကတိဖြစ်လာသောသူသည် အသက်လေးဆယ်ကျော်ရှိ၏။
4:23 တမန်တော်တို့သည် လွတ်လာကြသောအခါ မိမိတို့အပေါင်းအဖော်များရှိရာသို့ ပြန်လာ၍ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် သက်ကြီးဝါကြီးများက မိမိတို့အားပြောသမျှတို့ကို ပြန်ပြောပြကြ၏။
4:24 ထိုသူတို့သည်လည်း ကြားကြလျှင် တညီတညွတ်တည်းဖြင့် ဘုရားသခင်ထံ အသံကိုလွှင့်၍ “စိုးပိုင်တော်မူသောအရှင်၊ ကိုယ်တော်သည် ကောင်းကင်၊ မြေကြီးနှင့် ပင်လယ်သမုဒ္ဒရာမှစ၍ ၎င်းတို့၌ရှိသမျှတို့ကို ဖန်ဆင်းတော်မူသောအရှင်ဖြစ်ပါ၏။
4:25 ကိုယ်တော်သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် အကျွန်ုပ်တို့၏ဘိုးဘေးဖြစ်သော ကိုယ်တော်၏အစေခံဒါဝိဒ်၏နှုတ်မှတစ်ဆင့် ‘တိုင်းနိုင်ငံတို့သည် အဘယ်ကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ကြသနည်း။ လူတို့သည်လည်း အဘယ်ကြောင့် အချည်းနှီးသောအရာများကိုကြံစည်ကြသနည်း။
4:26 ကမ္ဘာမြေကြီး၏ရှင်ဘုရင်တို့သည် ထကြ၍ အုပ်ချုပ်သူတို့သည် အတူတကွစုဝေးကြကာ ထာဝရဘုရားနှင့် ကိုယ်တော်၏ခရစ်တော်ကို ဆန့်ကျင်ကြ၏’ ဟု မိန့်တော်မူခဲ့၏။
4:27 အမှန်ပင် ဟေရုဒ်နှင့်ပုန္တိပိလတ်တို့သည် လူမျိုးခြားမှစ၍ အစ္စရေးလူမျိုးတို့နှင့်ပေါင်းဖော်ပြီး ကိုယ်တော်ဘိသိက်ပေးတော်မူသည့် ကိုယ်တော်၏သန့်ရှင်းသောအမှုဆောင်ယေရှုကို ဆန့်ကျင်လျက် ဤမြို့တွင်စုဝေးကြကာ
4:28 ကိုယ်တော်၏လက်တော်နှင့်အကြံအစည်တော်တို့အားဖြင့် ဖြစ်ပျက်လာရန်ကြိုတင်သတ်မှတ်ထားသမျှသောအရာတို့ကို ပြုခဲ့ကြပါပြီ။
4:29 ထာဝရဘုရား၊ ယခု သူတို့၏ခြိမ်းခြောက်မှုများကို သတိမူလျက် ကိုယ်တော်၏အစေအပါးတို့အား နှုတ်ကပတ်တရားကိုရဲရင့်ခြင်းအပြည့်အဝဖြင့်ဟောပြောရသောအခွင့်ကိုပေးတော်မူပါ။
4:30 တစ်ချိန်တည်းမှာပင် အနာရောဂါများကိုငြိမ်းစေရန် ကိုယ်တော်၏လက်တော်ကိုဆန့်တန်း၍ ကိုယ်တော်၏သန့်ရှင်းသောအမှုဆောင်ယေရှု၏နာမတော်ဖြင့် နိမိတ်လက္ခဏာများနှင့် အံ့ဩဖွယ်ရာများကိုပြုခွင့်ပေးတော်မူပါ”ဟု ဆုတောင်းကြ၏။
4:31 ထိုသို့ သူတို့ဆုတောင်းပြီးသောအခါ သူတို့စုဝေးနေကြသောနေရာသည် တုန်လှုပ်၍ သူတို့အားလုံးသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝလျက် ဘုရားသခင်၏နှုတ်ကပတ်တရားကို ရဲရင့်စွာဟောပြောကြ၏။
4:32 ယုံကြည်သူတို့၏အစုအဝေးသည် တစ်စိတ်တစ်သဘောတည်းရှိကြ၍ မည်သူတစ်ဦးတစ်ယောက်ကမျှ မိမိဥစ္စာပစ္စည်းများကို မိမိပိုင်ဆိုင်သည်ဟုမဆိုဘဲ ရှိသမျှသောအရာတို့ကို စုပေါင်းပိုင်ဆိုင်သောအရာအဖြစ်ထားကြ၏။
4:33 တမန်တော်တို့သည် သခင်ယေရှု၏ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ကြီးစွာသောတန်ခိုးဖြင့် သက်သေခံကြ၍ ကြီးမားသောကျေးဇူးတော်သည် သူတို့အားလုံးအပေါ်သို့ သက်ရောက်လေ၏။
4:34 သူတို့ထဲတွင် ဆင်းရဲချို့တဲ့သူတစ်ယောက်မျှမရှိပေ။ အကြောင်းမူကား မြေကွက်၊ သို့မဟုတ် အိမ်ရာတို့ကို ပိုင်ဆိုင်သောသူရှိသမျှတို့သည် ၎င်းတို့ကိုရောင်းပြီးလျှင် ရရှိသောငွေများကို ယူဆောင်လာကာ
4:35 တမန်တော်တို့၏ခြေရင်း၌ထား၍ တစ်ဦးချင်းစီ၌ လိုအပ်မှုရှိသည့်အတိုင်း အသီးသီးတို့အား ခွဲဝေပေးကြ၏။
4:36 နှစ်သိမ့်ခြင်း၏သားဟူသောအဓိပ္ပာယ်ရှိသည့် ဗာနဗဟု တမန်တော်တို့ခေါ်ကြသော ဆိုက်ပရပ်ကျွန်းသား လေဝိအနွယ်ဝင် ယောသပ်သည်
4:37 မိမိပိုင်ဆိုင်သောမြေယာကိုရောင်းပြီးလျှင် ငွေကိုယူဆောင်လာကာ တမန်တော်တို့၏ခြေရင်း၌ထားလေ၏။